စည်သူ
ရန်ကုန် – ၂၀၂၁ ဇန်နဝါရီ ၂၁ (မော်ကွန်း)
အသည်းကင်ဆာရောဂါကို နိုင်ငံခြားမှာ ခွဲစိတ်ကုသမှုခံရဖို့ ရှိနေတာကြောင့် Music Zone KTV ပိုင်ရှင် ဦးဇော်မင်းကို သင်္ဃန်းကျွန်းမြို့နယ်တရားရုံးက အာမခံပေးလိုက်တယ်လို့ သူ့ရဲ့ ရှေ့နေ ဦးဇော်သိန်းထွန်းက ပြောပါတယ်။
ပထမတစ်ကြိမ် ကျန်းမာရေးအာမခံလျှောက်စဉ်တုန်းက အစိုးရရှေ့နေတွေရဲ့ ကန့်ကွက်မှုကြောင့် မရခဲ့ပေမယ့် ဒီဇင်ဘာ ၈ ရက်တုန်းက ဒုတိယအကြိမ်တင်ပြခဲ့တဲ့ အာခမံပေးဖို့ လျှောက်ထားချက်ကို တရားရုံးက ခွင့်ပြုပေးလိုက်တာလို့၎င်းက ပြောပါတယ်။
COVID-19 ရောဂါပိုး ကူးစက်မှုမြင့်တက်နေစဉ်ကာလအတွင်းမှာ KTV ဖွင့်လှစ်ခဲ့တာကြောင့် ရောဂါပိုး အစုလိုက်အပြုံလိုက် ကူးစက်မှုဖြစ်စေခဲ့တဲ့ ဦးဇော်မင်းနဲ့ သူ့ဆိုင်မန်နေဂျာတို့ကို သဘာဝဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ (၂၅)နဲ့ အာဏာပိုင်တွေက တရားစွဲခဲ့ပါတယ်။ သူတို့ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၁၆ ရက်ကစပြီး ဖမ်းဆီးခံခဲ့ရကာ အမှုရင်ဆိုင်နေရတာပါ။
လက်တလောမှာ ဆိုင်မန်နေဂျာဖြစ်သူဟာ အင်းစိန်ထောင်ထဲမှာပဲရှိနေသေးပြီး ဦးဇော်မင်းရဲ့ ကျန်းမာရေးအခြေအနေကြောင့် အမှုကိုလည်း မစစ်ရသေးဘူးလို့ သူတို့ရှေ့နေက ပြောပါတယ်။
သူတို့ကို သင်္ဃန်းကျွန်းမြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာစောအောင်ရွှေဖြူက တရားလိုပြုလုပ်ပြီး တရားစွဲဆိုထားတာဖြစ်ပါတယ်။
သူတို့ကို စွပ်စွဲထားတဲ့ ပုဒ်မတွေဟာ ပြစ်မှုထင်ရှားခဲ့ရင် သုံးနှစ်ထက်မပိုတဲ့ ထောင်ဒဏ်ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ပြဌာန်းထားတဲ့ ပုဒ်မတွေပါ။
လတ်တလောမှာ ရန်ကုန်မြို့ကို နေအိမ်တွင်နေထိုင်ရေး(Stay at Home) သတ်မှတ်ထားသလို သင်္ဃန်းကျွန်းမြိုနယ်ဟာလည်း ရောဂါပိုးကူးစက်ခံရသူ ၄,၅၅၀ ကျော်အထိ ရှိနေတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ပုံစာ- Music Zone KTV ပိုင်ရှင် နဲ့ မန်နေဂျာတို့ကို အောက်တိုဘာ ၁၆ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ်တရားရုံးတွင် ရုံးထုတ်ေခါ်ေဆာင်လာစဉ်
ဓာတ်ပုံ : SITHU
#Dailynews

