ဂေထော၊ ရန်ကုန်။
ဇန်နဝါရီ-၈
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) မှာ ကိုယ်နှစ်သက်တဲ့အချက်တွေပဲ အကောင်အထည် ဖော်ကာ မနှစ်သက်တာတွေကိုဖယ်ထားတာမျိုးမလုပ်ကြဖို့ လက်မှတ်ရေးထိုးထားသူတွေကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်က သတိပေးပါတယ်။
တရားဝင်အစည်းအဝေးတွေ ၁၅ လလောက် ရပ်တန့်နေရာကနေ နေပြည်တော်မှာ အစိုးရ၊လွှတ်တော်၊တပ်မတော်နဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်(၁၀) ဒီနေ့ တရားဝင် ပြန်လည်ကျင်းပနေတဲ့ ၈ကြိမ်မြောက်၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်ရေးညှိနှိုင်းအစည်းအဝေး(JICM) အဖွင့် မိန့်ခွန်းမှာ သူကပြောခဲ့တာပါ။
“ အစုအဖွဲ့တစ်ဖွဲ့က ဒီလိုပုံစံမျိုး လိုချင်တာကိုပဲ ကွက်ပြီးယူမယ်၊ မကြိုက်တာဆိုရင် ရှောင်လွှဲနေမယ်ဆိုရင် ကျန်တဲ့ အစုအဖွဲ့တွေအားလုံးမှာလည်း အခက်အခဲတွေဖြစ်လာစေပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အကျပ်အတည်းတွေ ဆက်တိုက်ဖြစ်ပေါ်လာစေနိုင်ပါတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်။
“ စာချုပ်ပေါ်မှာ ရေထိုးထားတဲ့ လက်မှတ်တွေဟာ ကတိသစ္စာ တည်ကြည်မှုနဲ့ မှန်ကန်ဖြောင့်မတ်မှုကို ကိုယ်စားပြုပါတယ် ” လို့ သူက သတိပေးတယ်။
သူ့အစိုးရအနေနဲ့ ဒီစာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးထားတာမဟုတ်ပေမယ့် အစိုးရတစ်ခုနဲ့တစ်ခု လွှဲပြောင်းတာဝန် ထမ်း ဆောင်တဲ့အခါ အစိုးရအစဉ်အဆက် တာဝန်ရှိမှု၊ တာဝန်သိမှုကိုပါ လွှဲပြောင်းရယူ ထမ်းဆောင်ရတာကြောင့် ဒီစာချုပ် အပေါ်မှာ ခိုင်ခိုင်မာမာရပ်တည်ဆောင်ရွက်ခဲ့တာလို့လည်း အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဌဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
ဒီနေ့ကျင်းပတဲ့ JICM အစည်းအဝေးကနေ လာမယ့် ၄ ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ ဆွေးနွေး နိုင်ဖို့ အချက်တွေကို ညှိနှိုင်းအတည်ပြုကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။ ၃ ကြိမ်ကျင်းပပြီးတဲ့ ညီလာခံတွေအတွင်း ပြည်ထောင်စုသဘောတူညီချက် ၅၁ ရရှိထားပေမယ့် “ ကျွန်မတို့အားလုံးမျှော်မှန်းထားတဲ့ ပြည်ထောင်စု အိမ်မက်အတွက် လုံလောက်တဲ့ အခြေခံမူတွေတော့ မဟုတ်သေးပါဘူး” လို့ သူကပြောတယ်။
ဒါအပြင် ၂၀၂၀ အလွန် NCA အကောင်အထည်ဖော်မှုနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဘယ်လိုဖော်ဆောင်ကြမလဲဆိုတာနဲ့ ပတ်သက်လို့ အားလုံးသဘောတူလက်ခံနိုင်ပြီး သေချာရေရာတဲ့ လုပ်ငန်းစဉ်တွေ၊ ဦးစားပေးအစီအစဉ်တွေ ချမှတ်နိုင်ဖို့ လည်း အထူးအရေးကြီးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သတိပေးပါတယ်။
နေပြည်တော်မှာ ကျင်းပနေတဲ့ ၈ ကြိမ်မြောက် JICM အစည်းဝေးမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်အပြင် NCA လက်မှတ်ထိုးထားတဲ့ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ရခိုင်လွတ်မြောက်ရေးပါတီ(ALP) ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်- ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNO)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ချင်းအမျိုးသား တပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) တို့ ပါဝင်ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။
photo by myanmar state counsellor office
#dailynews