ရန်ကုန် – ၂၀၂၅ ဇွန် ၁၆ (မော်ကွန်း)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တအာန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ဒီနေ့မနက်ပိုင်းထိ သုံးရက်ဆက်တိုက် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ၎င်းဒေသခံတချို့က ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ TNLA သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့ကို ဒီလဆန်းပိုင်းကစပြီး နောင်ချို-တောင်ခမ်းလမ်းပိုင်းကနေ စတင်ထိုးဆင်လာတာပါ။
အကွာအဝေး ၁၅ မိုင်ခန့်ပဲရှိတဲ့ နောင်ချို – တောင်ခမ်း ကားလမ်းရဲ့ အလယ်က ကံကြီးရွာအနီးမှာ တိုက်ပွဲတွေပြင်းထန်နေပြီး ဒီမနက်ထိ တိုက်ပွဲဖြစ်နေတယ်လို့ မြေပြင်အခြေအနေကိုသိတဲ့ နောင်ချိုဒေသခံတစ်ဦးက ပြောပါတယ်။
“ နောင်ချိုမြို့ပေါ်ကနေ လက်နက်ကြီးသံတွေ တစ်နေကုန်ကြားရတယ်။ အခုဖြစ်နေတာ ကံကြီးနားမှာလို့ ကြားတယ်။ ကံကြီးရွာလွန်ရင် နောင်ချိုနဲ့တော်တော်ကပ်သွားပြီ” လို့ ၎င်းဒေသခံက ပြောပါတယ်။
လက်ရှိမှာ နောင်ချိုမြို့ပေါ်က ဒေသခံတချို့လည်း မြို့ပေါ်ထိ တိုက်ပွဲဖြစ်ပွားလာနိုင်တဲ့ အခြေအနေတွေကြောင့် ကြိုတင်တိမ်းရှောင်နေကြပြီဖြစ်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းကနေ စစ်ကောင်စီရဲ့ စစ်တက္ကသိုလ်ရှိရာ ပြင်ဦးလွင်ရဲ့ဝင်ပေါက်ဖြစ်တဲ့ နောင်ချိုမြို့ကို ပြီးခဲ့တဲ့နှစ် ဇူလိုင်မှာ TNLA နဲ့ ပူးပေါင်းတပ်တွေဟာ စစ်ကောင်စီလက်ထဲကနေ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တာပါ။
ပြီးခဲ့တဲ့လပိုင်းမှာ စစ်ကောင်စီတပ်ဟာ သူတို့တပ်ကို အင်အားပြန်လည်ဖြည့်တင်းထားတဲ့ စစ်မှုထမ်းသင်တန်းဆင်းအသစ်တွေနဲ့အတူ နောင်ချိုကို ပြန်လည်ထိုးစစ်ဆင်လာတာပါ။
၎င်းထိုးစစ်ကြောင့် TNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ နောင်ချိုမြို့နယ်ထဲက ၎င်းတို့ထိန်းချုပ်ထားတဲ့ တပ်စခန်းတချို့ကို ဒီလဆန်းပိုင်းမှာ လက်လွှတ်ပေးခဲ့ရပါတယ်။
မနေ့ကတော့ နောင်ချိုမြို့နယ်ထဲက အုမ္မတီး၊ ရေမောင်းတန်းနဲ့ လက်ပန်ကုန်းရွာတွေမှာ စစ်ကောင်စီနဲ့ TNLA တပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဟာ လက်နက်ကြီး၊ ဒရုန်းတွေအပြင် အဆိပ်ငွေ့ဗုံးတွေ အသုံးပြုခဲ့တယ်လို့ TNLA သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့နှစ်ရက်ကလည်း နောင်ချိုအဝင်က ရွှေသွန်း၊ ပိန္နဲကုန်း၊ သရက်ကုန်းနဲ့ လက်ပန်ရွာတွေမှာ စစ်ကောင်စီနဲ့ TNLA တို့ တိုက်ပွဲတွေဖြစ်ခဲ့ပြီး ၎င်းတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဟာ လက်နက်ကြီးနဲ့ ဒရုန်းဗုံး အလုံး ၁၀၀ ကျော်ထိ ပစ်ကူပေးပြီး တိုက်ခိုက်ခဲ့တယ်လို့ TNLA က ပြောပါတယ်။
ဒါ့အပြင် လက်ရှိ ငလျင်ဒဏ်သင့်ကာလအတွင်း ညီနောင်မဟာမိတ်သုံးဖွဲ့က တစ်ဖက်သတ်အပစ်ရပ်ကြေညာထားတာကို စစ်ကောင်စီကအခွင့်ကောင်းယူပြီး အဆက်မပြတ် ထိုးစစ်ဆင်နေတယ်လို့လည်း TNLA က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီနဲ့ TNLA တို့အကြားမှာ ဒီနှစ် ဧပြီလပိုင်းက အပစ်အခတ်ရပ်စဲရေးအတွက် တရုတ်နိုင်ငံမှာ ဆွေးနွေးခဲ့ကြသေးပေမယ့် နှစ်ဖက်သဘောတူညီမှုတွေမရခဲ့ဘဲ ဆွေးနွေးပွဲပျက်ခဲ့ပြီးနောက်မှာ TNLA နဲ့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တာပါ။
၂၀၂၃ အောက်တိုဘာမှာ စတင်ခဲ့တဲ့ ညီနောင်မဟာမိတ်တပ်တွေရဲ့ ထိုးစစ်ဖြစ်တဲ့ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း TNLA တပ်တွေဟာ မန္တလေးတိုင်း မိုးကုတ်၊ ရှမ်းမြောက်က နောင်ချို၊ သီပေါနဲ့ ကျောက်မဲအပါအဝင် မြို့ပေါင်း ၁၂ မြို့ကို သိမ်းယူခဲ့တာပါ။
ပုံစာ – နောင်ချိုမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေတဲ့ TNLA တပ်ဖွဲ့ဝင်တချို့
ဓါတ်ပုံ – TNLA

