မွန် – ၂၀၂၅ ဇူလိုင် ၁၀ (မော်ကွန်း)
ဒီနေ့နံနက်မှာ မွန်ပြည်ကာကွယ်ရေးတပ်(MSDF) ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာသီရိမွန်ချမ်းကို တာဝန်ကနေရုတ်သိမ်းပြီး ထုတ်ပယ်လိုက်ကြောင်း MSDF Facebook စာမျက်နှာကနေထုတ်ပြန်ခဲ့ပြီး ဒါဟာ အာဏာသိမ်းတာဖြစ်တယ်လို့ ဒေါက်တာသီရိမွန်ချမ်းက မော်ကွန်းကိုပြောပါတယ်။
ထုတ်ပြန်ချက်မှာ ဒေါက်တာသီရိမွန်ချမ်းရဲ့ အပြုအမူ၊ ကြံစည်လုပ်ကိုင်ဆောင်ရွက်မှုတွေအပေါ် ဆက်လက်ယုံကြည်လက်တွဲဖို့ အဆင်မပြေတော့လို့ မနေ့က (ဇူလိုင် ၉ရက်)မှာ အရေးပေါ်အစည်းအဝေးခေါ်ယူပြီး ကော်မတီဝင်အားလုံးရဲ့ သဘောဆန္ဒအရဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ ပါရှိပါတယ်။
ဒေါက်တာသီရိမွန်ချမ်းကတော့ “ဒီကိစ္စကျတော့ လူစုပြီး အာဏာသိမ်းလိုက်တဲ့သဘောပေါ့”လို့ မော်ကွန်းကိုပြောပါတယ်။
အခုလဆန်းပိုင်းက မွန်ပြည်ကာကွယ်ရေးတပ်၊ အတွင်းရေးမှူး နိုင်ကိုသူဟာ တပ်ရင်းကနေ လက်နက်တွေထုတ်ယူတဲ့ကိစ္စ၊ ကျေးရွာလုံခြုံရေးဆီက လက်နက်တွေသိမ်းယူတာနဲ့ပတ်သက်ပြီး တပ်ပုန်ကန်တဲ့သဘောဖြစ်တာကြောင့် တပ်ရင်းမှူးတစ်ဦးကတိုင်ကြားလာတာကြောင့် နိုင်ကိုသူကို အရေးယူဖို့ ပြတ်ပြတ်သားသားအမိန့်ပေးခဲ့တယ်လို့ သီရိမွန်ချမ်းကပြောပါတယ်။
လက်နက်တွေထုတ်ယူတယ်ဆိုတဲ့ အတွင်းရေးမှူး နိုင်ကိုသူကို ဖမ်းဆီးဖို့၊ လက်နက်နဲ့ပြန်ခုခံတယ်ဆိုရင် ပစ်သတ်လိုက်ဖို့ထိ အမိန့်ပေးခဲ့တဲ့အတွက် သူကမကျေနပ်လို့ ကော်မတီဝင်တွေကို လူစုပြီး ခုလိုထုတ်ပယ်ကြောင်းထုတ်ပြန်တာဖြစ်နိုင်တယ်လို့ ဒေါက်တာ သီရိမွန်ချမ်းကပြောပါတယ်။
ထုတ်ပြန်ချက်မှာပါရှိတဲ့ တယ်လီဂရမ်ကို မော်ကွန်းက ဆက်သွယ်မေးမြန်းရာမှာတော့ ဒေါက်တာသီရိမွန်ချမ်းဟာ MSDF ရဲ့ ဥက္ကဋ္ဌ ဖြစ်ပေမယ့် မြေပြင်ရဲ့အခြေအနေကို နားမလည်သလို မြေပြင်လည်းမဆင်းတဲ့အပြင် ကော်မတီဝင်တွေလက်မခံနိုင်တဲ့ အမိန့်ပေးညွှန်ကြားမှုတွေကို ပြုလုပ်ခဲ့တာကြောင့် ခုလိုထုတ်ပယ်ရတာဖြစ်တယ်ဆိုတဲ့အသံဖိုင်ကို ပို့လာပါတယ်။
ဒေါက်တာသီရိမွန်ချမ်းကတော့ လက်ရှိမှာ မွန်ပြည်ကာကွယ်ရေးတပ်ရဲ့ Facebook စာမျက်နှာဟာ သူ့လက်ထဲမှာမရှိပေမယ့် စစ်ရေးအမိန့်ဟာ သူ့ဆီမှာပဲရှိနေပြီး အောက်ခြေကတပ်တွေကိုလည်း အမိန့်ပေးထားသလို မကြာမီမှာအသိပေးကြေညာဖို့လည်းရှိနေတယ်လို့ဆိုပါတယ်။
အတွင်းရေးမှူးနိုင်ကိုသူ လက်နက်တွေ သိမ်းယူတာနဲ့ပတ်သက်လို့ တပ်ရင်းမှူးက သတင်းပေးလာတဲ့အခါ တပ်ပုန်ကန်မှုဖြစ်တာကြောင့် အမိန့်ပေးခဲ့တာဖြစ်တယ်လို့ပြောပါတယ်။
“အမိန့်ပေးတဲ့အခါ တစ်ဘက်က ခုခံမယ်၊ ပုန်ကန်မယ်ဆိုရင်တောင် ပစ်တဲ့အမိန့်ထိတောင် ပေးထားတာဖြစ်တယ်၊ အဲဒီအမိန့်အတိုင်းတကယ်လို့ဖြစ်လာရင် (အခုတော့မဖြစ်ဘူးပေါ့) ဖြစ်လာရင်တောင် စစ်သားတစ်ယောက်အနေနဲ့ တာဝန်ယူဖို့ဆုံးဖြတ်ထားပြီးသားဖြစ်တယ်”လို့ ဒေါက်တာသီရိမွန်ချမ်းကပြောပါတယ်။
မွန်ပြည်ကာကွယ်ရေးတပ်(MSDF)ကို ၂၀၂၁ စက်တင်ဘာမှာ စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၃ ဇန်နဝါရီ ၃၁ ရက်မှာ စစ်ရေး၊ နိုင်ငံရေးဦးဆောင်ကော်မတီကို ပြန်လည်ဖွဲ့စည်းကာ ဥက္ကဋ္ဌအဖြစ် ဒေါက်တာ သီရိမွန်ချမ်း၊ ဒုဥက္ကဋ္ဌ နိုင်နမောတောသ၊ အတွင်းရေးမှူး နိုင်ရည်မွန်ဌေး၊ တွဲဘက်အတွင်းရေးမှူး နိုင်ကိုသူ အပါအဝင် စုစုပေါင်း ကော်မတီဝင်ကိုးဦးပါရှိပါတယ်။
မော်ကွန်းက ဆက်သွယ်တဲ့ ထုတ်ပြန်ချက်ပါကော်မတီဝင်ကတော့ ဒေါက်တာသီရိမွန်ချမ်းဆီက အာဏာသိမ်းတာဆိုတဲ့အချက်ကို ကော်မတီဝင်အားလုံးကငြင်းဆိုတယ်လို့ဆိုပြီး မွန်အမျိုးသားရေးအတွက်ဖိတ်ခေါ်ပြီး ဥက္ကဋ္ဌအဖြစ်အပ်နှံခဲ့ပေမယ့် ခုတော့မလွှဲသာလို့ လုပ်လိုက်ရတာဖြစ်တယ်လို့ ပြောပါတယ်။
လတ်တလောမှာ အသေးစိတ်ကိုမဖြေနိုင်သေးဘဲ မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)ကို တိုင်ကြားသွားဖို့ရှိပြီး ကောင်စီမှာ ဒေါက်တာသီရိမွန်ချမ်းဟာ သဘာပတိဖြစ်တာကြောင့် တရားမျှတဖို့လည်း မျှော်လင့်တယ်လို့ ထုတ်ပြန်ချက်ပါ ကော်မတီဝင်ဆိုသူကဖြေကြားပါတယ်။
ပုံစာ – MSDF တပ်မှူး ဒေါက်တာသီရိမွန်ချမ်း
ဓါတ်ပုံ – Mawkun Magazine

