ရန်ကုန် – ၂၀၂၃ စက်တင်ဘာ ၁ (မော်ကွန်း)
NCA စာချုပ် လက်မှတ်ရေးထိုးခြင်း ရှစ်နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားကျင်းပဖို့ စစ်ကောင်စီနဲ့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင်ငါးဖွဲ့တို့ ပြီးခဲ့တဲ့သီတင်းပတ်က နေပြည်တော်မှာဆွေးနွေးနေတယ်လို့ အဆိုပါအပစ်ရပ်အဖွဲ့တွေဆီကသိရပါတယ်။
စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ NCA လက်မှတ်ထိုး လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA(PC) ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNLO/PNLA) အဖွဲ့တို့ တွေ့ဆုံခဲ့ကြတာပါ။
အဲ့ဒီတွေ့ဆုံမှုမှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်လိုတဲ့အချက်တွေ၊ ပါတီစုံအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးနဲ့ တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာ လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်ရေးကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြတယ်လို့ အဆိုပါအပစ်ရပ်ငါးဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် အောက်တိုဘာလမှာ NCA ရှစ်နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ကျင်းပဖို့ ကော်မတီတစ်ရပ်ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့ NCA လက်မှတ်ထိုးထားတဲ့ အပစ်ရပ် ငါးဖွဲ့ရဲ့ကိုယ်စားပြောဆိုခွင့်ရှိသူဖြစ်တဲ့ ဒေါ်စောမြရာဇာလင်းက မော်ကွန်းကိုပြောပါတယ်။
အဲ့ဒီနေ့မှာ ပြုလုပ်မယ့် နှစ်ပတ်လည်အခမ်းအနားကို နိုင်ငံရေးအရ အဓိပ္ပါယ်ပြည့်ဝစွာနဲ့ ကျင်းပဖို့ စီစဉ်နေတယ်လို့ သူကပြောပါတယ်။
နိုင်ငံရေးအရ အဓိပ္ပါယ်ပြည့်ဝတဲ့ဆွေးနွေးပွဲဆိုတာရဲ့အဓိပ္ပါယ်ကို မေးမြန်းရာမှာတော့ ထုတ်ပြောဖို့စောသေးတယ်လို့ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။
“အဲ့ဒါကို ကော်မတီဖွဲ့ပြီးတော့လေ ဆွေးနွေးဖို့ရှိပါတယ်။ အခုလောလောဆယ်ကတော့ တစ်လလောက်လိုသေးတော့ အသေးစိတ်တော့ပြောဖို့မရှိဘူး။ ဒါပေမယ့် အဓိပ္ပါယ်ပြည့်ဝတဲ့ဆွေးနွေးပွဲ ဖြစ်ဖို့ကိုတော့ EAOs တွေက တင်ပြထားတာရှိပါတယ်” လို့ ၎င်းကပြောပါ။
NCA အပစ်ရပ် သဘောတူစာချုပ်ကို သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ အောက်တိုဘာ ၁၅ ရက်မှာ စတင်ချုပ်ဆိုခဲ့တာပါ။
စစ်ကောင်စီက အာဏာသိမ်းလိုက်ပြီးနောက်ပိုင်းမှာ NCA နှစ်ပတ်လည် ခြောက်နှစ်ပြည့်နဲ့ ခုနှစ်နှစ်ပြည့် အခမ်းအနားတွေကို နှစ်ကြိမ်ကျင်းပထားပါတယ်။
NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ ရှိပေမယ့် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်းမှာတော့ NCA လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေထဲက ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) စတဲ့အဖွဲ့တွေကတော့ NCA လမ်းကြောင်းကို ကျောခိုင်းကာ နွေဦးတော်လှန်ရေးမှာ PDF တပ်ဖွဲ့တွေနဲ့အတူ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေပါတယ်။
ဒါ့အပြင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နဲ့ မွန်ပြည်သစ်ပါတီ (NMSP) တို့ကတော့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ရောက်မှုတွေကို ဆိုင်းငံ့ထားပါတယ်။
ပုံစာ – စစ်ကောင်စီနဲ့ အပစ်ရပ်ငါးဖွဲ့ ဆွေးနွေးနေစဉ်
Photo – Myawady
#Dailynews

