Photo: Ray Kin
ရန်ကုန် – ၂၀၂၁ ဖေဖေါ်ဝါရီ ၃ (မော်ကွန်း)
စစ်တပ်အာဏာသိမ်းခြင်းကို ကန့်ကွက်သည့်အနေဖြင့် မြန်မာစစ်တပ်ပိုင် တယ်လီဖုန်းအော်ပရေတာ Mytel စစ်ကိုင်းတိုင်းဌာနခွဲမှ အင်ဂျင်နီယာ ၇၁ ဦး ယနေ့တွင် အလုပ်တာဝန်များမှ နှုတ်ထွက်လိုက်သည်။
တပ်မတော်၏ အာဏာသိမ်းလုပ်ရပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ဆောင်ရွက်ခြင်းဖြစ်ပြီး နိုင်ငံသားများ၏ အချုပ်အခြာအာဏာကို မျက်ကွယ်ပြုခြင်းဖြစ်သောကြောင့် ရှုတ်ချသည်ဟု ၎င်းတို့က လက်မှတ်ထိုး၍ သဘောထားထုတ်ပြန်သည်။
စစ်တပ်အာဏာသိမ်းပြီးနောက် Mytel နှင့်အတူ စစ်တပ်၏ စီးပွားရေးထုတ်ကုန်များကို မသုံးရန် တိုက်တွန်းမှုများသည် အများပြည်သူကြား ပျံ့နှံနေသည်။
တပ်မတော်မှလုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းများနှင့်ကုမ္ပဏီအဖွဲ့အစည်းများကို နိုင်ငံတကာလုပ်ငန်းရှင်များ သပိတ်မှောက်ရန် Burma Campaign UK က စာရင်းပြုစုကာ ပြီးခဲ့သည့်နှစ် ဇန်နဝါရီလက အသစ်ထပ်မံဖြည့်စွက်ထားသည်။
ထိုစာရင်းတွင် ဘဏ်နှင့်ငွေကြေးလုပ်ငန်းများ၊ စီးကရက်နှင့်အဖျော်ယမကာလုပ်ငန်းများ၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ဖျော်ဖြေရေးနှင့် မီဒီယာလုပ်ငန်း၊ အစားအသောက်၊ ကျန်မာရေးဝန်ဆောင်မှု၊ စက်မှုလုပ်ငန်းနှင့် နိုင်ငံတကာဆိပ်ကမ်းများ စသည့်ကဏ္ဍများအပါအဝင် လုပ်ငန်းအမျိုးစားပေါင်း ၁၅ ခုပါဝင်သည်။
၎င်းကုမ္ပဏီများနှင့် လုပ်ငန်းများသည် တပ်မတော်ကိုယ်ပိုင်၊ သို့မဟုတ် ဖက်စပ်လုပ်ကိုင်လျက်ရှိသည့် လုပ်ငန်းများဖြစ်သည်ဟု ဆိုသည်။ ၎င်းတို့ထဲတွင် Mytel အပါအဝင် မြန်မာပြည်တွင်းရောင်းအားအကောင်းဆုံး မြန်မာဘီယာနှင့် Red Ruby စီးကရက်၊ တို့လည်း ပါဝင်သည်။
#Dailynews

