စည်သူ
ရန်ကုန် – ၂၀၂၀ ဒီဇင်ဘာ ၈ (မော်ကွန်း)
COVID-19 ရောဂါ အစုလိုက်အပြုံလိုက် ကူးစက်မှုဖြစ်စေခဲ့တဲ့ Music Zone KTV ပိုင်ရှင် ဦးဇော်မင်းနဲ့ဆိုင်မန်နေဂျာတို့ဟာ ကျန်းမာရေး မကောင်းတာကြောင့် သင်္ဃန်းကျွန်းမြို့နယ်တရားရုံးမှာ ဒီနေ့ဒုတိယအကြိမ်အာမခံလျောက်ထားတာဖြစ်တယ်လို့ စွပ်စွဲခံရသူဘက်က လိုက်လံဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးဇော်သိန်းထွန်းက ပြောပါတယ်။
ပထမအကြိမ် အာမခံလျောက်ထားမှုကို အစိုးရရှေ့နေများက ကန့်ကွက်တာကြောင့် မြို့နယ်တရားရုံးက စောသေးတယ်ဆိုပြီး အောက်တိုဘာ ၂၇ရက်က ပယ်ချခဲ့ပါတယ်။
သူတို့ကို သင်္ဃန်းကျွန်းမြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာစောအောင်ရွှေဖြူက တရားလိုပြုလုပ်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ(၂၅)နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။
ဒီအမှုကို တရားလွှတ်တော်ရှေ့နေ ဦးဇော်သိန်းထွန်းအပါအဝင် ရှေ့နေ ငါးဦးနဲ့ Music Zone ဘက်က ရင်ဆိုင်မှာဖြစ်ပါတယ်။
စွပ်စွဲထားတဲ့ပုဒ်မအရ ပြစ်မှုထင်ရှားရင် သုံးနှစ်ထက်မပိုတဲ့ ထောင်ဒဏ်ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။
လတ်တလောမှာ ရောဂါပိုးကူးစက်မှုမြင့်တက်နေတဲ့ ရန်ကုန်မြို့ကို နေအိမ်တွင်နေထိုင်ရေး(Stay at Home) သတ်မှတ်ထားသလို သင်္ဃန်းကျွန်းမြိုနယ်ဟာလည်း ရောဂါပိုးကူးစက်ခံရသူ အယောက် ၃,၇၇၀ ကျော်အထိ ရှိနေတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ပုံစာ- Music Zone KTV ပိုင်ရှင် နဲ့ မန်နေဂျာတို့ကို အောက်တိုဘာ ၁၆ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ်တရားရုံးတွင် ရုံးထုတ်ခေါ်ဆောင်လာစဉ်။
Photo: SITHU
#Dailynews

