ရန်ကုန်-၂၀၂၅ စက်တင်ဘာ ၃ (မော်ကွန်း)
ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ၊ ဖားအံခရိုင်အတွင်းက စာသင်ကျောင်းကို စစ်ကော်မရှင်က ဒရုန်းနဲ့ဗုံးကြဲတဲ့အတွက် ကျောင်းထိခိုက်ပျက်စီးသွားပြီး ဆရာမတစ်ဦးနဲ့ ကျောင်းသားတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ KNU- ဖားအံခရိုင်က ဒီမနက်သတင်းထုတ်ပြန်ပါတယ်။
ဒီနေ့မနက် ၁၀ နာရီခန့်မှာ KNU ထိန်းချုပ်နယ်မြေ၊ တာကရယ်မြို့နယ်(ပိုင်ကျုံမြို့နယ်)အတွင်းက နော်တခီးရွာမှာရှိတဲ့ ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန(KECD) လက်အောက်က ကော်သူးလေကျောင်းအမှတ်(၇၀၈၂) ဖြစ်တဲ့ နော်တခီးအခြေခံ ပညာအလယ်တန်းကျောင်းကို စစ်ကော်မရှင်က ကာမီကာဇယ်ဒရုန်းနဲ့ဗုံးကြဲတာဖြစ်ပြီး ကျောင်းတက်နေချိန်မို့ ထိခိုက်ဒဏ်ရာရခဲ့တာလို့ ဖော်ပြပါတယ်။
စာသင်ကျောင်းကို ဒရုန်းအသုံးပြုဗုံးကြဲတိုက်ခိုက်တာနဲ့ပတ်သက်လို့ စစ်ကော်မရှင်ဘက်က တစ်စုံတစ်ရာ မထုတ်ပြန်ပါဘူး။
KNU ဟာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနဲ့ ပဲခူးအရှေ့ခြမ်းဒေသတွေမှာ စစ်ကော်မရှင်ကို တိုက်ခိုက်ခုခံနေပြီး ပဋိပက္ခစောင့်ကြည့်တဲ့ သုတေသနအဖွဲ့ ISP မြန်မာရဲ့ အချက်အလက်တွေအရ ထိုင်း-မြန်မာနယ်နမိတ် မိုင် ၁၅၀၀ ကျော် အနက် မိုင် ၅၀၀ လောက်ကို ထိန်းချုပ်ထားတဲ့အဖွဲ့လို့ ဖော်ပြပါတယ်။
KNU ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ စစ်ကော်မရှင်ကို ခုခံတိုက်ခိုက်နေတဲ့အဖွဲ့ ဖြစ်ပြီး စစ်ကော်မရှင်က အကြမ်းဖက်အဖွဲ့အဖြစ် KNU ကို ကြေညာထားသလို ဒီနှစ်ကုန်ပိုင်းမှာကျင်းပဖို့ စစ်ကော်မရှင်ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကို ပြည်သူတွေ သပိတ်မှောက်ဖို့ KNU ကလည်း ကြေညာထားပါတယ်။

ပုံစာ- သိမ်းဆည်းလက်နက်ခဲယမ်းတွေနဲ့အတူတွေ့ရတဲ့ အမှတ်(၂)စစ်ဆင်ရေးနယ်မြေက တော်လှန်ရေးတပ်သားတချို့။
ဓါတ်ပုံ- အမှတ်(၂) စစ်ဆင်ရေး။

