Illustration – MAUNG NOE
ဟိုအရင်တုန်းကတော့
ဒီနေရာ ဒီရွာဟာ
ဘာဖွံ့ဖြိုးတိုးတက်မှုမှ မရှိလေတဲ့
သဘာဝ အရိုင်းမြေပါ။
ပတ်ဝန်းကျင်တစ်ခွင်တစ်ပြင်မှာ
တောစိမ်းစိမ်း တောင်စိမ်းစိမ်းနဲ့
သစ်ပင်ဝါးပင်တွေ အလွန်ထူထပ်
ရွာနံဘေးက ကွေ့ပတ်စီးဆင်းသွားတဲ့
ချောင်းရေကလည်း ကြည်လင်အေးမြလို့။
ကျေးငှက်သာရကာနဲ့
တောတွင်းတိရစ္ဆာန်တွေရဲ့
တွန်ကျူးအော်မြည်သံတွေကိုလည်း
မြိုင်ဂနိုင်ဆန်စွာ ကြားရ
ငြိမ်းအေးလှတဲ့ တောရပ်မြေတစ်ခုသာ။
ရွာသူရွာသားတွေဟာ
စိုက်ပျိုးရေး၊ မွေးမြူရေး
တစ်နိုင်တစ်ပိုင် အလုပ်ကလေးတွေနဲ့
ရိုးရိုးကုပ်ကုပ်နေထိုင်ကြ
ဆင်းရဲပေမယ့် ဝမ်းဝကြတယ်။
ဒီရွာထဲမှာ
စာသင်ကျောင်းနဲ့ ဆေးပေးခန်း မရှိသလို
စားသောက်ဆိုင်နဲ့ တည်းခိုခန်းလည်း မရှိ
ရွာငယ်ဇနပုဒ်ကလေးဆိုတော့
ကုန်စုံဆိုင်ကလေးတောင် ဟုတ်တိပတ်တိ ရှိတာမဟုတ်။
ဒါပေမဲ့ ဒီနေရာ ဒီရွာဟာ
သဘာဝနဲ့ ယှဉ်တွဲကာ
ပကတိ ငြိမ်းချမ်းသာယာတဲ့ ကမ္ဘာငယ်
ဟိုတုန်းက ရှိခဲ့ဖူးတာပေါ့ကွယ်။
အခုတော့လည်း ဒီအကြောင်းတွေဟာ
မကြာလှတဲ့ ဆယ်စုနှစ်တစ်ခုစာလောက်အတွင်းမှာ
ပုံပြင်ဒဏ္ဍာရီပမာ ဖြစ်သွားရှာခဲ့
လောကကြီးရဲ့ မတည်မြဲတဲ့ သဘောတရား
ပြောကြားနေသလို ထင်ရပါဘိ။
ကြည့်၊ အဲဒီနေရာ အဲဒီရွာ
အခုတော့ ခေတ်မီကာနေပြီ
ဖွံ့ဖြိုးကာနေပြီ၊ တိုးတက်ကာနေပြီ
မြို့က ရောက်လာတဲ့
စီမံကိန်းယန္တရားကြီးတွေနဲ့အတူပေါ့။
ရွာသူရွာသားတွေဟာ
ယူနီဖောင်းဝတ် စက်ရုံလုပ်သားကြီးတွေ ဖြစ်လို့
ညနေ ညနေဆို ပင်ကျထန်းရည်အစား
ပြည်တွင်းဖြစ် သူရာရည်တွေကို မော့လို့
ပြီးတော့ ပလွေမှုတ်၊ မယ်ဒလင်တီးပြီး
အဆွေးသီချင်း ညည်းဖို့လည်း မလိုတော့
ကာရာအိုကေဆိုင်တွေမှာ
အမှန်အကန် အိုကေလို့ စိုပြည်နေကြပြီ။
အရင်က အေးဆေးငြိမ်သက်ခဲ့လေသမျှ
အခုတော့ ထော်လာဂျီ၊ ဆိုင်ကယ်နဲ့ မော်တော်ကား
စက်ယ္တနရားပေါင်းစုံရဲ့ အသံဗလံတွေ ဆူညံလို့
တောကောင်နဲ့ ကျေးငှက်တို့ရဲ့ အသံတွေကိုတော့
ခါတိုင်းလို မကြားရတော့ပါဘူး
ဘာလို့ဆို တောတွေ တောင်တွေမှ မရှိတော့ဘဲလေ။
တောထဲက သစ်ပင်ဝါးပင်တွေကို
စက်ရုံကြီးတွေက အချိန်တိုအတွင်း ဝါးမျိုသွားခဲ့ကြပြီ
တောင်တွေကိုလည်း ဖဲ့လို ဖဲ့၊ တူးလို တူးနဲ့
အခုတော့ တချို့နေရာတွေမှာ
ချိုင့်ဝှမ်းရေကန်ပျက်ကြီးတွေလိုတောင် ဖြစ်လို့နေခဲ့ပြီ။
ချောင်းရေကလည်း မကြည်လင် မအေးမြနိုင်တော့ပါဘူး
စက်ရုံတွေက ထွက်တဲ့ စွန့်ပစ်ရေဆိုးတွေနဲ့ မည်းညစ်
ရေထဲက ငါး၊ ပုစွန်တွေလည်း အဆိပ်သင့်လို့
မျိုးတုံးလွင့်ပျောက်ကုန်ကြပြီ
မြေစာပုံ၊ အမှိုက်ပုံတွေကြောင့်
ချောင်းကလည်း မြောင်းသာသာမျှ ကျန်တော့တာပါ။
ဒါပေမဲ့ ဒီနေရာ ဒီရွာ
အာဏာပိုင်တွေက ပေးအပ်တဲ့
ဘွဲ့ထူးဂုဏ်ထူးကြီးကြီးတစ်ခု ရလိုက်တယ်
‘စံပြကျေးရွာ’တဲ့
ရွာထိပ်မှာ ဆိုင်းဘုတ်ကြီးထောင်ထားတာ ဟည်းလို့။
ဟုတ်ကဲ့၊ ခေတ်မီ ဖွံ့ဖြိုးတိုးတက်မှုဆိုတဲ့ အရာက
သဘာဝအလှတရားကို ဝါးမျိုဖျက်ဆီးပစ်လိုက်တဲ့အကြောင်း
အကောင်းဆုံး သင်ခန်းစာယူစရာ
တကယ့်ကို စံပြနမူနာ ဖြစ်သွားတဲ့ ရွာတစ်ရွာပါပဲ။
(၂၈.၁၂.၂ဝ၁၆)
၂၀၁၇-ဇွန်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၇)မှ ကဗျာ ဖြစ်ပါသည်။
မင်းထက်မောင် ရေးသည်။

