၂၀၁၄၊အောက်တိုဘာလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၇) စာအုပ်စင်ကဏ္ဍမှ စာအုပ်အညွှန်းဖြစ်ပါသည်။
ဝေလင်း ရေးသည်။
မြန်မာနိုင်ငံဟာ ကိုလိုနီနယ်ချဲ့ လက်အောက်က လွတ်မြောက်ဖို့အတွက် စည်းစည်းလုံးလုံး ညီညီ ညွတ်ညွတ် ကြိုးပမ်းခဲ့ကြတာကြောင့် ၁၉၄၈၊ ဇန်နဝါ ရီ ၄ ရက်မှာ လွတ်လပ်ရေးရခဲ့ပါတယ်။ ဒါပေမဲ့ သူစိမ်း လက်ထဲကနေ လိုချင်တာလည်း ရလာရော ရလာတဲ့ လွတ်လပ်ရေးဟာ အတုဖြစ်တယ်၊ အစစ်ဖြစ်တယ်ဆို ပြီး ကိုယ့်အချင်းချင်း ဝိဝါဒကွဲရာကနေ ပြည်တွင်းစစ် မီး တောက်လောင်တဲ့အထိ ဖြစ်ကုန်ကြတယ်။
တောမီးလောင်၊ တောကြောင် လက်ခမောင်းခတ်ဆိုတဲ့ စကားပုံအတိုင်းပါပဲ။ လွတ်လပ်ရေးရပြီး ၁ဝ နှစ်လောက်ပဲ ကြာ လိုက်တယ်၊ ကယ်တင်ရှင် ဗိုလ်ချုပ်နေဝင်းက နိုင်ငံတော်အာဏာကို သိမ်းလိုက်ပါတယ်။ ပထမတော့ အာဏာပြန်လွှဲလိုက်ပါသေး တယ်။ ဒါပေမဲ့ အာဏာရဲ့ အရသာကို သိသွားလို့လားတော့ မပြောတတ်ဘူး၊ ၁၉၆၂ခုနှစ်မှာ နိုင်ငံတော်အာဏာကို အပြီး အပိုင် သိမ်းယူလိုက်ပြီး မြန်မာနိုင်ငံကို ဆိုရှယ်လစ်နိုင်ငံတော်ကြီး အဖြစ် တည်ဆောက်ပါတော့တယ်။
ပုဂ္ဂလိကပိုင် စီးပွားရေးလုပ်ငန်းတွေကို ပြည်သူပိုင်လုပ် လိုက်တာမှ ကွမ်းယာဆိုင်ပါမကျန် ပြည်သူပိုင်တွေဖြစ်သွား အောင် အစွမ်းပြခဲ့ကြတယ်။ စက်ရုံ၊ အလုပ်ရုံတွေ၊ စီးပွားရေးလုပ် ငန်းတွေမှာရှိတဲ့ ကျွမ်းကျင်သူတွေကို မောင်းထုတ်ပြီး စစ်သား တွေက ဘက်စုံကျွမ်းကျင်တဲ့ စူပါမင်းကြီးတွေအလား အရာရာမှာ ပါဝင်လုပ်ကိုင်လာကြတယ်။
အကျိုးဆက်အနေနဲ့ကတော့ ပြည်သူတွေ စီးပွားရေးကျပ် တည်းပြီး အငတ်ဘေး ကြုံရတာပါပဲ။ ကျွန်တော့် အမေပြောပြတာ ဆိုရင် အဲဒီအချိန်တုန်းက(၁၉၇၃-၇၄) အမေတို့ မိသားစုတွေ အပါအဝင် ရွာက လူတွေ ထမင်းငတ်ကြတယ်၊ ဆန်ပြုတ်သောက် ရတယ်၊ ဆန်ကွဲတွေ စားရတယ်။ ပိုက်ဆံရှိခဲ့ရင်တောင် ဆန်က ဝယ်လို့ မရဘူး။ တချို့ဆိုရင် ဆန်တစ်ပြည်၊ နှစ်ပြည်လောက်နဲ့ လူသတ်ကြတဲ့အထိတောင် ဖြစ်ကြတယ်လို့ ဆိုပါတယ်။
ဒါတွေကြောင့်လည်း ၁၉၇၄ခုနှစ်မှာ အလုပ်သမားအရေး အခင်းဖြစ်ခဲ့တာပါ။ တကယ်တော့ ပြည်သူတွေဟာ အာဏာသိမ်း တစ်ပါတီအာဏာရှင်စနစ်နဲ့ မအောင်မြင်တဲ့ ဆိုရှယ်လစ်စနစ်ကို အခွင့်အခါသင့်တိုင်း ဆန့်ကျင်ခဲ့ကြတာပါ။ ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးတဲ့နောက်မှာ ကျောင်းသားအရေးအခင်း၊ အလုပ်သမား အရေးအခင်း၊ ဦးသန့်အရေးအခင်း၊ မှိုင်းရာပြည့် စတဲ့ အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုတွေဟာ ဆက်တိုက်ဆိုသလို ဖြစ်ခဲ့တာပါ။
၁၉၈၈ ခုနှစ် ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံကြီးဖြစ် ပြီးတဲ့နောက်မှာတော့ ဦးနေဝင်းခေါင်းဆောင်တဲ့ မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီဟာ နိဂုံးချုပ်ပြီး တစ်ခန်းရပ်သွားပါတော့တယ်။
ဒီလိုမျိုး အာဏာရှင်စနစ်တစ်ခုကိုဖြုတ်ချဖို့၊ အာဏာရှင်စနစ် တစ်ခု နိဂုံးချုပ်ဖို့ဆိုတာ ကြက်မွေးလေးနဲ့ ကျောသပ်ပြီး တောင်း ဆိုရယူခဲ့ရတာတော့ မဟုတ်ပါဘူး။ ဆန့်ကျင်လှုပ်ရှားမှုတွေနဲ့ အတူ ပြည်သူတချို့ရဲ့ ဘဝတွေ ပျက်ခဲ့ရတယ်၊ အနစ်နာခံခဲ့ရတယ်၊ အသက်ပေးပြီး စတေးခဲ့ရတယ်။ သူ့ခေတ်၊ သူ့အချိန်မှာတော့ သမိုင်းမှတ်တိုင် စိုက်ထူခဲ့တာချည်းပါပဲ။
ဒီနေရာမှာ ကျွန်တော်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ် သမိုင်းမှတ်တိုင်တစ်ခုဖြစ်တဲ့ အလုပ်သမားအရေးအခင်းနဲ့ ပတ်သက်တဲ့ စာအုပ်တစ်အုပ်ကို မိတ်ဆက်ပေးချင်ပါတယ်။ ဆင်းရဲကျပ်တည်းမှုတွေကို မခံရပ်နိုင်လို့ ပုန်ကန်ထကြွခဲ့ကြတဲ့ အလုပ်သမားတွေရဲ့ အရေးအခင်းပါ။ ဒီအရေးအခင်းဟာလည်း အလုပ်သမားပြည်သူတွေ အဖမ်းဆီးခံ၊ နှိပ်စက်ခံ၊ အသေခံပြီး လှုပ်ရှားခဲ့ရတဲ့ လှုပ်ရှားမှု ဖြစ်ပါတယ်။
စာအုပ်နာမည်က ‘ကိုယ့်သမိုင်း သူ့သမိုင်း နိုင်ငံသမိုင်း’လို့ နာမည်ပေးထားပါတယ်။ စာရေးသူကတော့ အားလုံးသိထားပြီး ဖြစ်တဲ့ စာရေးဆရာဖိုးကျော့ပါ။ သူကိုယ်တိုင်ကြုံခဲ့ရတဲ့ အလုပ် သမားအရေးအခင်းနဲ့ ထောင်ကျခဲ့တဲ့ အတွေ့အကြုံတွေကို ရေးဖွဲ့ ထားတဲ့ စာရေးသူ ဖိုးကျော့ရဲ့ ကိုယ်တွေ့မှတ်တမ်းတစ်ခုပါ။စာ ရေးသူက အလုပ်သမားအရေးအခင်းမှာ ကိုယ်တိုင်ပါဝင်လှုပ် ရှားခဲ့လို့ ထောင်ကျခဲ့တာတော့ မဟုတ်ပါဘူး။ သူ့ကို ကွန်မြူနစ်လို့ စွပ်စွဲပြီး ထောင်ချခဲ့တာပါ။ ဒီစွပ်စွဲချက်နဲ့ပဲ သူဟာ အင်းစိန် ထောင်ထဲမှာ ခြောက်နှစ်နေလိုက်ရပါတယ်။
စာရေးသူက သူ့ရဲ့အတွေ့အကြုံတွေကို ပြန်လည်ရေးသား တဲ့အခါမှာ ခေတ်ကာလရဲ့ အခြေအနေကို ထင်ဟပ်ပြပြီး အလုပ် သမားအရေးအခင်းကို အစချီလိုက်ပါတယ်။ ပြီးတော့ အဖမ်းခံရ ပြီး ရေကြည်အိုင်စစ်ကြောရေးကို ရောက်ခဲ့တယ်။ အဲဒီကမှ တစ်ဆင့် အင်းစိန်ထောင်ကို ရောက်ပြီး ခြောက်နှစ်နေခဲ့ရတာပါ။
စာရေးသူက စစ်ကြောရေးထဲမှာ ကြုံတွေ့ခဲ့ရတာတွေ၊ အင်း စိန်ထောင်ထဲက အတွေ့အကြုံတွေနဲ့ ထောင်ထဲမှာ သူကြုံတွေ့ခဲ့ တဲ့ တချို့သော လူတွေရဲ့ အကြောင်းတွေကို စိတ်ဝင်စားဖွယ် ရေး သားထားတာပါ။ သူ ထောင်ထဲကိုရောက်တဲ့ အချိန်မှာပဲ နိုင်ငံ ရေးအကျဉ်းသားတွေဟာ ရာဇဝတ်အကျဉ်းသားတွေနဲ့ တန်းတူ ပဲဆိုတဲ့ ဥပဒေကို ပြောင်းလဲပြဋ္ဌာန်းတာနဲ့ တိုက်ဆိုင်နေတာ ကြောင့် အရင်က နိုင်ငံရေးအကျဉ်းသားတွေ ရခဲ့တဲ့ အခွင့်အရေး တွေမရခဲ့ကြပါဘူး။
ထောင်ထဲက လွတ်တဲ့အချိန်မှာလည်း မလွတ်ခင် ထောင် တစ်ခုလုံး သရဲခြောက်ခံရပြီးမှ လွတ်မြောက်ခဲ့ရတဲ့ အကြောင်းနဲ့ စာရေးသူ (ဆရာ)ဖိုးကျော့က စာအုပ်ကို နိဂုံးချုပ်ထားတာပါ။ ဒီ နေရာမှာ စာဖတ်သူတို့ကို(ဆရာ)ဖိုးကျော့ရေးတဲ့ ကိုယ့်သမိုင်း သူ့သမိုင်းနိုင်ငံသမိုင်းဆိုတဲ့ စာအုပ်နဲ့ အနည်းငယ်မျှ မိတ်ဆက် ပေးချင်ပါတယ်။
စာအုပ်ရဲ့အစပိုင်းမှာ စာရေးသူ ဖိုးကျော့က ၁၉၅၆ခုနှစ် သူ ရန်ကုန်ကို စရောက်ခဲ့ပြီး တစ်ရက်ကို နှစ်ကျပ်တစ်မတ်ရတဲ့ ဖန်ရည်ကျိုဖိုမှာ အလုပ်စဝင်ခဲ့တဲ့အကြောင်းကို ဖော်ပြထားပါ တယ်။ အာလာဒင်မီးအိမ်လုပ်တဲ့ ဖန်ရည်ကျိုဖို ဖြစ်ပါတယ်။ သူနေခဲ့တာက အုတ်ကျင်း၊ မာလာမြိုင်ရပ်ကွက် (အခု လှိုင်မြို့ နယ်၊ ၁၆ ရပ်ကွက်)၊ အဲဒီတုန်းကတော့ ဆင်းရဲသား ရပ်ကွက်ပေါ့။ ညဘက်တွေမှာ အာလာဒင်မီးအိမ်နဲ့ ဆီမီးခွက်သာ သုံးပါတယ်။ လျှပ်စစ်မီး မသုံးကြသေးပါဘူး။
အဲဒီအချိန်တုန်းက လူနေအိမ်တွေမှာ လျှပ်စစ်မီးမသုံးခဲ့ကြတာနဲ့ပတ်သက်လို့ စာရေးသူက အခုလို ရေးသားထားပါတယ်။”ထိုလူကြီးက မိမိတို့နိုင်ငံသည် အရှေ့တောင်အာရှတွင်စံပြနိုင်ငံဖြစ်ရသည်မှာ စံတင်လောက်သော မင်္ဂလာဒုံလေယာဉ်ကွင်း၊ ကွမ်းခြံဘူတာကြီး၊ ဗန္ဓုလပန်းခြံ၊ သမ္မတရုပ်ရှင်ရုံ စသည့်အပြင် ယခုစံပြအဖြစ် လောပိတရေအားလျှပ်စစ်စက်ရုံ တစ်ရုံပေါ်လာပြန်ပြီ။ ထို့ကြောင့် စံပြနိုင်ငံသားများဖြစ်အောင် လျှပ်စစ်မီးသုံးစွဲကြပါမည့်အကြောင်းနှင့် အထူးတစ်ခုသတိထားကြရမှာကတော့ မီးသီးပေါက်ကို လက်နှင့် မနှိုက်ဖို့၊ ခလုတ်ပိတ်ပြီး မီးသီး၊မီးချောင်းတပ်၊ ပြီးမှ ခလုတ်ကိုဖွင့်ဖို့၊ ဓာတ်လိုက်ရင်တော့ သေတတ်သည်ဟု ရှင်းပြသွားသည်။
အရပ်လူကြီးနှင့် လျှပ်စစ်ဌာနမှ ပုဂ္ဂိုလ်တို့လည်း ပြန်သွားသည့်အခါ လူများက ‘မီတာအိမ်ဆိုတာလည်း ဝယ်ရမယ်၊ မီးချောင်း၊ မီးသီးလည်းဝယ်ရမယ်၊ မီတာခဆိုတာလည်း လစဉ်ပေးရဦးမယ်။ ပြီးတော့ ဓာတ်လိုက်ရင် သေတတ်တယ်တဲ့။ လုပ်မနေစမ်းပါနဲ့၊ ရေနံဆီတစ်ပုလင်း ဘယ်နေရာသွားဝယ်ဝယ် တစ်မတ်ပဲ၊ အလကားအလုပ်ရှုပ်လို့’။ လောပိတ ရေအားလျှပ်စစ်မှ လျှပ်စစ်မီးသုံးစွဲကြရန် လာပြီးဆော်သြကြသူများပက်လက်လန် ပြန်ခေါက်သွားကြသည်”ဟု ရေးသားထားသည်။အတိတ်မှာဒီလိုဖြစ်ခဲ့ကြတာကို ဖတ်ရတော့ အခုလိုအခြေအနေနဲ့ နှိုင်းယှဉ်ကြည့်ရင် စိတ်ဝင်စားစရာလည်း ကောင်းသလိုရယ်စရာတစ်ခုလည်း ဖြစ်နေပါတယ်။
၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီးတဲ့နောက်မှာတော့ စက်ရုံ၊ အလုပ်ရုံတွေကို စစ်တပ်က စစ်ဗိုလ်တွေရောက်လာကြတယ်။ ထုတ်လုပ်မှု ပုံစံတွေပြောင်းသွားကြတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေက ချက်ချင်း ပြောင်းလဲမသွားပေမယ့် တဖြည်းဖြည်းဆုတ်ယုတ်လာခဲ့တယ်။ဒါကိုလည်း စာရေးသူက ”သတိထားမိသလောက်ဆိုလျှင်(၁၉၆၄-၁၉၆၅)တွင် မြန်မာနိုင်ငံ၏ အခြေအနေမှာ အဆိုးရွားကြီး မဟုတ်သေးပေ။ ယခင်အခြေအနေကြောင့် တောင့်ခံထားသည်ဟုဆိုရမည်။ ထို့ကြောင့်လည်း ၁၉၆၅ ခုနှစ်က မလေးရှားမှခွဲထွက်လာရသော မစ္စတာလီကွန်ယုသည် စင်ကာပူနိုင်ငံကိုနောင် ၁ဝ နှစ် ကြာလျှင် မြန်မာနိုင်ငံလိုဖြစ်စေရမည်ဟု ကြုံးဝါးခဲ့သည်။ ထို့ကြောင့်လည်း လီကွန်ယုသည် မြန်မာပြည်မှ နာမည်များဖြစ်သော မ္တလေး၊ ရန်ကုန်၊ ပုသိမ်၊ မြောင်းမြ၊ မအူပင်၊ ဧရာဝတီ၊ သံလွင် စသည့်နာမည်များကိုယူ၍ စင်ကာပူတွင် လမ်းအမည်များကို ခေါ်တွင်စေခဲ့သည်။
သို့သော် သိပ်မကြာ၊ တောင်သူလယ်သမားများ၊ အလုပ်သမားလူတန်း စားက ိုအခြေခံသော ဆိုရှယ်လစ်နိူင်ငံတောြ်ကးီ သ့ိုချီတက်နေသည့် ကျွန်တော်တို့မြန်မာနိုင်ငံမှာကား အဓိက အခြေခံစားကုန်ဖြစ်သည့် ဆန်ပြဿနာနှင့် အလုပ်သမားများ၏ အထွေထွေမကျေနပ်မှုကြောင့် ၁၃ဝဝပြည့် အရေးတော်ပုံ၊ ရေနံမြေအလုပ်သမားသပိတ်ပြီးလျှင် မဆလလက်ထက်တွင် အလုပ်သမားသပိတ်ကြီး ပေါ်ပေါက်လာတော့သည်။
၁၉၇၄ ခုနှစ် အလုပ်သမားသပိတ်မှစကာ ၁၉၇၅ ခုနှစ်ဦးသန့်အရေးအခင်း၊ ထို့နောက် အလုပ်သမား၊ ကျောင်းသားများပူးပေါင်း၍ အလုပ်သမားတို့၏ နှစ်ပတ်လည် ဇွန်အရေးအခင်းတို့ ဖြစ်ပွားလာခဲ့သည်။ ထိုမှတစ်ဖန် မှိုင်းရာပြည့်အရေးတော်ပုံ၊ အရှေ့လေ၊ ရေပူစီးကြောင်း၊ တပ်ဦး စသည့် အရေးအခင်းပေါင်းစုံတို့သည် အထွေထွေမကျေနပ်မှုကို အကြောင်းခံကာဆက်တိုက်ကြီးဖြစ်ပေါ်လာတော့သည်”ဟု ရေးသားထားသည်။ဒီစာအုပ်မှာ လွှတ်တော်ကို တင်ပြခဲ့တဲ့ အလုပ်သမားဆန္ဒပြမှုစုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာကိုလည်း ထည့်သွင်းဖော်ပြထားပါသေးတယ်။ အစီရင်ခံစာမှာ အလုပ်သမားတစ်ယောက ်ချင်းစီရဲ့ အလုပ်အကိုင်နဲ့ မိသားစု စားဝတ်နေရေးတွေကို မေးမြန်းပြီး မှတ်တမ်းတင်ထားတာပါ။
အလုပ်သမားတစ်ယောက်ရဲ့အစီရင်ခံစာကိုဖော်ပြရမယ်ဆိုရင်”မြစ်ငယ်တွဲပြုပြင်ဆောက်လုပ်ရေးစက်ရုံအလုပ်သမားများပါဝင်သည့်အခြေခံအလုပ်သမားကောင်စီ အမှတ်(၁)၏အတွင်းရေးမှူးဖြစ်သူ ဦးကြည်သန်း(သက်သေ အမှတ်-၅၈)ကထွက်ဆိုရာတွင် ကျွန်တော်တို့မြစ်ငယ်စက်ရုံတွင် အလုပ်သမားများမှာ ဆန်အခက်ခဲကြောင့်ဆြန်ပုတ်သောက် နေရသူများရှိကြောင်း၊ကန်စွန်းရွက်၊ သင်္ဘောသီးတို့ကို ပြုတ်စားနေရသူများရှိကြောင်း၊ ငတ်ပြတ်သော အလုပ်သမားကို ဆေးရုံသို့ပို့ခဲ့ရဖူးကြောင်း၊ ဆေးရုံတက်သည့် အလုပ်သမားလူနာတစ်ဦးဆိုလျှင်ကယောင်ကတမ်းနှင့် အုတ်ခဲများကို ထုထောင်းပြီး စားဖူးကြောင်း၊ စက်ရုံအလုပ်သမားများ လိုအပ်သည့်ပစ္စည်းများဖြစ်သော အခြေခံစားကုန်သောက်ကုန်များကို ရာရှင်စနစ်ဖြင့် ဖြစ်စေ ဖြန့်ဝေသင့်ကြောင်း”စသဖြင့် အလုပ်သမားတစ်ဦးချင်းစီကိုမေးမြန်းပြီး အစီရင်ခံ တင်ပြခဲ့တာပါ။
စာရေးသူက ဆက်ပြီး ”ကော်မရှင်က ဤသို့ အမှန်အကန်အတိုင်း တင်ပြခဲ့သော်လည်း မဆလအာဏာရှင်များသည်အလုပ် သမား အောက်ခြေလူတန်းစားများကို အောက်ပါအတိုင်းသေနတ်နှင့်ပစ်သတ်ကာ ထောင်ဒဏ် (၁၆၊ ၁၅၊ ၁ဝ)နှစ် အပြစ်ပေးအရေးယူခဲ့သည်မှာ သမိုင်းတွင် မမေ့ပျောက်နိုင်သောအလုပ်သမားများအတွက် သွေးစက်ကြီးဖြစ်ပေသည်”လို့ ရေးသားထားပါတယ်။အလုပ်သမားအရေးအခင်းမှာ စက်ရုံ၊ အလုပ်ရုံအလိုက်ထောင်ဒဏ်နှစ်ရှည်ကျခဲ့ရသူ အရေးအတွက်နဲ့ နာမည်စာရင်း၊သေဆုံးသူအရေအတွက်နဲ့ နာမည်စာရင်းတွေကိုဇယားဆွဲပြီးဖော်ပြထားပါတယ်။
သေဆုံးသူစာရင်းထဲမှာ အသက် ၉ နှစ်၊ ၁၃နှစ်၊ ၁၄ နှစ်အရွယ်တွေပါ ပါနေတာကို တွေ့ရပါတယ်။စာရေးသူ ဖိုးကျော့ဟာ အလုပ်သမားအရေးအခင်းမှာပါဝင်လှုပ်ရှားခြင်း မပြုခဲ့ပေမယ့် သူ့ကိုကွန်မြူနစ်ဟုဆိုတဲ့ စွပ်စွဲချက်နဲ့ အင်းစိန်ထောင်ထဲ ပို့လိုက်ကြပါတယ်။ သူကိုယ်တိုင်ကလည်း ကွန်မြူနစ်မဟုတ်သလိုနိုင်ငံရေးသမားတစ်ယောက်လည်းမဟုတ်တဲ့အကြောင်းကို စာအုပ်ထဲမှာဖော်ပြထားပါတယ်။စာအုပ်ရဲ့ တစ်နေရာမှာဆိုရင် ”အင်းစိန်အကျဉ်းထောင်ဝင်းထဲရှိ ထိုရုံးတွင် သခင်စိုးကြီးအား သေဒဏ်ချမှတ်လိုက်သောရုံးဖြစ်သည်ဆိုသဖြင့် အလုပ်သမားအချို့မှာ တုန်လှုပ်ချောက်ချားကုန်ကြသည်။ မိမိတို့အား နိုင်ငံတော်မှစွဲဆိုထားသော အမှုမှာလည်း ပုဒ်မ-၁၅/၁ဖြစ်ရာ အနည်းဆုံး ထောင်ဒဏ် ၁ဝ နှစ်နှင့်သေဒဏ်အထိပေးနိုင်သောရုံးဖြစ်ရာ တုန်လှုပ်ချောက်ချားကြမည်ဆိုကလည်း တုန်လှုပ်ချောက်ချားစရာ။ပင်ကိုအခြေခံအားဖြင့်လည်း မိမိတို့မှာ နိုင်ငံရေးခံယူချက်ရှိသော နိုင်ငံရေးသမားများမဟုတ်ကြ။
ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို မခံနိုင်ကြ၍ ပစ္စည်းမဲ့ဒေါသတို့ပေါက်ကွဲကာ ဆန္ဒပြလာကြသူများဖြစ်ကြ၏။ နိုင်ငံရေးသမားများလို သံမဏိစိတ်ဓာတ်မျိုးလည်း မရှိကြသော မိမိတို့အလုပ်သမားများလည်း အဘယ်မှာမကြောက်မရွံ့ဘဲ ရှိကြပါမည်နည်း”ဟု ဆိုထားပါတယ်။သူနေခဲ့ရတဲ့ခြောက်နှစ်ကာလအတွင်းမှာလည်း အင်းစိန်ထောင်ထဲမှာအကျဉ်းသားငါးယောက်ကို ကြိုးပေးသေဒဏ်ပေးတာနဲ့ ကြုံခဲ့ပါတယ်။ ဒီလိုကြိုးပေးသတ်တယ်ဆိုတာ အနှစ် ၂ဝ၊၃ဝ မှ တစ်ခါလောက်သာဖြစ်တာလို့ စာရေးသူက ဆိုထားပါတယ်။
အခုသေဒဏ်ပေးခံရတဲ့အကျဉ်းသားငါးယောက်ကတော့ဆလိုင်းတင်မောင်ဦး(မှိုင်းရာပြည့်ကျောင်းသားခေါင်း
ဆောင်)၊ဗိုလ်ကြီးအုန်းကျော်မြင့်(နိုင်ငံတော်ပုန်ကန်မှု)၊ ပီတီပီမှ ညွန့်တင်နဲ့ ခရမ်း-သုံးခွဘက်က လယ်သမားမိသားစုကို သတ်ခဲ့တဲ့ လှဦးနဲ့မောင်မြင့်တို့ပဲဖြစ်ပါတယ်။စာရေးသူ(ဆရာ)ဖိုးကျော့တို့ ကံဆိုးတဲ့ဟာတစ်ခုကတော့အရင်တုန်းက နိုင်ငံရေးသမားတွေအတွက် သီးသန့် အေကလပ်၊ဘီကလပ်ဆိုတာရှိခဲ့ပေမယ့် သူတို့အင်းစိန်ထောင်မရောက်ခင်လပိုင်းအလိုကပဲ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ နိုင်ငံရေးသမားနဲ့ ရာဇဝတ်အကျဉ်းသားဟာ တန်းတူပဲလို့ ပြဋ္ဌာန်းခဲ့ပါတယ်။ ဒါကြောင့် စာရေးသူဖိုးကျော့တို့အင်းစိန်ထောင်ထဲရောက်တဲ့အချိန်ဟာ အင်းစိန်ထောင်ဟာ နိုင်ငံရေးသမားတွေအတွက်တော့ လူ့ငရဲကြီးအဖြစ်ပြောင်းသွားခဲ့ပါပြီ။ ဘယ်လိုလူ့ငရဲလဲဆိုတာကတော့ ‘သူ့သမိုင်း ကိုယ့်သမိုင်း နိုင်ငံသမိုင်း’ စာအုပ်ကိုဖတ်ပြီးရင် တွေ့ပါလိမ့်မယ်။
ဒီစာအုပ်ထဲမှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ စနစ်တချို့ကိုလည်း စာရေးသူက တို့ထိထားတာကို တွေ့ရပါသေးတယ်။ စာရေးသူ ရေးထားတာက ”မဆလခေတ်တွင် တရားသူကြီးအဖွဲ့ထဲတွင် ဆိုရှယ်လစ်ဥပဒေအရ လူထုလူတန်းစားအဖွဲ့များကပါ တရားသူကြီးအဖွဲ့ထဲ ပါနေကြရရာ အချို့တောမြို့လေးတွေမှာ အနှေးယာဉ်လုပ်သားဆိုက်ကားသမားလည်း ပါရသည်ဆို၏။ ထို့ကြောင့် တရားစီရင်နေစဉ် ဆိုက်ကားဆရာသည် ဆိုက်ကားကို ခဏခဏ သွားထကြည့်ရသဖြင့် လူတွေက ‘ဘာလို့ ထ
သွားကြည့်နေတာလဲ’ဟုမေးကြရာသူ့ဆိုက်ကားမှာသော့ပျက်နေသည်။သူ့အပေါင်းအသင်းဆိုက်ကားသမားများနှင့် တစ်စုံတစ်ယောက်က ယူပြေးသွားမှာစိုး၍ ထကြည့်ရတာဟုဆိုသည်”။ဆက်၍ ”မိမိတို့ ဂုန်နီစက်ရုံတွင် အခြေခံကောင်စီရွေးကြရာ၌ အလုပ်သမားတွေက ထောင်ထောင်မောင်းမောင်းနှင့်ဗလကောင်းသော်လည်း မိန်းမစိတ်ပေါက်နေသော မိန်းမလျာမို့မို့ကို အရွဲ့တိုက်မဲပေးကြရာ သက်ဆိုင်ရာ ပါတီကောင်စီများကစိတ်ဆိုးပြီး နောက်တစ်ကြိမ်၊ နှစ်ကြိမ် ပြန်ရွေးခိုင်းရသော အခြေခံကောင်စီရွေးပွဲဖြစ်ခဲ့ရသည်။ ပါတီကောင်စီကိုအယုံအကြည်မရှိကြသော အလုပ်သမားများသည် မိန်းမလျာတွေ၊ ခပ်ပေါပေါလုပ်သားတွေ၊ အရူးအနှမ်းတွေကို ဝိုင်းမဲပေးကြသဖြင့် ပြန်ရွေး၊ ပြန်ရွေးလုပ်ရသော အလုပ်ရုံ၊ စက်ရုံများလည်း မနည်းပေ”ဟု ရေးသားထားပါတယ်။စာအုပ်ရဲ့အဆုံးပိုင်းကို စာရေးသူ(ဆရာ)ဖိုးကျော့ အင်းစိန်အကျဉ်းထောင်ကလွတ်မြောက်သွားခဲ့တာနဲ့ အဆုံးသတ်ထားပါတယ်။ လွတ်မြောက်ခဲ့ပုံကလည်း စိတ်ဝင်စားစရာပါ။ ဘာကြောင့်လည်းဆိုတော့ စာရေးသူက ဒီလို ရေးသားထားပါတယ်။”သည်လိုနှင့် ညရောက်လျှင် ဤနေ့ည ဘယ်အဆောင်ကသရဲခြောက်လို့၊ သရဲဝင်ပူးလို့ အော်ကြဟစ်ကြသံကို ကြားကြရမည်နည်း စသဖြင့် ညည နားစွင့်နေကြရ၏။
ဤသည်ကိုကျွန်တော်တို့ဖိနပ်ချုပ်မန်နေဂျာကြီးဦးသောင်းရွှေကမူ’ဒါထောင်ခါချင်လို့ဖြစ်တာ။ခင်ဗျားတို့အတွက်(အကျဉ်းသားတွေအတွက်)ကောင်းတယ်’ဟုပြော၏။ ‘ထောင်ခါတယ်ဆိုတာ ဘာပြောတာလဲ’ဟုမန်နေဂျာကြီးကို မေးကြည့်ကြရာ’ထောင်ခါတယ်ဆိုတာ အကျဉ်းသားအားလုံးကိုလွှတ်ပစ်တာ’ဟု သူက ဆို၏။’အဲဒီလိုလည်း ရှိလား’။ ‘ရှိတာပေါ့ကွ။ ဆဋ္ဌသံဃာယနာတင်တဲ့နှစ်က ထောင်ထဲက လူတွေ အကုန်လုံး လွှတ်ပစ်လိုက်တယ်။ ထောင်ခါလိုက်တယ်လေ’ ”ဟု ရေးသားထားပါတယ်။ဒီလိုဖြစ်ပြီး တစ်ပတ်ကျော်၊ နှစ်ပတ်ခန့်လောက်မှာ ပြည်ပြေးအဖြစ်နဲ့ အိန္ဒိယရောက်နေတဲ့ ဦးနုနဲ့ သူ့ဇနီး ဒေါ် မြရီ ဆက်တီပေါ်မှာ ယှဉ်ထိုင်နေတဲ့ပုံ သတင်းစာထဲ ပါလာတယ်လို့ဆိုပါတယ်။
စာရေးသူရေးထားတာကတော့”ဦးနုအားဦးနေဝင်းကဖိတ်ခေါ်ရခြင်းမှာမြန်မာနိုင်ငံထေရဝါဒ သံဃာဂိုဏ်းပေါင်းစုံ ညီညွတ်ရေးလုပ်ရန်မှာဦးနုရှိမှဖြစ်မည်ဟူသောသဘောဖြင့်ဖိတ်ခေါ်ခြင်းဟုသိရသည်။ဦးနုမြန်မာနိုင်ငံပြန်
ရောက်ပြီး မကြာမီမှာပင် ရွှေကျင်၊ သုဓမ္မာ၊ ဒွါရစသည့် သံဃာဂိုဏ်းပေါင်းစုံညီညွတ်ရေးလုပ်သည်။ ထိုသံဃာဂိုဏ်းပေါင်းစုံညီညွတ်ရေးကိုအကြောင်းပြုပြီး၈ဝ/၂ကြေညာချက်လွတ်ငြိမ်းချမ်းသာခွင့်နှင့် ၂၉.၅.၁၉၈ဝ နေ့တွင် မိမိတို့အင်းစိန်အကျဉ်းထောင်မှ လွတ်လာခဲ့ကြရသည်”လို့အဆုံးသတ်လိုက်ပါတယ်။
[ ပြီးပါပြီ။ ]

