ရန်ကုန် – ၂၀၂၃ ဇူလိုင် (မော်ကွန်း)
နိုင်ငံခြားငွေကြေးလဲလှယ်ရေးလုပ်ကိုင်တဲ့ Money Changer ကုမ္ပဏီ ၁၀ ခုရဲ့ လိုင်စင်တွေကိုရုပ်သိမ်းလိုက်တယ်လို့ စစ်ကောင်စီဗဟိုဘဏ်က ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။
အဲဒီ့ ငွေလဲလှယ်လုပ်ငန်း ၁၀ ခုဟာ ဗဟိုဘဏ်က ထုတ်ပြန်ထားတဲ့ အမိန့်နဲ့ ညွှန်ကြားချက်တွေကို မလိုက်နာတာကြောင့် နိုင်ငံခြားငွေများဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင် (Money Changer License) ရုပ်သိမ်းလိုက်တယ်လို့ ထုတ်ပြန်ထားတာပါ။
အဲ့ဒီလို လိုင်စင်ရုပ်သိမ်းခံလိုက်ရတဲ့ ကုမ္ပဏီတွေထဲမှာ ခရီးသွားလုပ်ငန်းကုမ္ပဏီတွေ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းနဲ့တွဲထားတဲ့ကုမ္ပဏီတွေလည်း ပါဝင်ခဲ့ပါတယ်။
လက်ရှိ ပြင်ပဈေးကွက်မှာ အမေရိကန်တစ်ဒေါ်လာကို ၃,၁၀၀ ကျပ်ဝန်းကျင် ဖြစ်နေပြီး အဖမ်းအဆီးတွေကြောင့် ဈေးနှုန်းမငြိမ်မသက်ဖြစ်နေတယ်လို့ ဈေးကွက်အတွင်း အရောင်းအဝယ်ပြုလုပ်သူတစ်ဦးက ပြောပါတယ်။
“အခုက ဝယ်သူနဲ့ရောင်းသူ တိုက်ရိုက်ချိတ်ပြီးပဲ ကြိုက်ရောင်း၊ ကြိုက်ဝယ်လုပ်တာပေါ့၊ အဖမ်းအဆီးလည်း ကြမ်းနေတော့ ကောင်တာတွေက အရောင်းအဝယ်မရှိဘူး၊ မှောင်ခိုဈေးကွက်လို့ပြောရမယ်၊ အဲ့ဒီလိုအရောင်းအဝယ်တွေပဲ ရှိတယ်” လို့ သူက ပြောပါတယ်။
စစ်ကောင်စီက ဒေါ်လာအရောင်းအဝယ်ပြုလုပ်သူတွေကို ဖမ်းဆီးမှုရှိတယ်ဆိုပေမယ့် ဒေါ်လာဈေးကွက်အတွင်း ဈေးနှုန်းကျဆင်းသွားတာမျိုး မရှိဘူးလို့လည်း ငွေကြေးဈေးကွက်လေ့လာသူတစ်ဦးကပြောပါတယ်။
“အခုဖမ်းတယ် လိုင်စင်သိမ်းတယ်ဆိုတာ အရှေ့က ပွဲစားတွေပေါ့၊ သူတို့နောက်ကွယ်မှာ ငွေထုတ်ပေးပြီး ကစားနေတဲ့သူတွေရှိတယ်၊ အဲ့ဒီသူတွေက အေးဆေးပဲ၊ ကြားထဲက ပွဲစားလိုမျိုး ချိတ်ပေးတဲ့ ချိတ်တွေလောက်ပဲ ဖမ်းနိုင်တာပါ။ ဈေးကွက်ကတော့ အရင်လို ပေါ်ပေါ်ထင်ထင်မဟုတ်တော့ဘူး၊ ရှိတော့ရှိနေတာပဲ၊ သက်သက် အဖမ်းပြတာလောက်ပဲ” လို့ သူကပြောပါတယ်။
စစ်ကောင်စီဗဟိုဘဏ်ဟာ မတ်လအတွင်းကလည်း လိုင်စင်ရ Money Changer ကုမ္ပဏီ အခု ၂၀ ကို ငွေလဲလှယ်ရောင်းချခွင့်လိုင်စင်တွေ ရုပ်သိမ်းခဲ့ပါသေးတယ်။
လက်ရှိမှာ စစ်ကောင်စီဟာ ဒေါ်လာနဲ့ ရွှေဈေးနှုန်းတွေ မြင့်တက်နေတာကို ထိန်းချုပ်ဖို့အတွက် ဈေးကွက်အတွင်း ငွေဈေးကစားနေသူတွေ၊ တရားမဝင်အရောင်းအဝယ်ပြုလုပ်သူတွေကို အရေးယူနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဗဟိုဘဏ်လက်အောက်က မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB) နဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို ပြီးခဲ့တဲ့လက အမေရိကန်က အရေးယူပိတ်ဆို့တဲ့စာရင်းမှာ ထည့်သွင်းလိုက်ပြီးနောက် ဒေါ်လာဈေးကွက် လှုပ်ခတ်ခဲ့ပြီး တစ်ဒေါ်လာကို ၂,၈၀၀ ကျပ်ဝန်းကျင်မှာရှိနေရာ ၃,၀၀၀ ကျော်ကို မြင့်တက်လာခဲ့တာဖြစ်ပါတယ်။
#Dailynews

