ထိန်းချုပ်ဖို့ လိုအပ်နေတဲ့ စပ်ဆေး အပိုင်း(၁)

ထိန်းချုပ်ဖို့ လိုအပ်နေတဲ့ စပ်ဆေး အပိုင်း(၁)

အသက် ၆ဝ ကျော်အရွယ်ကစလို့ များပြားလာတဲ့ရောဂါတွေဟာ ဦးညိုအေးကို နှိပ်စက်လာခဲ့ပါတယ်။ အစက တီဘီရောဂါရ၊ တီဘီပျောက်တော့ နှလုံးရောဂါထ၊ နှလုံးရောဂါ ခဏငြိမ်ပြန်တော့ ရင်ကျပ်ရောဂါဖြစ်နဲ့ များပြားလှတဲ့ ရောဂါတွေနဲ့ နပန်းလုံးနေခဲ့တာဟာ ဆယ်စုနှစ်တစ်ခုကျော်ခဲ့ပါပြီ။

အင်းစိန်မြို့နယ်၊ လှိုင်မြစ်ကမ်းဘေး၊ ကမ်းနားအနောက်ရပ် ကွက်က တဲသာသာအိမ်ကလေးမှာ သားသမီးတွေနဲ့အတူ နေ ထိုင်နေတဲ့ ဦးညိုအေးဟာ အခုဆိုရင် အသက် ၇၆ နှစ်ရှိပါပြီ။ အသက်ကြီးလာတာနဲ့အမျှ မျက်စိလည်း မှုန်လာသလို ခါးလည်း ကိုင်းလာပါတယ်။

အရင်က လှိုင်မြစ်ကို မှီခိုပြီး တံငါလုပ်ခဲ့ပေမယ့် အသက် ကြီးလာတဲ့အခါမှာ အဲဒီအလုပ်ကို သူမလုပ်နိုင်တော့ပါဘူး။ သား သမီးတွေကလည်း နွမ်းပါးကြတဲ့အတွက် ဖခင်ဖြစ်သူကို မထောက် ပံ့နိုင်ကြဘူး။ စုဆောင်းခဲ့တာလည်းမရှိလေတော့ နေမကောင်း တဲ့အခါ ခင်ရာမင်ရာ မိတ်ဆွေတချို့က ထောက်ပံ့တဲ့ ငွေအနည်း ငယ်ကိုပဲ ဦးညိုအေးဟာ ဆေးဖိုးဝါးခအဖြစ် အသုံးချနေရပါတယ်။

ရင်ကျပ်ရောဂါမသက်သာလို့ ဆေးခန်းတစ်ခါသွားရင် ဆရာဝန်စမ်းသပ်ခနဲ့ ဆေးဖိုးဝါးခအဖြစ် ငွေ ၂,၅ဝဝ ကျပ်လောက် ကုန်တတ်တယ်လို့ သူက ဆိုတယ်။ ဆရာဝန်က ရောဂါကိုစမ်း သပ်၊ ဆေးထိုးပြီး သောက်ဆေးတွေ ပေးလိုက်ပေမယ့် သောက် ဆေးက သုံးခွက်စာပဲပါတာကို ဦးညိုအေး သဘောမကျပါဘူး။ အကြောင်းကတော့ ဆေးသုံးခွက်စာဟာ ဒီနေ့ ဆေးခန်းပြရင် နောက်ရက်ဆို ကုန်သွားပြီဖြစ်လို့ ဆေးခွက်အရေအတွက်နဲ့ ကြည့်မယ်ဆိုရင် တွက်ခြေမကိုက်လှပါဘူးတဲ့။

”ဘကြီးအခြေအနေနဲ့ ဆရာဝန်တွေနဲ့ ဆက်ဆံဖို့က မတတ်နိုင်တဲ့အဖိုးအခပဲ”လို့ ဦးညိုအေးက ပြောပြတယ်။ စကား ပြောနေတဲ့အချိန်မှာ ဦးညိုအေးရဲ့ ရင်ဘတ်ကြီးဟာ ဖားဖိုကြီး တစ်ခုလို ပိန်လိုက်၊ ဖောင်းလိုက်ဖြစ်နေတယ်။ အသက်ကို ခပ် ပြင်းပြင်းရှူလိုက်တဲ့အခါ လည်ချောင်းထဲက မြွေတွန်သံလိုလို အသံတွေ တရှီးရှီးထွက်နေတယ်။

ဆရာဝန်ဆီမှာဆေးခန်းသွားမပြနိုင်တဲ့ ဦးညိုအေးဟာ ရပ်ကွက်ထဲက ဆေးစပ်ပြီး ရောင်းတဲ့လူကိုပဲ အားကိုးရာအဖြစ် ရွေးချယ်လိုက်ပါတယ်။ သူက ကိုးရက်စာ ဆေးစပ်ပေးတယ်။ တစ်ရက်ကို ဆေးနှစ်ခွက်စာနှုန်းနဲ့ တစ်လလုံးအတွက်မှ ငွေကိုး ထောင်လောက်သာ ကုန်တယ်လို့ ဦးညိုအေးက ဆိုတယ်။

ဦးညိုအေးတို့လို ဆေးခန်းပြဖို့ ငွေကြေးမတတ်နိုင်လို့ ရပ် ကွက်ထဲက ဆေးဆိုင်တွေကနေ စပ်ပေးတဲ့ဆေးတွေကိုပဲ ဈေး နှုန်းသက်သာတာကြောင့် မျက်လုံးစုံမှိတ်ပြီး သောက်နေကြသူ တွေဟာ မြန်မာနိုင်ငံမှာ အများအပြားရှိနေပါတယ်။

အခု ကျွန်တော်တို့ပြောနေတဲ့ စပ်ဆေးဆိုတာ ဆေးဝါးတွေ ကို ဆရာဝန်မဟုတ်တဲ့သူတွေက ရောစပ်ပြီး ဈေးနှုန်းသက်သက် သာသာနဲ့ ဆေးဆိုင်တွေကနေ ရောင်းချတဲ့ဆေးကို ခေါ်တာပါ။ ဆေးဆိုင်တွေမှာ ဆေးစပ်ဝယ်သောက်ရင် ဆေးတစ်ခွက်စာကို ငွေတစ်ရာကနေ နှစ်ရာကျပ်အထိသာ ကုန်ကျတယ်လို့ ဆေးဝယ် သူတွေက ဆိုပါတယ်။

စပ်ဆေးရောင်းချတာဟာ တရားမဝင်ပေမယ့် မြန်မာနိုင်ငံ မှာ ဆေးဝါးပညာရှင်တွေ လုံလောက်မှုမရှိတာ၊ အသုံးပြုသူတွေ ငွေကြေးမတတ်နိုင်တာတွေကြောင့် လူသုံးများနေရတာ ဖြစ်ပါတယ်။

အသက်နဲ့ ရင်းရတဲ့ စပ်ဆေး

ဆေးတွေဟာ ဓာတုပစ္စည်းအချိုးအဆတွေ အတိအကျနဲ့ ဖော်စပ်ထားတာဖြစ်လို့ ဆေးတွေကို မကျွမ်းကျင်ဘဲ ရောစပ် ရောင်းချနေတာ၊ ဝယ်ယူသောက်သုံးနေကြတာဟာ ဘေးထွက် ဆိုးကျိုးများစွာကို လက်ယက်ခေါ်နေသလိုမျိုး ဖြစ်နေတယ်လို့ ကျွမ်းကျင်သူတွေက သတိပေးကြပါတယ်။

”ဆေးဝါးကို နားမလည်ဘဲနဲ့ ဆရာဝန်ကုသလို ဆေးပေး တယ်၊ စပ်တယ်ဆိုတာ အန္တရာယ်များလွန်းတယ်”လို့ မြန်မာနိုင်ငံ ဆေးဝါးကျွမ်းကျင်ပညာရှင်များအသင်း ဥက္ကဋ္ဌ ဦးဘန်ရီက ပြော ပါတယ်။

ဆေးဝါးအကြောင်းကို ထဲထဲဝင်ဝင်နားမလည်ဘဲ ရောစပ် ရောင်းချတဲ့အခါမှာ လူနာရဲ့အခြေအနေကို အတိအကျစမ်းသပ် ခြင်းမရှိလို့ လူနာနဲ့ မတည့်တဲ့ဆေးတွေ ပေးမိရင် ရောဂါမသက် သာရုံမက ရောဂါပိုဆိုးသွားတာတွေ ဖြစ်နိုင်တယ်လို့ ဦးဘန်ရီက ဆိုပါတယ်။

ဆေးဆိုင်တွေမှာ စပ်ချင်တိုင်းစပ်၊ ဝယ်ချင်တိုင်း ဝယ်နေ ကြတဲ့ စပ်ဆေးတွေရဲ့  အားသာချက်တွေဖြစ်တဲ့ ငွေကြေးသက် သာမှုတွေ၊ လက်လှမ်းမီမှုတွေရဲ့ နောက်ကွယ်မှာ ဆိုးကျိုးတွေ အများကြီးရှိနေတယ်လို့ မြန်မာနိုင်ငံဆရာဝန်များအသင်း (ဗဟို) က အထွေထွေအတွင်းရေးမှူး ပါမောက္ခဒေါက်တာ စောဝင်းက ပြောပါတယ်။

ဆေးတိုင်းမှာ ”အာနိသင်ကြီးလေလေ ပိုကောင်းလာလေ လေ။ တစ်ဖက်မှာလည်း ဆိုးကျိုးတွေ ရှိလာလေလေပဲ”လို့ သူက ဆိုပါတယ်။

စပ်ဆေးက ပေးတဲ့ ဆိုးကျိုးတွေအဖြစ် ရောဂါလုံးဝပျောက် သွားဖို့ အာမမခံနိုင်တဲ့အပြင် ဆေးယဉ်ပါးမှုတွေ ဖြစ်နိုင်ပါတယ်၊ ဒါတင်မကပါဘူး၊ ဆေးစပ်သူက လွဲမှားတဲ့ ဆေးအမျိုးအစားတွေ ပေးမိရင်၊ တချို့ဆေးတွေကို လိုအပ်တဲ့ အချိန်အဆမပေးမိရင် အသက်အန္တရာယ်ကို ထိခိုက်စေတဲ့အထိ ဘေးတွေဖြစ်စေတတ် တယ်လို့ ပါမောက္ခဒေါက်တာစောဝင်းက သတိပေးပါတယ်။

ဆေးယဉ်ပါးတယ်ဆိုတာ ပဋိဇီဝဆေး(ပိုးသတ်ဆေး)တစ်မျိုးကို မလုံလောက်တဲ့ အချိန်အဆတွေနဲ့ သောက်မိလို့ နောက် တစ်ခါ အဲဒီရောဂါ ဖြစ် လာတဲ့အခါမှာ ယခင်ပေးတဲ့ဆေးနဲ့ မတိုးတော့ဘဲ အဲဒီဆေးထက် ပိုပြင်းတဲ့ဆေးကို အသုံးပြုရတာကို ခေါ်တာပါ။

ဆေးယဉ်ပါးတာလည်း စပ်ဆေးရဲ့ မကောင်းတဲ့ အချက် တစ်ချက်လို့ ပါမောက္ခဒေါက်တာစောဝင်းက ဆိုပါတယ်။ ဆေး ယဉ်ပါးခြင်းဟာ ရေရှည်ဖြစ်တတ်တဲ့ ဆိုးကျိုးဖြစ်ပြီး ရေတိုဆိုး ကျိုးအနေနဲ့ ဆေးမှားပေးလို့ အသက်အန္တရာယ် ဆုံးရှုံးရနိုင်တယ် လို့ သူက ရှင်းပြပါတယ်။

”သာမန်ခြောက်လလောက် အတွေ့အကြုံရှိတယ်ဆိုရုံ လောက်နဲ့ ပေးနေတယ်ဆိုတာက အဓိပ္ပာယ်ကို မရှိဘူး။ အရမ်း အ္တနရာယ်ရှိတဲ့အလုပ်”လို့ သူက ဆိုပါတယ်။

ဆေးဝါးတွေဟာ နာမည်ဆင်တူယိုးမှားတွေ ရှိတတ်ပြီး အာနိသင်မတူကြတဲ့အခါမှာ တတ်ကျွမ်းတဲ့ ဆေးပညာရှင်တောင် မှ တစ်ခါတလေ ခွဲခြားရခက်တယ်လို့ ပါမောက္ခဒေါက်တာစောဝင်း က ဆိုပါတယ်။

ဦးညိုအေးတို့လို ဆေးအကြောင်းနားမလည်တဲ့သူတွေ အတွက်တော့ ဆေးဆိုင်က ပေးလိုက်တဲ့ စပ်ဆေးထဲမှာ ဘာဆေး တွေ ပါနိုင်တယ်ဆိုတာကိုသိဖို့ ပိုလို့တောင် ခက်ခဲလှပါတယ်။

ဦးညိုအေးမှာ အရိုးပွရောဂါရှိတဲ့အတွက် ဒက်ဆာမက် သဆုမ်း(Dexamethasone) နဲ့ ပရက်ဒ်နီဆုမ်း (Prednisone) ဆေးတွေနဲ့ မတည့်ဘူးလို့ ဆရာဝန်တွေက သူ့ကို ပြောထားပါ တယ်တဲ့။

ဒါပေမဲ့ ဆေးစပ်ပေးတဲ့လူကို အဲဒီဆေးတွေနဲ့ မတည့် ကြောင်းပြောတဲ့အခါ ဆေးစပ်ပေးတဲ့လူက ”မတည့်ရင် ကိုယ့် ဟာ ကိုယ် ရွေးစား”လို့ စိတ်ဆိုးဆိုးနဲ့ ပြန်ဟောက်တဲ့အတွက် ဦးညိုအေးဟာ မတည့်တဲ့ဆေးကိစ္စကို ရေငုံနှုတ်ပိတ်နေလိုက်ပါ တော့တယ်။

”မတည့်တဲ့ဆေးတွေ မပေးဖို့ ထပ်မပြောရဲတော့ဘူး။ သူ စိတ်ဆိုးသွားမှာစိုးလို့” လို့ ဦးညိုအေးက လေသံတိုးတိုးနဲ့ ပြော ပါတယ်။

မပြောမယ့်သာ နေရတယ်၊ ဆေးဆိုင်က စပ်ပေးလိုက်တဲ့ ဆေးတွေထဲမှာ သူနဲ့မတည့်တဲ့ ဆေးတစ်မျိုးမျိုးများ ပါလေမလား လို့ ဦးညိုအေး သံသယဖြစ်မိတယ်။

ဒါကြောင့် ဆေးစပ်ပေးတဲ့လူ ပေးလိုက်တဲ့အတိုင်း ဆေး လုံး၊ ဆေးပြားတွေကို အိမ်ကို ယူလာပါတယ်။ သူနဲ့မတည့်တဲ့ ဆေးတွေဟာ အရွယ်အစားသေးတတ်တဲ့အတွက် အိမ်ရောက်တဲ့ အခါ အသေးဆုံးဆေးပြားတွေကိုဖယ်ထုတ်ပြီး ပလတ်စတစ် အိတ်ထဲ ထည့်ထားပါတယ်။ ဦးညိုအေးက မျက်စိလည်းမှုန်လို့ ဆေးပြားအရွယ်အစားကို ခန့်မှန်းပြီး ရွေးထုတ်တာဖြစ်တဲ့ အတွက် အဲဒီဆေးတွေဟာ သူနဲ့တကယ်မတည့်တဲ့ဆေးတွေ ဟုတ်၊ မဟုတ်ကို ဦးညိုအေး မသိပါဘူး။

ဦးညိုအေး ဖယ်ထုတ်ထားတဲ့ဆေးတွေကို ကျွန်တော် တောင်းခဲ့ပြီး ဆရာဝန်တစ်ဦးဆီမှာ ပြသကြည့်တဲ့အခါမှာ အဲဒီ ဆေးတွေဟာ ဦးညိုအေးစိုးရိမ်နေတဲ့ ဆေးတွေနဲ့ အရွယ်အစား ချင်းတော့ ဆင်တူတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီဆေးတွေဟာ ရင်ကျပ်ရာမှာ သောက်တဲ့ Amino လို့ ခေါ်တဲ့ ဆေးပြားလေးတွေ ဖြစ်နေပါတယ်။ သဘောကတော့ ဦးညိုအေးဟာ သူသောက်ရ မယ့်ဆေးတွေကို ဖယ်ထုတ်မိသလို ဖြစ်နေပါတယ်။

ရောဂါသက်သာဖို့အတွက်ဆိုပြီး ဆေးဆိုင်တွေကနေ စပ် ပေးတဲ့ဆေးတွေကို ဦးညိုအေးတို့လို ငွေကြေးချို့တဲ့သူတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဆရာဝန်တွေထံ ဆေးသွားကုဖို့ အခက်အခဲရှိသူတွေက အားကိုးနေကြတာဟာ စွန့်စားမှုတစ်ခုပဲ လို့ မော်ကွန်းက အင်တာဗျူးခဲ့တဲ့ ဆေးပညာရှင်တွေက ပြောကြ ပါတယ်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (Food and Drug Administration – FDA) ရဲ့ ဆေးဝါးဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာသိင်္ဂီဇင်က ”စပ်ဆေးဟာ အသက်နဲ့ ရင်းပြီး သောက်သုံးရတာဖြစ်တဲ့အတွက် အချိန်မပေးနိုင်လို့ ဖြစ် ဖြစ်၊ ငွေကြေးမတတ်နိုင်လို့ပဲဖြစ်ဖြစ် ဘယ်လို အကြောင်းပြချက် နဲ့မှ စပ်ဆေးကို မသောက်သင့်ဘူး”လို့ ဆိုပါတယ်။

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."