မြန်မာနိုင်ငံနှင့် ယဉ်အန္တရာယ်

မြန်မာနိုင်ငံနှင့် ယဉ်အန္တရာယ်

စက်တင်ဘာလထုတ်-၂၀၁၄၊မော်ကွန်း မဂ္ဂဇင်း အမှတ်(၁၆)မှ မျက်နှာဖုံးဆောင်းပါးဖြစ်ပါသည်။

မော်ကွန်းသတင်းအဖွဲ့ ရေးသည်။

နိုင်ငံရေးအပြောင်းလဲမှုဖြစ်စဉ်များ နှင့်အတူ မော်တော်ကား ကဏ္ဍသည်လည်း သိသာသည့်ပြောင်းလဲမှုတစ်ခုဖြစ်ခဲ့သည်။

ယခင်ကကျပ်သိန်းထောင်ချီသည့် မော်တော်ကားများရာဂဏန်းအထိထိုးကျလာသလိုကျပ်သိန်းရာချီနေသည့် မော် တော်ကားများသည်လည်းဆယ်ဂဏန်းအထိထိုးကျလာသည်။

သို့ဖြင့်ကားဝယ်စီးသူများလာပြီးလမ်းမများပေါ်သို့မော်တော်ကားအစီးရေပေါင်းများစွာရောက်ရှိလာသည်။ယင်းနှင့်ဆက်စပ်ပြီး ဖြစ်ပေါ်လာသည့် ယာဉ်အန္တရာယ်သည် လည်းသတိထားဖွယ်ရာ၊စဉ်းစားစရာအချက်တစ်ခုဖြစ်လာခဲ့ပါသည်။

သို့ဖြစ်ရာယာဉ်အ္တရာယ်မည်ကဲ့သိုဖြစ်ပွားကြသနည်း၊ယာဉ်အန္တရာယ်ဖြစ်ပွားခဲ့ပါကလည်းသက်ဆိုင်ရာဌာနတို့ သည်မည်သို့ကူညီကယ်ဆယ်ကြသနည်း၊အနာဂတ်အတွက်ရောမည်သို့ပြင်ဆင်ထားသင့်သနည်းစသဖြင့် မေးခွန်းထုတ်စ ရာများရှိလာပါသည်။

အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသည်အရှေ့တောင်အာရှဒေသတွင်းနိုင်ငံများအနက်ယာဉ်တိုက်မှုကြောင့် သေဆုံးသူအရေအတွက်ဒုတိယအများဆုံးနိုင်ငံဖြစ်ပြီးနှစ်စဉ်လိုလိုယာဉ်တိုက်မှုကြောင့် သေဆုံးသည့်လူဦးရေသည်လည်းတဖြည်း ဖြည်းတိုးလာနေသောကြောင့်ဖြစ်ပါသည်။

မြန်မာနိုင်ငံကပထမဆုံးထုတ်ပြန်ခဲ့သည့်၂၀၀၈ခုနှစ်ကမ္ဘာလုံးဆိုင်ရာယာဉ်တိုက်မှုဖြစ်စဉ်နှင့်ပတ်သက်သည့် အချက်အလက်များအရ မြန်မာနိုင်ငံ၏ယာဉ်တိုက်မှုအနေအထားသည်လူတစ်သိန်းလျှင်၂၃ဒသမ၄ဦး သေဆုံးလျက်ရှိ သည်ဟုဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း၂၀၁၂ခုနှစ်၌ယာဉ်တိုက်မှု ပေါင်း၂,၁၆၂မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ၄၇၅ဦးနှင့် ဒဏ်ရာရသူ၃,၅၇၂ဦးရှိရာမှ၂၀၁၃ခုနှစ်တွင်ယာဉ်တိုက်မှုပေါင်း၂,၉၇၉မှုအထိမြင့်တက်လာခဲ့သည်။ သေဆုံးသူဦးရေမှာ လည်း၅၀၆ဦးရှိလာခဲ့သလိုဒဏ်ရာရသူဦးရေမှာလည်း၄,၄၃၀ဦးရှိခဲ့သည်။

ကုန်းလမ်းပို့ဆောင်ရေးဝန်ကြားမှုဦးစီးဌာန(ကညန)မှထုတ်ပြန်ထားသည့်ပြည်နယ်နှင့်တိုင်းများအလိုက်ယာဉ်တိုက်မှုအခြေပြစာရင်းများအရ၂၀၁၄၊ဇန်နဝါရီမှ မေအတွင်းယာဉ်တိုက်မှုကြောင့် သေဆုံးသူသည်၂၀၁၃၊ဇန်နဝါရီမှ မေအတွင်း သေဆုံးသူဦးရေထက်ပိုမိုများပြားနေသည်ကို တွေ့ရသည်။

ထို့ကြောင့်အဆိုပါယာဉ်တိုက်မှုတို့သည်အဘယ်ကြောင့်ဖြစ်ရသည်၊အဘယ်ကြောင့်ပိုမိုများပြားလာရသည်၊ဒဏ်ရာရသူနှင့် သေဆုံးသူဦးရေမှာလည်းအဘယ်ကြောင့်များပြားလာရသည်တို့ကို မော်ကွန်းမဂ္ဂဇင်းကစူးစမ်းကြည့်ရာ အောက်ပါအတိုင်းတွေ့ရှိရပါသည်။

ယာဉ်တိုက်မှုအကြောင်းရင်းခံ

လမ်းမများပေါ်တွင်ယာဉ်တိုက်မှုဖြစ်ရခြင်း၏အဓိကအကြောင်းအရင်းများနှင့်ပတ်သက်၍မော်ကွန်းကရန်ကုန်တိုင်း ဒေသကြီး၊အမှတ်၂ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးသို့ဆက်သွယ်မေးမြန်းခဲ့ရာ၎င်းင်းတို့၏သုတေသနပြုချက်အရအဖြစ်အများဆုံးအကြောင်းရင်းများမှာ (၁) အရှိန်ပြင်းစွာ မောင်းနှင်မှု (၂) မဆင်မခြင်မောင်းနှင်မှု (၃) ယာဉ်မောင်းလိုင်စင်မရှိမှု (၄) ယာဉ်မောင်းမကျွမ်းကျင်မှု (၅) အရက်သောက်စားမောင်းနှင်မှု (၆) လမ်းကူးသူပေါ့ဆမှု(၇) ခရီးသည်ပေါ့ဆမှု (၈) အနှေးယာဉ်ကြောင့် ဖြစ်ပွားမှု (၉) စက်ကိရိယာချို့ယွင်းမှု (၁၀) ရာသီဥတုကြောင့် ဖြစ်ပွားမှုနှင့် (၁၁) လမ်းမကောင်းမှုဆိုသည့်အချက်ပေါင်း၁၁ချက် ကြောင့်ဟုဆိုပါသည်။

အငှားယာဉ်မောင်း၊မြို့တွင်းနှင့်အဝေးပြေးယာဉ်လိုင်းများမှယာဉ်မောင်းများ၏အမြင်တွင်လည်းယာဉ်မတော်တဆမှု ဖြစ်ခြင်း၏အဓိကအကြောင်းအရင်းများမှာယာဉ်မောင်းသူ၏အရှိန်ပြင်းစွာမဆင်မခြင်မောင်းနှင်ခြင်းနှင့်အရက်သေစာ သောက်စားပြီး မောင်းနှင်ခြင်းတို့ကြောင့်သာ ဖြစ်ကြောင်း မော်ကွန်းကို ပြောပြကြသည်။

ယာဉ်မောင်းများအရှိန်ပြင်းပြင်းမောင်းနှင်ခြင်းနှင့်မဆင်မခြင်မောင်းနှင်ခြင်း၌အခြားအကြောင်းများလည်းရှိသည်ဟုယာဉ်မောင်းလုပ်သက်ဆယ်နှစ်ရှိပြီဖြစ်သည့်တက္ကစီယာဉ် မောင်းကိုမင်းကိုဦးကဆိုသည်။

“အရက်သေစာ သောက်စားပြီး မောင်းတာကတစ်ခု၊ပြီး တော့ယာဉ်ကြောတွေကျပ်တော့ ဒေါသထွက်ကြတယ်။တက္ကစီ တွေ၊လိုင်းကားတွေကအုံနာကြေးမရမှာစိုးရိမ်ကြတယ်။ကား တွေကလည်း ကောင်းလာတယ်။လမ်းကလည်းအရင်ကထက် ကောင်းတယ်။ဒီအကြောင်းအရင်းတွေဆုံတဲ့အခါမှာအခုမဆင်မခြင် မောင်းတာတွေ ဖြစ်တာပဲ”ဟုသူကဆိုသည်။

နေ့စဉ်လိုလိုကားလမ်းမများပေါ်တွင်မော်တော်ယာဉ်များနှင့်ပြည့်နှက်လျက်ရှိသည်။ယင်းသို့ဖြစ်နေခြင်းကိုယာဉ်မောင်းများကစိတ်မရှည်ကြချေ။လမ်းမများပေါ်တွင်မော်တော်ယာဉ်များကျပ်နေသည်ကိုမြင်သည့်တိုင်တချို့သောယာဉ်မောင်းများသည်ကားဟွန်းများကိုတတီတီတီးကြသည်။ခရီးသည်တင်လိုင်းကားများဆိုလျှင်လည်းဘရိတ်ကိုနင်းကာတရှူးရှူးလုပ်တတ်ကြသည်။တချို့သော မော်တော်ယာဉ်များဆိုလျှင်လမ်း ကြောကို ပြောင်းပြန်မောင်းကာလမ်းပိတ်၍ရပ်နေသည့် မော် တော်ယာဉ်များကို ကျော်တက်ကြခြင်းများလည်း ပြုလုပ်ကြသည်။

Photo: Thet Ko

လမ်းမများပေါ်တွင်ကားများကျပ်သဖြင့်ခရီးမတွင်ခြင်း၊ပိုက်ဆံမရခြင်းစသည်တို့ကြောင့် ဒေါသထွက်ရခြင်းနှင့်ပတ်သက်၍ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ရပုံကိုယာဉ်မောင်းလုပ်သက်အနှစ်၂၀ရှိသူတက္ကစီယာဉ်မောင်းတစ်ဦးက “မနက်၇နာရီက နေည၇နာရီအထိကားမောင်းတယ်။ညနေစောင်းလာတဲ့အထိပိုက်ဆံမရတော့ ဒေါသအရမ်းထွက်လာတယ်။ငါဆက်မောင်းနေရင်တော့ဒုက္ခရောက်တော့မှာပဲလို့ တွေးမိတယ်။ဒါနဲ့စိတ်ကိုပြန်ထိန်းပြီးကားမမောင်းတော့ဘဲအိမ်ပြန်လိုက်တယ်”ဟုရှင်းပြသည်။

လမ်းမများပေါ်တွင်မော်တော်ယာဉ်များပြည့်ကျပ်နေခြင်းကြောင့်လူတို့၏စိတ်သည်မွန်းကျပ်ရှုပ်ထွေးလာပြီးစိတ်မရှည်ခြင်းများဖြစ်လာတတ်သည်။ထိုအခါကားကျပ်သည့်နေရာမှလွတ်မြောက်သွားသည့်အခါတွင်စောစောကကုန်ဆုံးခဲ့သည့်အချိန်များကိုကာမိနိုင်စေရန်အမြန်နှုန်းကို မြှင့်ကာ မောင်းနှင်ကြလေသည်။

တချို့မှာအလုပ်နောက်ကျခြင်း၊ရုံးနောက်ကျခြင်း၊အစည်းအဝေးနောက်ကျခြင်းမျိုး ဖြစ်မည်ကိုစိုးရိမ်သဖြင့်အမြန် မောင်းကြလေသည်။ယင်းမှတစ်ဆင့်ယာဉ်တိုက်မှုဖြစ်ခြင်းဆီသို့ဦးတည်သွားတတ်ကြကြောင်းမြို့ပြစီမံခန့်ခွဲရေးကျွမ်းကျင်ပညာရှင်ဦးသန်းဝင်းကဆိုသည်။

“ကားကျပ်တာများသွားလို့ရှိရင်မတော်တဆမှုကအပြိုင်လိုက်ပြီးတက်လာတတ်တယ်။ဒါကသီအိုရီအရကိုရှိတာပါ”ဟု၎င်းင်းကဆက်လက်ရှင်းပြသည်။

ပြောရမည်ဆိုလျှင်မြို့တွင်း၌မော်တော်ယာဉ်မောင်းနှင်နေကြသည့်အိမ်စီးကိုယ်ပိုင်မော်တော်ယာဉ်မောင်းများ၊အငှားတက္ကစီယာဉ်မောင်းများ၊ခရီးသည်တင်လိုင်းကားယာဉ်မောင်းများ၊ကုမ္ပဏီယာဉ်မောင်းများသည်လမ်းများတွင်ယာဉ်ကြောပိတ်ဆို့မှုများကြောင့်စိတ်ရှုပ်ထွေးခြင်းများရှိကြသည်နှင့်အတူ၎င်းင်းတို့၌ကိုယ်ပိုင်စိုးရိမ်စိတ်များလည်းအသီးသီးရှိကြ လေသည်။

အိမ်စီးကားတို့ကအလုပ်နောက်ကျခြင်း၊အစည်းအဝေးနောက်ကျခြင်း၊ကျောင်းနောက်ကျခြင်းစသည်တို့ဖြစ်မည်ကိုစိုးရိမ်သလိုလိုင်းကားမောင်းသူတို့သည်လည်းအုံနာကြေးမရခြင်း၊ညနေကားဂိတ်သိမ်းသည့်အချိန်တွင်မိမိအတွက် ငွေများများမကျန်မည်ကိုစိုးရိမ်ခြင်းများလည်း ဖြစ်တတ်ကြသည်။

အငှားတက္ကစီယာဉ်မောင်းတို့တွင်လည်းတစ်ရက်စာအုံနာကြေး၊စက်သုံးဆီဖိုးနှင့်မိမိ၏အိမ်သုံးစရိတ်ကျန်ရှိနိုင်စေရန်ဆိုသည့်စိုးရိမ်စိတ်အသီးသီးတို့ရှိကြလေသည်။တစ်ခါတစ်ရံတွင်လိုင်းကားအချင်းချင်းသော်လည်းကောင်း၊ မော်တော်ယာဉ်တစ်စီးနှင့်တစ်စီးသော်လည်းကောင်းအပြိုင်အဆိုင် မောင်းနှင်အနိုင်ရယူလိုမှုများလည်းယာဉ်မောင်းများကြားတွင်ရှိကြသေး၏။

မော်တော်ယာဉ်များပေါများလာခြင်း၏နောက်ဆက်တွဲပြဿနာတစ်ခုမှာယာဉ်ရပ်နားရန်နေရာမရှိခြင်းပင်ဖြစ်သည်။ထိုသို့ယာဉ်ရပ်နားရန်နေရာမရှိသည့်အတွက်မော်တော်ယာဉ်အများစုသည်ကားလမ်းမများပေါ်၌သာရပ်ကြလေသည်။ယင်းသို့ရပ်ခြင်းသည်ယာဉ်ကြောပိတ်ဆို့မှုကိုဖြစ်စေကာယာဉ်တိုက်မှုဖြစ်ပွားရန်အတွက်အကြောင်းတစ်ခုဖြစ်လာစေတော့သည်။

ရန်ကုန်မြို့တွင်းကားလမ်းများတည်ဆောက်ထားမှုနှင့်ပတ်သက်၍လေ့လာကြည့်မည်ဆိုပါကယခုအခါလမ်းများကိုချဲ့ထွင်ပေးခြင်းများရှိသော်လည်းတခြားတစ်ဖက်၌မော်တော်ယာဉ်စီးရေများပြားလာခြင်းကြောင့်ယာဉ်ကြောကျပ်တောက်မှု ပြေလည်ခြင်းမရှိပေ။

ယာဉ်မောင်းသူများညည်းတွားလေ့ရှိသော နောက်ထပ် ပြဿနာတစ်ခုမှာမီးပွိုင့်အချက်ပြစနစ်ဖြစ်ပါသည်။

ရန်ကုန်မြို့ရှိမီးပွိုင့်အများစုမှာအချိန်ကိုဖော်ပြပေးခြင်းမရှိဘဲဝါ၊စိမ်း၊နီသုံးရောင်ကိုပြသောမီးပွိုင့်များသာဖြစ်ကြသည်။

အချိန်မဖော်ပြသည့်မီးပွိုင့်စနစ်အသုံးပြုခြင်းကြောင့်အရှိန်ဖြင့်မောင်းလာသည့်ကားသည်မီးပွိုင့်အရောက်တွင်ရုတ်တရက်စိမ်းရာမှအဝါသို့ပြောင်းသွားခြင်းကြောင့်မော်တော်ယာဉ်သည်လည်းရုတ်တရက်အမြန်ရပ်လိုက်ရခြင်းမျိုးဖြစ်တတ်လေသည်။ယင်းသို့ဖြစ်ရာတစ်ခါတစ်ရံအရှိန်လွန်သွားသဖြင့်ယာဉ် ကြောပိတ်ဆို့စေခြင်းနှင့်ယာဉ်တိုက်မှုဖြစ်ခြင်းတို့ ဖြစ်ပွားတတ် လေသည်။

အချိန်ဖော်ပြပေးသည့်မီးပွိုင့်စနစ်ကိုအသုံးပြုပါကယာဉ်မောင်းသည်မီးပွိုင့်ကိုကျော်ဖြတ်ရန်သူ့တွင်အချိန်လုံလောက်မှုရှိ၊မရှိကိုချင့်ချိန်စဉ်းစားနိုင်မည်ဖြစ်ကြောင်းယာဉ်မောင်းများကဆိုကြသည်။

““ဂဏန်းဖော်ပြတဲ့မီးပွိုင့်စနစ်မျိုးဆိုရင်ပိုကောင်းမယ်။ရန်ကုန်မြို့မှာရှစ်မိုင်လမ်းဆုံကမီးပွိုင့်ဆိုရင်အကောင်းဆုံးပဲ””ဟုအငှားတက္ကစီယာဉ်မောင်းကိုမင်းကိုဦးကဆိုသည်။

အချိန်ဖော်ပြပေးသည့်တချို့သောမီးပွိုင့်များတွင်လည်းမော်တော်ယာဉ်များဖြတ်သန်းမောင်းနှင်ရန်စက္ကန့်၂၀၊၃၀ ခန့်အချိန်ကျန်နေသေးသည့်တိုင်တစ်ခါတစ်ရံတွင်ချက်ချင်းဆိုသလိုတစ်စက္ကန့်၊နှစ်စက္ကန့်သို့ပြောင်းလဲသွားတတ်သည်ဟု ယာဉ်မောင်းများကဆိုသည်။

တစ်ဖက်တွင်လည်းသတ်မှတ်ထားသည့်ယာဉ်စည်းကမ်းကိုမလိုက်နာသည့်ယာဉ်မောင်းများအားစိစစ်အရေးယူနိုင်မည့်ယာဉ်ထိန်းအင်အားမလုံလောက်ခြင်းကလည်းယာဉ်တိုက်မှုဖြစ်စေခြင်း၏တစ်စိတ်တစ်ပိုင်းအကြောင်းရင်း

ယာဉ်ထိန်းရဲမလုံလောက်ခြင်းဖြစ်နေသလိုလက်ရှိတာဝန်ထမ်းဆောင်ဆဲဝန်ထမ်းများအနေဖြင့်လည်းမိမိတို့၏တာဝန်ကိုကျေပွန်စွာထမ်းဆောင်စေလိုညဟုယာဉ်မောင်းများက ပြောဆိုကြသည်။

““(ဗဟိုလမ်းနဲ့စပ်နေတဲ့)ဘူတာရုံလမ်းမှာဆိုရင်ရထား၊ကား၊ဆိုက်ကား၊စက်ဘီးတွေအရမ်းရှုပ်တတ်တယ်။ယာဉ်ထိန်းရဲနှစ်ယောက်ချထားတာတွေ့ရတယ်။ကားတွေကျပ်ပြီးရှုပ်နေပေမယ့်(အဲဒီ)ယာဉ်ထိန်းရဲနှစ်ယောက်ကကားဂိတ်ကထိုင်ခုံမှာထိုင်ပြီးတော့မီးရထားဂိတ်စောင့်တဲ့လူကဝင်ရှင်းပေးနေတာကိုတွေ့ဖူးတယ်””ဟုလှိုင်မြို့နယ်၊သံလမ်းတွင်ဂိတ်ထိုးသည့်အငှားယာဉ်မောင်းတစ်ဦးကဆိုသည်။

ယာဉ်မောင်းစွမ်းရည်စိစစ်ဖို့လို

မြို့တွင်းယာဉ်တိုက်မှုများကဲ့သို့ပင်အဝေးပြေးယာဉ်မတော်တဆမှု၊ယာဉ်တိုက်မှုတို့တွင်လည်းယာဉ်မောင်းသည်သာအဓိကဖြစ်ကြောင်းအဝေးပြေးယာဉ်မောင်းများကလက်ခံထားကြသည်။

မော်လမြိုင်၊ထားဝယ်ဘက်သို့ပြေးဆွဲသည့်အဝေးပြေးယာဉ်လိုင်းတစ်ခုတွင်အလုပ်လုပ်နေသည့်လုပ်သက်အတွေ့အကြုံ၁၈နှစ်ရှိအသက်၄၂နှစ်အရွယ်အမျိုးသားယာဉ်မောင်းတစ်ဦးက““အမြန်လမ်းမှာသူ့လမ်းကိုယ့်လမ်းရှင်းရှင်းမောင်းရတာ။အဲဒါကိုယာဉ်မောင်းတွေကတိုက်ကြတယ်ဆိုတာယာဉ်မောင်းတွေမှာတာဝန်ရှိတယ်။ဥပမာအိပ်ချိန်မှာမအိပ်ဘူး။စားချိန်မှာမစားဘူး။ကိုယ်လုပ်ရမယ့်အလုပ်ကိုဂရုမစိုက်လို့အဲဒီလိုတွေဖြစ်တာ””ဟု ပြောပြသည်။

ရန်ကုန်မန္တလေးအမြန်လမ်းမကြီးတွင်အဝေးပြေးယာဉ်မောင်းတစ်ဦးမောင်းနှင်သည့်အကြိမ်ရေမှာအခေါက်ခေါက်အခါခါမောင်းနှင်ရခြင်းဖြစ်ရာအဆိုပါလမ်းကြောသည်အလွတ်ရသည်အထိပင်ရှိတတ်သည်။သို့သော်ယာဉ်မောင်းတို့၏မထီမဲ့ မြင်ပြုမှု၊အလုပ်ပေါ်ဂရုမစိုက်မှုတို့ကြောင့်သာယာဉ်တိုက်မှုများ ဖြစ်ပွားရခြင်းဖြစ်သည်ဟု၎င်းင်းကရှင်းပြသည်။

နောက်တစ်ချက်မှာသက်ဆိုင်ရာယာဉ်လိုင်းတို့က၎င်းတို့၏ယာဉ်မောင်းများကိုလုံလုံလောက်လောက်အနားမပေးသည့်ကိစ္စဖြစ်သည်။

တချို့သောအဝေးပြေးယာဉ်လိုင်းတို့သည်တစ်ရက်လျှင်မော်တော်ယာဉ်ဆယ်စီးထွက်ရမည်ဟုလျာထားသော်လည်းမော်တော်ယာဉ်အစီးရေလုံလောက်မှုမရှိသည့်ယာဉ်လိုင်းများလည်းရှိပါသည်။ဥပမာယာဉ်စီးရေကရှစ်စီးသာရှိသည့်အနေအထားတွင်ခေါက်ရေပြည့်စေရန်ဂိတ်သို့ဝင်လာသည့်နှစ်စီးအား(မန္တလေးမှရန်ကုန်သို့ဝင်လာသည့်ယာဉ်နှစ်စီးအား)ချက်ချင်း ပြန်လည်ထွက်ခိုင်းစေခြင်းဖြင့်အစားထိုးကြလေသည်။

ထိုသို့ပြုလုပ်ခြင်းသည်ယာဉ်မောင်းအားအနားမပေးရာရောက်သလိုမော်တော်ယာဉ်၏ကြံ့ခိုင်မှုကိုလည်းလျစ်လျူရှုရာလည်း ရောက်လေသည်။ထို့ကြောင့်ယင်းလုပ်ရပ်သည်လည်းအဝေးပြေးလမ်းမများ၌ယာဉ်တိုက်မှုနှင့်ယာဉ်အန္တရာယ် ဖြစ်စေနိုင်သောအကြောင်းရင်းတစ်ရပ်ဖြစ်သည်ဟုအဝေးပြေးယာဉ်မောင်းများကဆိုသည်။

ရန်ကုန်၊မန္တလေးအဝေးပြေးယာဉ်မောင်းလုပ်သက်၁၉နှစ်အတွေ့အကြုံရှိယာဉ်မောင်းတစ်ဦးကတော့အဝေးပြေးလမ်းများတွင်ယာဉ်တိုက်မှုနှင့်ပတ်သက်၍ယခုလိုမှတ်ချက်ပြုလေသည်။

““ယာဉ်မောင်းကြောင့်အများဆုံးဖြစ်တယ်ဆိုတာမှန်ပါတယ်။ဒါပေမဲ့သူ့ချည်းပဲအပြစ်ပုံချလို့မရဘူး။တစ်ခါတလေမှာမမြင်နိုင်တဲ့မတော်တဆမှုတွေကအများကြီးပဲ””ဟုသူကဆိုသည်။

ရန်ကုန်မန္တလေးအမြန်လမ်းမကြီးပေါ်တွင်ယာဉ်မောင်းနှင်ရာ၌အခက်အခဲမရှိသော်လည်းနေပြည်တော်နှင့်ရန်ကုန်ဘက်အခြမ်းလမ်းပိုင်းသည်လမ်းအတိမ်းအစောင်းနှင့်မညီညာမှုများရှိကြောင်း၊ထို့ပြင်မိုးရွာလိုက်ခြင်းကြောင့်လမ်းတွင် ရေညှိများတက်လာပြီးကားများစလစ်ဖြစ်တတ်ကြောင်း၎င်းကဆိုသည်။

““အမြန်လမ်းပေါ်မှာတိရစ္ဆာန်တွေလွှတ်ထားတာတော့အရေးယူသင့်တယ်။ကျွဲတွေဆိုအနက်ရောင်ဆိုတော့ညဘက်မမြင်ရဘူး။ဘွားခနဲတွေ့လိုက်ပြီးတိုက်မိတာတွေရှိတယ်””ဟုဆိုသည်။

ထိုအထဲတွင်ယာဉ်မောင်း၏ကျွမ်းကျင်မှုမရှိပါကယာဉ်အန္တရာယ်ဖြစ်နိုင်ခြေပိုများလာတတ်သည်။

““တချို့ကလိုင်စင်မရှိဘူး၊အတွေ့အကြုံမရှိဘူး။ကားပဲမောင်းတတ်တာ။လေအိတ်ကားမောင်းမယ်ဆိုရင်အနည်းဆုံးလေအိတ်ကားအတွေ့အကြုံ လေး၊ငါးနှစ်ရှိဖို့လိုတယ်။ဒါမှစိတ်ချရတဲ့လူဖြစ်မှာ””ဟုဆိုသည်။

မြို့ထဲတွင်မောင်းချင်တိုင်းမောင်းသည့်ကားလေးများသည်အဝေးပြေးအတွေ့အကြုံမရှိသောကြောင့်အဝေးပြေးလမ်းမပေါ်ရောက်သည့်အခါတွင်ကားကြီးများကိုဒုက္ခပေးသလိုဖြစ်တတ်ကြောင်း၊ထို့ပြင်ကားကြီးမမောင်းဖူးဘဲကားလေးကနေကားကြီးပေါ်သို့တက်မောင်းသည့်သူလည်းများပြားလျက်ရှိရာထိုကဲ့သို့သောလူများကိုမစိစစ်နိုင်ပါကယာဉ်မတော်တဆမှုများပပျောက်မည်မဟုတ်ဟုအဝေးပြေးယာဉ်မောင်းများကဆိုကြသည်။

မြို့တွင်းနှင့်အဝေးပြေးယာဉ်လိုင်းများတွင်ယာဉ်မတော်တဆမှုဖြစ်သည့်အထဲတွင်ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းနားမလည်သည့်ယာဉ်မောင်းအသစ်များကြောင့်လည်း ဖြစ်ရသည်ဟုသုံးသပ်မှုများရှိပါသည်။

ယခင်ကယာဉ်မောင်းလိုင်စင်ရရှိရန်အတွက်ရေးဖြေဖြေဆိုပေးရခြင်း၊လက်တွေ့ယာဉ်မောင်းပြရခြင်းများရှိကြောင်ယင်းသို့ဖြေဆိုရာတွင်ကျရှုံးခြင်းများလည်းရှိကြောင်း၊ထို့ပြင်ယာဉ်မောင်းသည်ယောင်တတ်ခြင်း၊ဝက်ရူးပြန်ခြင်းအစရှိသည့်ကျန်းမာရေးဆိုင်ရာကောင်းမွန်မှုရှိ၊မရှိကိုစိတ်ပိုင်းဆိုင်ရာစစ်ဆေးမှုများအပါအဝင်ကျန်းမာရေးစစ်ဆေးမှုများအဆင့်ဆင့် ပြုလုပ်ရကြောင်းအသက်၅၇နှစ်အရွယ်တက္ကစီယာဉ်မောင်းတစ်ဦးက ပြောသည်။

““အခုကလိုင်စင်ရဖို့အရမ်းလွယ်သွားပြီ””ဟုသူကဆိုသည်။

ယာဉ်တိုက်မှုများလျော့ပါးသွားရန်အတွက်မှာယာဉ်မောင်းများကယာဉ်စည်းကမ်း၊လမ်းစည်းကမ်းများကိုလိုက်နာရမည်ဖြစ်သလိုယာဉ်စည်းကမ်း၊လမ်းစည်းကမ်းများသိရှိနိုင်စေရန်အတွက်လည်းသက်ဆိုင်ရာမှသင်တန်းများပေးသင့်ကြောင်း၊မည်သို့ပင်မော်တော်ယာဉ်များပေါများပါသော်လည်းစည်းကမ်းတကျမောင်းနှင်မည်ဆိုပါကယာဉ်တိုက်မှုများအနည်းနဲ့အများဆိုသလိုလျော့ကျသွားမည်ဖြစ်ကြောင်းယာဉ်မောင်းလုပ်သက်၁၇နှစ်အတွေ့အကြုံရှိသည့်ကိုအောင်နိုင်ဝင်းကသူ့အမြင်ကို ပြောပြသည်။

တရားဥပဒေစိုးမိုးမှုအားနည်း

အကြောင်းကြောင်းကြောင့်ယာဉ်မတော်တဆမှုဖြစ်ပြီးလူအထိအခိုက်၊အသေအပျောက်ဖြစ်လာပါကယာဉ်မောင်းအချို့ယာဉ်ကိုစွန့်ကာထွက်ပြေးကြသည့်ဖြစ်စဉ်များလည်းဖြစ်ပွားလျက်ရှိပါသည်။မော်တော်ယာဉ်တိုက်ခံရ၍ထိခိုက်ဒဏ်ရာရသူတွေကိုကယ်ဆယ်ခြင်းလည်းမပြုကြပါ။ယင်းသို့ဖြစ်ရခြင်းနှင့်ပတ်သက်၍တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်သူဦးကိုနီက အောက်ပါအတိုင်းသုံးသပ်ပြောကြားသည်။

မြန်မာနိုင်ငံတွင်ယာဉ်တိုက်မှုနှင့်ပတ်သက်၍၁၈၆၁ခုနှစ်အင်္ဂလိပ်ခေတ်ကပြဋ္ဌာန်းထားသည့်ရာဇသတ်ကြီးဥပဒေအရမော်တော်ယာဉ်ကိုပေါ့ဆစွာမောင်းနှင်သည့်အတွက်(သို့မဟုတ်)ပေါ့လျော့စွာကြမ်းကြမ်းတမ်းတမ်းမဆင်မခြင်မောင်းနှင်မှုကြောင့်သာမန်မတော်တဆမှုဖြစ်ပါကပုဒ်မ၃၃၇(ပြစ်ဒဏ်ထောင်ဒဏ်နှစ်နှစ်)၊ ပြင်းပြင်းထန်ထန်ဖြစ်ပါက၃၃၈(ပြစ်ဒဏ် ထောင်ဒဏ်ငါးနှစ်)၊သေဆုံးမှုဖြစ်ပါကပုဒ်မ၃၀၄က(ပြစ်ဒဏ်ခုနစ်နှစ်မှဆယ်နှစ်)စသဖြင့်ပုဒ်မများရှိကြသည်ဟုတရားလွှတ်တော်ရှေ့နေတစ်ဦး ဖြစ်သူဦးကိုနီကရှင်းပြသည်။

မော်တော်ယာဉ်တိုက်မှုသည်လူကိုနာကျင်စေလိုသည့်သဘော၊ သေစေချင်သည့်သဘောတို့ဖြင့် ပြုလုပ်ခြင်းမဟုတ်ဘဲမတော်တဆဖြစ်သည့် ဖြစ်ရပ်ဖြစ်သောကြောင့် ပြစ်ဒဏ်ကို ပြင်း ပြင်းထန်ထန်မထားဘဲမျှမျှတတ ပြဋ္ဌာန်းထားခဲ့သည်ဟုသူကဆိုသည်။

ထို့ကြောင့်တရားဥပဒေ၏အကာအကွယ်ကိုယာဉ်မောင်းသူလည်းရရှိသလိုလမ်းသွားလမ်းလာများလည်းရရှိသဖြင့်ယခင်ကယာဉ်မတော်တဆမှုဖြစ်ပါကယာဉ်မောင်းသည်ကားပေါ်မှဆင်းကြည့်ခြင်း၊မေးစမ်းကြည့်ခြင်းများပြုလုပ်ကာလိုအပ်ပါက ဆေးရုံသို့ပို့ပေးခြင်းများရှိခဲ့သည်ဟုဦးကိုနီကဆိုသည်။

ထို့ကြောင့်တရားဥပဒေ၏အကာအကွယ်ကိုယာဉ်မောင်းသူလည်းရရှိသလိုလမ်းသွားလမ်းလာများလည်းရရှိသဖြင့်ယခင်ကယာဉ်မတော်တဆမှုဖြစ်ပါကယာဉ်မောင်းသည်ကားပေါ်မှဆင်းကြည့်ခြင်း၊မေးစမ်းကြည့်ခြင်းများပြုလုပ်ကာလိုအပ်ပါက ဆေးရုံသို့ပို့ပေးခြင်းများရှိခဲ့သည်။

သို့သော်ယခုနောက်ပိုင်းတွင်မော်တော်ယာဉ်များများပြားလာသလိုယာဉ်မောင်းကြသူများကလည်းရမ်းရမ်းကားကားမောင်းလာကြသည်။အထူးသဖြင့်ဘတ်စ်ကားနှင့်အငှားတက္ကစီတို့သည်ငွေကြေးလောဘ၊အချိန်လောဘနှင့်အလုအယက်မောင်းလာကြသည်။ယာဉ်တိုက်မှုဖြစ်သည့်အခါတွင်လည်း ပြင်းပြင်းထန်းထန်ဖြစ်ပြီးဆုံးရှုံးမှုတွေလည်းများကြသည်။ ငွေကြေးမပြေလည်မှုအပေါ်အလုအယက်ငွေရှာကြရင်းကျူးလွန်သည့်ပြစ်မှုအတိုင်းအတာကြီးမားသွားသည့်အခါတွင်ရင်မဆိုင်ရဲတော့ဘဲထွက်ပြေးမှုများဖြစ်လာကြသည်ဟုဦးကိုနီကဆိုသည်။

““နောက်ပိုင်းထွက်ပြေးတဲ့ဇာတ်လမ်းတွေဖြစ်လာတယ်။လူတွေသေတယ်၊ကားတွေပျက်တယ်၊တရားခံထွက်ပြေးတယ်။ဖမ်းလို့မမိဘူး။ဒါတွေအားလုံးကိုသတ္တုချကြည့်မယ်ဆိုရင်တရားဥပဒေစိုးမိုးမှုကတဖြည်းဖြည်းပျက်ပြားလာတယ်””ဟုဦးကိုနီကဆိုသည်။

ထိုသို့ယာဉ်မောင်းများယာဉ်စည်းကမ်း၊လမ်းစည်းကမ်းမလိုက်နာဘဲမီးနီဖြတ်မောင်းခြင်း၊ခရီးသည်တင်လိုင်းကားများအပြိုင်အဆိုင်မောင်းနှင်ခြင်း၊ယာဉ်ကြောကို ပြောင်းပြန်မောင်းကာ ကျော်တက်မောင်းနှင်ခြင်းစသည့်ယာဉ်စည်းကမ်းချိုး ဖောက်မှုများကိုထိထိရောက်ရောက်အရေးယူမှုမပြုနိုင်ခြင်းများကြောင့်ယာဉ်မောင်းများသည်ယာဉ်စည်းကမ်းကိုချိုးဖောက်ပြီးယာဉ်တိုက်မှုများပိုမိုကျူးလွန်လာကြသည်။

ကူညီကယ်ဆယ်ရေးဘယ်လိုလုပ်ကြလဲ

မတော်တဆယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့ပါကဘေးအန္တရာယ်ကျရောက်သွားသည့်သူများကိုကယ်ဆယ်နိုင်ရန်အတွက်မည်သည့်စနစ်များကျင့်သုံးသနည်း။ယင်းနှင့်ပတ်သက်၍ မော်ကွန်းမဂ္ဂဇင်းကရန်ကုန်တိုင်းဒေသကြီးအမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့သို့ မေးမြန်းခဲ့ရာ အောက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့သည်။

အရေးပေါ်အခြေအနေတစ်ခုဖြစ်ပွားပါကနိုင်ငံတကာတွင်ကျင့်သုံးလျက်ရှိသော(“5” E Systemစနစ်ထဲမှအရေး ပေါ်သူနာပြုစုခြင်းနည်းစနစ်ကိုကျင့်သုံးသည်ဟုဆိုသည်။

(“5” E System ဟုခေါ်သောယာဉ်စည်းကမ်းထိန်းသိမ်း ရေးစနစ်ငါးမျိုးမှာ (၁) အသိပညာပေးခြင်းနည်းစနစ် (Education System)၊ (၂) စစ်ဆေးအရေးယူခြင်းနည်းစနစ် (Enforcement System) (၃) အင်ဂျင်နီယာနည်းစနစ် (Engineering System)၊ (၄) ပတ်ဝန်းကျင်အခြေအနေဆိုင်ရာထိန်းသိမ်းခြင်းနည်းစနစ် (Environment System) နှင့် (၅)အရေးပေါ်သူနာပြုစုခြင်းနည်းစနစ် (Emergency System) တို့ဖြစ်သည်။)

ယာဉ်ထိန်းရဲတပ်ဖွဲ့သူနာပြုဌာနစိတ်ဖွင့်လှစ်ပြီးယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်အမျိုးသား၊အမျိုးသမီးများကိုနိုင်ငံတကာအဆင့်အတန်းမီကြက်ခြေနီသင်တန်းများ လေ့ကျင့်သင်ကြား ပေးထားသည်ဟုယာဉ်ထိန်းရဲတပ်ဖွဲ့ကဆိုသည်။

အခင်းဖြစ်ပွားပါကချက်ချင်းကယ်ဆယ်နိုင်စေရန်အရေးပေါ်သူနာပြုယာဉ်များအသင့်ထားရှိပြီးဆက်သွယ်နိုင်ရန်အတွက်လည်းဖုန်းနံပါတ်၅၀၀၀၀၅ကိုလိုင်းဖွင့်ပေးထားသည်။အသိပညာပေးဇာတ်လမ်းတိုများကိုလည်းရုပ်မြင်သံကြားဌာနများကထုတ်လွှင့်ပေးလျက်ရှိကြောင်းအမှတ်(၂) ယာဉ်ထိန်းရဲတပ်ဖွဲ့က ပြန်လည်ဖြေကြားခဲ့သည်။

မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနနှင့်ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ပူးပေါင်းပြီးထိခိုက်မှုကာကွယ်ရေးစီမံချက်တစ်ခုကို၁၉၉၂ခုနှစ်တွင်စတင်လုပ်ကိုင်ခဲ့ကြပါသည်။

ရန်ကုန်ဆေးရုံကြီးအရိုးဌာနမှရရှိသောစာရင်းအရထိခိုက်ဒဏ်ရာရရှိမှုဖြစ်စဉ်များအနက်ယာဉ်မတော်တဆမှုကြောင့် ဖြစ်သည့်ထိခိုက်ဒဏ်ရာရမှုသည်အများဆုံးဖြစ်သည်ဟုဆိုပါသည်။

၂၀၀၉ခုနှစ်မှစတင်ကာထိခိုက်မှုများနှင့်ပတ်သက်၍ဆေးရုံကြီးငါးခု(ရန်ကုန်ဆေးရုံကြီး၊မြောက်ဥက္ကလာဆေးရုံကြီး၊မန္တလေးဆေးရုံကြီး၊မကွေးဆေးရုံကြီးနှင့်နေပြည်တော်ဆေးရုံကြီး)တို့တွင်စာရင်းကောက်ခံခဲ့ရာရရှိသောစာရင်းဇယားများကိုအခြေခံပြီးအထက်ပါအတိုင်းရလဒ်ထွက်ပေါ်လာခြင်းဖြစ်သည်ဟုအရိုးဌာနမှဌာနမှူး ဒေါက်တာသစ်လွင်ကဆိုသည်။

ထိခိုက်ဒဏ်ရာရရှိမှုများတွင်ယာဉ်တိုက်မှုကြောင့်ဖြစ်သည့်ထိခိုက်ဒဏ်ရာရရှိမှုသည်သုံးပုံတစ်ပုံရှိပြီးကျန်ရှိသည့်အရေအတွက်မှာချော်လဲခြင်း၊လူသတ်မှုဖြစ်ခြင်းစသည်တို့ ကြောင့်ဖြစ်သည်ကိုလေ့လာတွေ့ရှိခဲ့ရကြောင်း ထိခိုက်ဒဏ်ရာ ကာကွယ်ရေးစီမံချက်မန်နေဂျာလည်းဖြစ်သည့် ဒေါက်တာသစ်လွင်ကဆိုသည်။

““ယာဉ်တိုက်မှုကြောင့်ဖြစ်စေ၊အခြားထိခိုက်မှုကြောင့်ဖြစ် စေ၆ဒသမ၃ရာခိုင်နှုန်းလောက်ပဲလူနာတင်ယာဉ်နဲ့ ရောက်လာတာ။ကျန်တဲ့၉၀ရာခိုင်နှုန်းကျော်ကနီးစပ်ရာယာဉ်၊ထမ်းစင်၊လှည်းတို့နဲ့ရောက်လာတာကိုတွေ့ရတယ်””ဟုတစ်နိုင်ငံလုံးအတိုင်းအတာရ လေ့လာတွေ့ရှိချက်စာရင်းဇယားကိုကိုးကား၍ ဒေါက်တာသစ်လွင်ကဆိုသည်။

““ဒါကဘာကိုမီးမောင်းထိုးပြသလဲဆိုတော့လူနာပြုစုခြင်းနဲ့လူနာကိုစနစ်တကျသယ်ယူပို့ဆောင်ခြင်းအပိုင်းမှာအားနည်းနေတာကို တွေ့ရတယ်””ဟု၎င်းကဆိုသည်။

အဆိုပါအားနည်းချက်များကြောင့်ထိခိုက်ဒဏ်ရာရရှိမှုတစ်စုံတစ်ရာဖြစ်၍လူနာကိုသယ်ဆောင်လာသည့်အခါတွင်စနစ်မကျမှုနှင့်အချိန်မီရောက်ရှိလာခြင်းမရှိသည့်အတွက်ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေမှာပိုမိုဆိုးရွားသွားတတ်သည်ဟုဆိုပါသည်။

““အရေးပေါ်ဌာနကိုနိုင်ငံတကာအဆင့်မီအောင်ကုသမှုအပိုင်းတွေမှာပစ္စည်းတွေကိုပိုပြီးတော့တိုးတက်လုပ်ဆောင်တာကို တွေ့ရတယ်””ဟု ဒေါက်တာသစ်လွင်ကဆိုသည်။

““ရန်ကုန်ဆေးရုံကြီးမှာ လေးနှစ်တာကာလကို ပြန်ကြည့်ရင်မပြောင်းလဲတာကတော့ယာဉ်တိုက်မှုဖြစ်စဉ်ကနံပါတ် (၁) မှာရှိတယ်””ဟုလည်းသူကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးတွင်ယာဉ်ထိန်းရဲတပ်ဖွဲ့သည်အရေးပေါ်အခြေအနေများကိုကူညီကယ်ဆယ်ရန်အတွက်လူနာတင်အရေးပေါ်ကယ်ဆယ်ရေးဌာနကို၂၀၀၆ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့သည်။အဆိုပါတပ်ဖွဲ့တွင်ပါဝင်သူတို့သည်ရှေးဦးသူနာပြုနည်းတို့ကိုမြန်မာနိုင်ငံကြက်ခြေနီအသင်း၊ရန်ကုန်ဆေးရုံကြီးရှိအရေးပေါ်သင်တန်း၊ကုသနည်း၊သယ်ဆောင်နည်း၊နိုင်ငံခြားအဖွဲ့အစည်းများကကုသကယ်ဆယ်နည်းများကိုသင်ကြားထားပြီးဖြစ်သည်ဟုဆိုသည်။

(အဆိုပါအဖွဲ့သည်ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်းဖြစ်ပွားသည့်မော်တော်ယာဉ်တိုက်မှုအပါအဝင်မီးရထား၊သင်္ဘောစသည့်မတော်တဆဖြစ်ခြင်း၊သစ်ပင်ပိခြင်း၊တိုက်ပြိုခြင်းနှင့်သဘာဝအရဖြစ်သည့်မတော်တဆမှုများကိုလည်းကူညီပေးလျက်ရှိသည်။)

ရန်ကုန်တိုင်းဒေသကြီးအမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့၊အရေးပေါ်ကယ်ဆယ်ရေးဌာနတွင်အရေးပေါ်ယာဉ်မောင်းတာဝန်ထမ်းဆောင်လျက်ရှိသည့်ရဲတပ်ကြပ်ဦးဇော်မင်းဌေးက““ယာဉ်မတော်တဆမှုတွေကတော့ပိုများလာတယ်။ညဘက်ဖြစ်တာပိုများတယ်။ကားများလေထိခိုက်မှုကပိုများလာလေပဲ””ဟုဆိုသည်။

တစ်ဖက်တွင်လည်းကားကျပ်သည့်အတွက်လူနာတင်ယာဉ်နှင့်ကူညီကယ်ဆယ်နေသည့်အပိုင်းတွင်သွားလာရခက်ခဲသည့်အခြေအနေများနှင့်ကြုံတွေ့လာရသည်ဟုဆိုသည်။ယာဉ်ထိန်းရဲရှိသည့်နေရာတွင်ယာဉ်ထိန်းရဲကလမ်းရှင်းပေးသော်လည်းယာဉ်ထိန်းရဲမရှိသည့်နေရာများ၊မှတ်တိုင်လိုနေရာများနှင့်လမ်းကြိုလမ်းကြားဝင်ရသည့်နေရာမျိုးများတွင်ကြန့်ကြာမှုများကြုံတွေ့လာရသည်။

ယခုနောက်ပိုင်းတွင်တချို့သောယာဉ်မောင်းများသည်သူနာတင်ယာဉ်ကိုလမ်းဖယ်ပေးခြင်းပင်မပြုကြကြောင်းရဲတပ်ကြပ်ဦးဇော်မင်းဌေးကဆိုသည်။

အရေးပေါ်ကယ်ဆယ်ရေးဆောင်ရွက်ရာတွင်ကြန့်ကြာမှုဖြစ်ရခြင်းအကြောင်းတစ်ရပ်နှင့်ပတ်သက်ပြီး၎င်းကယခုလိုဆိုသည်။

““တကယ်မဟုတ်ဘဲနဲ့ဖုန်းဆက်ပြောတာသုံး၊ လေးကြိမ်ခံဖူးတယ်။ဟိုရောက်တော့မရှိဘူး။ နောက်ပိုင်းဆိုရင် သေချာအတည်ပြုချက်ယူပြီးမှသွားရတယ်။ဒါကြောင့်လည်းကြန့်ကြာမှုတွေ ဖြစ်တာရှိတယ်””

ထိုသို့သောအကြောင်းအရင်းများကြောင့်အခင်းဖြစ်ပွားသည့်နေရာသို့အချိန်မီမသွားနိုင်ခြင်းများရှိသလိုတစ်ဖက်တွင်လည်းကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်သည့်တပ်ဖွဲ့အင်အားနည်းနေသေးသည်ဟုဆိုပါသည်။

““ကားနှစ်စီးမှာတပ်ဖွဲ့ဝင်အင်အားကိုးယောက်ပဲရှိတယ်။လူအင်အားတော့မလုံလောက်ဘူး။တတ်နိုင်သလောက်တော့လုပ်နေပါတယ်။ခန့်မှန်းခြေတစ်လကိုအကြိမ်၂၀ကနေ၄၀၀န်းကျင်လောက်ကိုကူညီပေးနေရပါတယ်””ဟုရဲတပ်ကြပ်ဦးဇော်မင်းဌေးကဆိုသည်။

မြန်မာနိုင်ငံတွင် ဆေးရုံတိုင်းလူနာတင်ယာဉ်ရှိသော်လည်းလူနာတင်ယာဉ်တစ်စီးတွင်ရှိအပ်သည့်အင်္ဂါရပ်များ၊လူနာတင်ယာဉ်ပေါ်တွင်လိုက်ပါမည့်ပုဂ္ဂိုလ်များ၏အရည်အချင်း၊လုပ်ပိုင်ခွင့်များစသည်တို့၏သတ်မှတ်ချက်များသည်ပြီးပြည့်စုံသည့်အခြေအနေတစ်ခုမဟုတ်သေးကြောင်း၊လက်ရှိအသုံးပြုနေသည့်ယာဉ်များသည်သတ်မှတ်ချက်များမပြည့်စုံသေးဘဲလူနာကို ဆေးရုံသို့သယ်ဆောင်ပေးသည့် “လူနာသယ်ယာဉ်”အဆင့်သာရှိသေးကြောင်း၎င်းကဆိုသည်။

ရန်ကုန်မန္တလေးအဝေးပြေးအမြန်လမ်းမပေါ်တွင်ယာဉ်မတော်တဆထိခိုက်ဒဏ်ရာရသူများကိုကူညီနိုင်ရန်အတွက်ဖြူးမြို့အနီးရှိ၁၁၅မိုင်တွင်လူနာတင်ယာဉ်တစ်စီးနှင့်ရှေးဦးသူနာပြုစခန်းတစ်ခု၊မိတ္ထီလာ၂၁၈မိုင်ယာဉ်ရပ်နားစခန်းတွင်လူနာတင်ယာဉ်များထားရှိထားသည်။

အဆိုပါလူနာတင်ယာဉ်တွင်လိုက်ပါမည့်သူများကိုရှေးဦးသူနာပြုနည်းများသင်ကြားပေးထားသည်ဟုဆိုသည်။အလားတူအဝေးပြေးယာဉ်လိုင်းများရှိယာဉ်အကူ(အမျိုးသမီး၊အမျိုးသား)များကိုလည်း ရှေးဦးသူနာပြုသင်တန်းများ ပေးထား ကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းမှစီမံချက်ညှိနှိုင်းရေးမှူးဦးဇော်ထူးဦးကဆိုသည်။

““မတော်တဆဖြစ်ရင်သတင်းရဖို့အတွက်အကွေ့လိုနေရာမျိုး။မတော်တဆဖြစ်နိုင်တဲ့နေရာမျိုးမှာဆက်သွယ်ရေးစနစ်၊အရေးပေါ်တယ်လီဖုန်းတို့ထားဖို့လိုတယ်။ဘယ်နှမိုင်အကွာမှာတစ်ခုဆိုတာမျိုးပေါ့။အမြန်လမ်းမှာကလုပ်တော့လုပ်တယ်။သူများနိုင်ငံတွေနဲ့ယှဉ်ရင်တော့အားနည်းချက်တော့ရှိနေသေးတယ်””ဟုဦးဇော်ထူးဦးကဆိုသည်။

တခြားသောနိုင်ငံများနှင့်နှိုင်းယှဉ်ကြည့်မည်ဆိုပါကလုပ်ထုံးလုပ်နည်းနည်းပညာပိုင်းတွင်ကွာခြားမှုမရှိသော်လည်းလုပ်ငန်သုံးပစ္စည်း(Facility)ပြည့်စုံမှုတွင်ကွာခြားမှုရှိကြောင်း၊တခြားသောနိုင်ငံများတွင်အရေးပေါ်ကယ်ဆယ်ရေးအတွက်လိုအပ်သည့် အောက်စီဂျင်ပေးသည့်စက်၊နှလုံးနှိုးပေးသည့်စက်များအလုံအလောက်ရှိသော်လည်းမိမိတို့တွင် ငွေကြေးမတတ်နိုင်သဖြင့်လုံလောက်မှုမရှိကြောင်း၎င်းကဆိုသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမတွင်အရေးပေါ်အခက်အခဲနှင့်မတော်တဆမှုများ ဖြစ်ပွားပါကအမြန်ဆုံးအကူအညီ တောင်းခံနိုင်စေရန် Hot Line နံပတ် 1880 ကိုဇူလိုင်လ၂၈ရက်တွင်စတင်အသုံးပြုခဲ့ကြသည်။ အဆိုပါဖုန်းနံပါတ်အားဆက်သွယ်လိုက်ပါကအခင်းဖြစ်သည့်နေရာနှင့်အနီးဆုံးရဲတပ်ဖွဲ့၊မီးသတ်တပ်ဖွဲ့၊ ပြုပြင်ထိန်းသိမ်းရေးအင်ဂျင်နီယာအဖွဲ့၊ကြက်ခြေနီအဖွဲ့၊အမြန်လမ်းပေါ်ရှိအစိုးရအဖွဲ့အစည်းများ၊လူမှုရေးအသင်းများ၊ကားဝပ်ရှော့များသို့အမြန်ဆုံးဆက်သွယ်နိုင်မည် ဖြစ်သည်။

ယင်းဖုန်းနံပါတ်သို့ဆက်သွယ်လိုက်ပါကအကူအညီလိုအပ်သည့်နေရာ၊အကူအညီတောင်းခံသူအမည်တို့ကို မေးမြန်းပြီးလိုအပ်သည့်အကူအညီများရရှိနိုင်စေရန်အနီးဆုံးအဖွဲ့သို့ဆက်သွယ်ပေးမှာ ဖြစ်သလိုအမြန်လမ်းတစ်လျှောက်ရှိနီးစပ်ရာ ဆေးရုံ၁၀ရုံသို့လည်းလိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ပေးနိုင်ရန်အကြောင်းကြားပေးသွားမည်ဖြစ် ကြောင်းဇူလိုင်လ၂၈ရက်နေ့တွင် ပြုလုပ်ခဲ့သည် Hot Line No.1800 မိတ်ဆက်ပွဲတွင်သက်ဆိုင်ရာတာဝန်ရှိသူများက ပြောကြားသည်။

““ယာဉ်မတော်တဆမှုကမဖြစ်လေကောင်းလေပေါ့။ ဖြစ်ပြီဆိုရင်လည်းသတင်းရဖို့၊ချက်ချင်းပြုစုပေးဖို့၊လူနာကို ဆေးရုံ၊ဆေးခန်းအမြန်ဆုံးပို့ပေးဖို့လိုတယ်။ဒီအချက်တွေကအဓိကပဲ။မြန်မြန်လုပ်ပေးနိုင်ရင်တော့လူအသက်မသေအောင်ကာကွယ် ပေးနိုင်တာပေါ့””ဟု မြန်မာနိုင်ငံကြက်ခြေနီအသင်းမှဦးဇော်ထူးဦးကဆိုသည်။

အားလုံးကူညီကြပါ

ယာဉ်တိုက်မှုအပါအဝင်မည်သည့်မတော်တဆမျိုးဖြစ်စေဒဏ်ရာရရှိမှုများရှိပါကလူအများစုသည်ဝိုင်းဝန်းကူညီကြသည့်အလေ့အထထက်အမှုအခင်းဖြစ်မည်ကိုကြောက်ပြီး ရှောင်ဖယ်သွားကြသူကများလေသည်။

ထို့ကြောင့်မတော်တဆမှုကြောင့်ဒဏ်ရာရရှိသူတို့သည်အချိန်မီမကယ်နိုင်ခြင်းကြောင့်မသေသင့်ဘဲ သေဆုံးရသည့်အဖြစ်များရှိပါသည်။

““လူတစ်ယောက်ကိုကယ်ဆယ်ဖို့အတွက်လူတိုင်းမှာတာဝန်ရှိတယ်။တာဝန်ရှိတဲ့အတွက်လုပ်လို့လည်းရတယ်။လုပ်ခွင့်ရှိတယ်။ကျွန်တော်တို့ရောက်မလာသေးခင်မှာကူညီပြုစုပေးထားလို့ရတယ်””ဟုယာဉ်ထိန်းရဲတပ်ဖွဲ့၊အရေးပေါ်ကယ်ဆယ် ရေးဌာနမှရဲတပ်ကြပ်ဦးဇော်မင်းဌေးကဆိုသည်။

ယာဉ်မတော်တဆဖြစ်ပါကအနီးဆုံးရဲစခန်း၊ယာဉ်ထိန်းရဲတပ်ဖွဲ့၊ဖုန်းနံပါတ်၅၀၀၀၀၅နှင့်အနီးဆုံးရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့ဆက်သွယ်အကြောင်းကြားနိုင်သည်ဟုလည်းဦးဇော်မင်းဌေးကဆိုသည်။

ဒဏ်ရာရသူများကို ပြုစုကုသပေးကာ ဆေးရုံပို့ပေးသည့်အတွက်သက်သေလိုက်ရမည်ဆိုသည့် ရှေးရိုးစွဲအယူအဆများနှင့်မရှောင်ရှားသင့်ကြောင်းလည်းသူကဆိုသည်။

မတော်တဆမှုဖြစ်၍ဒဏ်ရာရနေသူများကိုမိမိတို့မလာသေးခင်အချိန်တွင်ပတ်ဝန်းကျင်မှပြည်သူများကဝိုင်းဝန်းကူညီပေးသင့်ကြောင်း၊သွေးထွက်နေပါကသွေးထွက်မလွန်စေရန်ဒဏ်ရာကိုအဝတ်စနှင့်စည်းပေးခြင်း၊လူနာသည်လမ်းလယ်သို့ ရောက်နေပါကလမ်းဘေးသို့ ရွှေ့ပေးထားခြင်း၊နီးစပ်ရာဆေးရုံသို့ဦးစွာပို့နိုင်ရန်ဝိုင်းဝန်းကူညီခြင်းစသဖြင့်ကူညီပေးနိုင် ကြောင်း၊ထိုသို့မဟုတ်ဘဲမိမိတို့ရောက်သည့်အချိန်အထိ စောင့်ဆိုင်းမည်ဆိုပါကလူနာသည်အသက်အ္တရာယ်စိုးရိမ်ရနိုင် ကြောင်းဦးဇော်မင်းဌေးကဆိုသည်။

ရန်ကုန်ဆေးရုံကြီးအရိုးရောဂါဌာနရှိထိခိုက်ဒဏ်ရာကာကွယ်ရေးစီမံချက်မန်နေဂျာဒေါက်တာသစ်လွင်ကတော့အထက်ပါကိစ္စနှင့်ပတ်သက်၍ယခုလိုမှတ်ချက်ပြုသည်။

““လူနာတစ်ယောက်အရေးပေါ်ဖြစ်ရင်ဆရာဝန်ပဲပြေးမြင်ကြတယ်။တကယ်ကအနီးဆုံးအနားမှာရှိတဲ့လူကအရင်ထိတွေ့တာ။သူကပြုစုထားမယ်။ပတ်ဝန်းကျင်ကိုအကူအညီတောင်းမယ်။လူနာတင်ကားရောက်လာမယ်ဆိုရင်အသက်အ္တရာယ်ကင်းမယ်။ဒါကြောင့်ပြည်သူလူထုအားလုံးအရေးပေါ်ပြုစုနည်းတွေကိုသင်ကြားတတ်မြောက်ထားရင်အင်မတန်အသုံးဝင်တယ်””ဟုဆိုသည်။

ယင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှစီမံချက်ညှိနှိုင်းရေးမှူးဦးဇော်ထူးဦးကလည်း ““သွေးထွက်နေရင် သွေးတိတ်အောင်လုပ်တဲ့နည်း၊အသက်ရှူကျပ်နေရင်အသက်ရှူအောင်လုပ်တဲ့နည်း၊ဒီလို ရှေးဦးသူနာပြုစုနည်းတွေသိထားဖို့လိုတယ်””ဟုမှတ်ချက်ပြုသည်။

ထိခိုက်ဒဏ်ရာရရှိသဖြင့်မိမိကကူညီကယ်ဆယ်လိုက်၍ဝေဒနာသက်သာလာသည်ဆိုပါကမည်သို့မျှပြဿနာမရှိ။မိမိကြောင့်လူနာအခြေအနေပိုမိုဆိုးရွားသွားသည်၊မိမိကြောင့်လူနာအသက်ဆုံးရှုံးသွားသည်ဆိုပါကအမှုပတ်မည်စိုးသည့်အပြင်မတော်တဆဖြစ်မှုတစ်ခုတွင်ပါဝင်ကူညီလိုက်ရခြင်းကြောင့်လည်းသက်သေအဖြစ်သက်ဆိုင်ရာ၏စစ်ဆေးမှုကိုခံရမည်၊တရားရုံးသို့လိုက်ပေးရမည်ကိုစိုးရိမ်ကြသဖြင့်ကူညီချင်သည့်စိတ်ရှိသည့်တိုင်မကူညီဖြစ်ကြပေ။

ယင်းနှင့်ပတ်သက်၍တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်သည့်ဦးကိုနီကယခုလိုရှင်းလင်းပြောသည်။

““စင်ကာပူလို၊အမေရိကားလိုနေရာမျိုးမှာလည်းကားတိုက်မှုဖြစ်ရင်ဘေးလူကသက်ဆိုင်ရာကိုဖုန်းဆက်အကြောင်းကြားတယ်။သူတို့သွားမကိုင်ဘူး။ကိုယ်လုပ်လိုက်မှပိုဆိုးသွားရင်နောက်ဆက်တွဲတရားစွဲခံရ၊လျော်ရတာကအများကြီး။ဒါကတရားဥပဒေနဲ့ဆိုင်တဲ့ဗဟုသုတရှိလို့ဝင်မပါတာ။

““ဒီမှာကျတော့တစ်မျိုး။ဥပဒေနဲ့မစဉ်းစားဘူး။ဒုက္ခဖြစ်နေတာကိုကယ်ချင်တဲ့စိတ်နဲ့ဝင်လုပ်တယ်။အဲဒါကြောင့်တရားလည်းစွဲလို့မရဘူး””ဟု၎င်းကဆိုသည်။

ယခင်ကစိတ်စေတနာထားကာမိမိတို့၏အသိစိတ်ဖြင့်လူတစ်ယောက်၏အသက်ကိုကယ်တင်ကြသည်။ကူညီကြသည်။လူ့အသက်ကိုကယ်တင်ဖို့အတွက်သာအာရုံစိုက်လုပ်ကြသည်။သို့သော်ယခုနောက်ပိုင်းတွင်ထိုသို့သိပ်မလုပ်ကြတော့။ယင်းမှာလည်းတရားဥပဒေစနစ်နှင့်သာသက်ဆိုင်နိုင် ကြောင်းဦးကိုနီကသုံးသပ်သည်။

သို့သော်မိမိတို့၏ လောကနီတိ၊ ပြည်သူ့နီတိ၊ မြန်မာ့ယဉ် ကျေးမှုရှုထောင့်များကကြည့်မည်ဆိုပါကမိမိတို့လူ့အဖွဲ့အစည်းသည်အရင်လိုမဟုတ်တော့ကြောင်း၊အမျိုးသားရေးယဉ်ကျေးမှုသည်တိုးတက်မလာဘဲဆုတ်ယုတ်သွားသည့်သဘောကိုစိတ်မကောင်းစရာအဖြစ် တွေ့နေရကြောင်း၊ထိုအရာ၏အဓိက ပြဿနာမှာတရားဥပဒေစနစ်မခိုင်မာခြင်း၊တရားဥပဒေစနစ်အားနည်းခြင်းကြောင့်သာဖြစ်ကြောင်း၎င်းကဆိုသည်။

““တရားဥပဒေစနစ်သာအားကောင်းရင်လူတိုင်းဒါကို ကြောက်မှာမဟုတ်ဘူး။ မြင်တာကို ပြောမယ်။ဝင်ကူညီမယ်။ဒီလိုမှမဟုတ်ရင်အမှုမှာသက်သေလိုက်မယ့်လူတွေနည်းလာမယ်။တစ်နည်းအားဖြင့်ရာဇဝတ်မှုကိုကြိုတင်ကာကွယ်ဟန့်တားမယ့်အပိုင်းကနည်းလာတဲ့အခါကျတော့ရာဇဝတ်မှုကျူးလွန်နေတဲ့သူတွေအတွက်အခွင့်အလမ်းပိုဖြစ်သွားတယ်””ဟုဦးကိုနီကသုံးသပ်သည်။

မတော်တဆထိခိုက်ဒဏ်ရာရရှိသူများကိုစိုးရိမ်စိတ်ကင်းစွာဖြင့်ကူညီကယ်ဆယ်နိုင်ရန်အတွက်ကူညီသူများကိုဥပဒေအရကာကွယ်ပေးထားသင့်ကြောင်း၊ယခုအခါလွှတ်တော်တွင်မတော်တဆထိခိုက်ဒဏ်ရာရသူများကိုကူညီခြင်းနှင့်သက်ဆိုင်သည့်ဥပဒေပြဋ္ဌာန်းရန်ကြိုးစားလာခြင်းမှာလည်း ကောင်းမွန်သည့်အလားအလာဖြစ်ကြောင်းဦးဇော်ထူးဦးကဆိုသည်။

လက်ရှိလုပ်ထုံးလုပ်နည်းကတော့ယာဉ်တိုက်မှုတစ်ခုခုဖြစ်ပါကရာဇဝတ်မှုဖြစ်သောကြောင့်ရာဇဝတ်မှုဆိုင်ရာလုပ်ထုံးလုပ်နည်းများအတိုင်းလုပ်ကိုင်နေဆဲဖြစ်သည်။မတော်တဆမှု ဖြစ်၍ထိခိုက်ဒဏ်ရာရရှိပါကနီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများတွင်ပြသခွင့်မရှိဘဲရန်ကုန်ပြည်သူ့ဆေးရုံကြီး၊အရေးပေါ်ဌာနသို့သာသွားနေရသည်။ပြီးလျှင်အရေးပေါ်တွင်မှုခင်းရဲကိုအကြောင်းကြားရသည်။

အသက်ကယ်ခြင်းကို အဓိက မလုပ်ဘဲ ခေတ်နောက်ကျနေ သည့် ထိုသို့သော လုပ်ထုံးလုပ်နည်းများကိုလည်း ပြင်ရမည် ဖြစ် ကြောင်း ဦးကိုနီက ဆိုသည်။

““ဆေးခန်းဖြစ်ဖြစ်၊ ဆေးရုံဖြစ်ဖြစ်၊ ပုဂ္ဂလိကဖြစ်ဖြစ်။ အစိုးရပဲဖြစ်ဖြစ် လူနာရောက်လာရင် အမြန်ဆုံး သူ့အသက်ကို ကယ်ရမယ်။ ဟိုသွားလိုက်ဦး၊ ဒီသွားလိုက်ဦးဆိုတဲ့ လုပ်ထုံးလုပ် နည်းပိုင်းကို ဖြေလျော့ပြီးတော့ အသက်ကယ်တဲ့အပိုင်းကို ဦး တည်ဖို့အတွက် လိုအပ်တဲ့ ဥပဒေစည်းမျဉ်းနည်းဥပဒေကို ပြဋ္ဌာန်းပေးဖို့လိုတယ်””ဟု ၎င်းင်းက ဆက်လက်ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူများသည် ဆေးရုံကြီးနှင့် အလှမ်း ဝေးနေသည်ဆိုပါက ၎င်းင်းအား ဆေးရုံကြီးသို့ တိုက်ရိုက်ခေါ်ဆောင် လာမည့်အစား နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွင်သာ ဦးစွာပြသ သင့်ကြောင်း၊ အကြီးစားခွဲစိတ်မှုပြုလုပ်ရန် လိုအပ်သည်ဆိုမှ သာ ထိုဆေးရုံ၊ ဆေးခန်းမှတစ်ဆင့် ဆေးရုံကြီးသို့ ပို့ဆောင်ပေး ခြင်းက ပိုမိုစနစ်ကျကြောင်း ဒေါက်တာသစ်လွင်ကဆို သည်။

မြန်မာနိုင်ငံတွင် ယာဉ်မတော်တမှုဖြစ်စဉ်များကို လျှော့ချ ရန်နှင့် ဖြစ်လာလျှင်လည်း မည်သို့ကယ်ဆယ်ကုသရေးလုပ်မည် တို့နှင့်ပတ်သက်ပြီး ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင် မည့် နိုင်ငံတော်အဖွဲ့အစည်း လောလောဆယ်တွင် မရှိသေးပေ။

ယခုလက်ရှိတွင် ယာဉ် အ္တရာယ်ကင်းရှင်းရေး စီမံချက်များကို ဌာနဆိုင်ရာများ ပူးပေါင်းပြီး လုပ်ဆောင်သော်လည်း ယင်း အတွက် သီးသန့်ဘတ်ဂျက်မရှိသေးကြောင်း ဒေါက်တာသစ်လွင် က ဆိုသည်။

““သီးသန့်ဘတ်ဂျက်မရှိတဲ့အခါကျတော့ ယာဉ်အ္တရာယ် ကင်းရှင်းရေးလုပ်တဲ့အခါမှာ ကိုယ့်ဌာနက ဘတ်ဂျက်တွေကို လှည့်သုံးနေရတယ်။ ယာဉ်အ္တရာယ်ကင်းရှင်းရေးကို အမျိုးသား အဆင့် ထိထိရောက်ရောက်လုပ်မယ်ဆိုရင် ဦးဆောင်အဖွဲ့ အစည်းနဲ့ သူ့အတွက်ကုန်ကျမယ့် သီးသန့်ဘတ်ဂျက်ရှိဖို့လိုတယ်။ ဒါကိုလည်း အားလုံးသော ဌာနဆိုင်ရာတွေက ဖြစ်စေချင်တဲ့ သဘောရှိနေတယ်””ဟု ဒေါက်တာသစ်လွင်က ပြောသည်။

မြန်မာနိုင်ငံတွင် မော်တော်ယာဉ်စီးရေ တစ်နေ့တခြား တိုး များလာသလို နောင်တွင်လည်း ယခုထက် ပိုမိုများပြားလာဖို့သာ ရှိသည်။ လမ်း၊ တံတားများကိုလည်း ပြည်နယ်နှင့် တိုင်းဒေသကြီး များသို့ ကွန်ရက်သဖွယ် တည်ဆောက်လာမည်ဆိုပါက တခြား ပြည်နယ်နှင့် တိုင်းဒေသကြီးများပါ ဖွံ့ဖြိုးလာပြီး နယ်မြို့များ တွင်လည်း မော်တော်ယာဉ် သုံးစွဲသူ ပို၍ များလာမည်ဖြစ်သည်။

ထိုအခါ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာသည့် ယာဉ် မောင်းများ များပြားနေမည်ဆိုပါက၊ ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းများ ထိန်းသိမ်းပေးမည့်သူများ အလုံအလောက်မရှိဟုဆို ပါက၊ သို့မဟုတ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းချိုးဖောက်သူတို့ ကို ထိထိရောက်ရောက် အရေးယူနိုင်သည့် စနစ်မရှိဟု ဆိုပါက အနာဂတ်တွင် မြန်မာနိုင်ငံသည် ယာဉ်အန္တရာယ်ကိုကြီးမားစွာ ကြုံတွေ့လာရဖွယ် ရှိသည်။

ထို့အတူ ယာဉ်အန္တရာယ်ဖြစ်၍ ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိသည့်အခါတွင်လည်း ထိရောက်သည့် အရေးပေါ်ကယ်ဆယ် ရေးစနစ်များ ပြင်ဆင်ထားခြင်း မလုပ်ပါက များစွာသော ပြည်သူ တို့အသက်သည် တန်ဖိုးမဲ့ ဆုံးရှုံးရမည်သာဖြစ် သည်။

ထို့ကြောင့် အစိုးရအနေဖြင့် အနာဂတ်တွင် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် ပတ်သက်သည့် ဗျူဟာများ ရေးဆွဲဆောင်ရွက် ဖို့ လိုအပ်လာပြီဖြစ်သည်။

သို့မဟုတ်လျှင် ယာဉ်အန္တရာယ်သည် လက်ရှိ သမ္မတ ဦးသိန်းစိန်ဖြစ်စေ၊ ၂၀၁၅ အလွန်တက်လာမည့် အစိုးရဖြစ်စေ မလွဲမသွေကြုံရမည့် ကြီးမားသည့် စိန်ခေါ်မှုသာဖြစ်ကြောင်း ကျွနု်ပ်တို့မော်ကွန်းမဂ္ဂဇင်းက ထောက်ပြလိုက်ရပါသည်။[:en]နိုင်ငံရေးအပြောင်းလဲမှုဖြစ်စဉ်များ နှင့်အတူ မော်တော်ကား ကဏ္ဍသည်လည်း သိသာသည့်ပြောင်းလဲမှုတစ်ခုဖြစ်ခဲ့သည်။

သို့မဟုတ်လျှင် ယာဉ်အန္တရာယ်သည် လက်ရှိ သမ္မတ ဦးသိန်းစိန်ဖြစ်စေ၊ ၂၀၁၅ အလွန်တက်လာမည့် အစိုးရဖြစ်စေ မလွဲမသွေကြုံရမည့် ကြီးမားသည့် စိန်ခေါ်မှုသာဖြစ်ကြောင်း ကျွနု်ပ်တို့မော်ကွန်းမဂ္ဂဇင်းက ထောက်ပြလိုက်ရပါသည်။—

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."