ပဲခူး – ၂၀၂၄ ဇွန် ၁၇ (မော်ကွန်း)
ပဲခူးမြို့အထွက်စစ်ဆေးရေးဂိတ်တွေမှာ လက်ကိုင်ဖုန်းတွေစစ်ဆေးနေပြီး VPN တွေ့ရှိရင် ဖမ်းခေါ်သွားကာ ငွေညှစ်နေကြတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေကပြောပါတယ်။
ဘုရားကြီးလမ်းဆုံမရောက်ခင် ပဲခူးမြို့ရှောင်လမ်းနဲ့လမ်းဟောင်းဆုံတဲ့မီးပွိုင့်ထိပ်က စစ်ဆေးရေးဂိတ်ကလည်း မကြာခဏ မထင်မှတ်ဘဲစစ်ဆေးတတ်တယ်လို့ ဆီဘောက်ဆာယာဉ်မောင်းတစ်ဦးကပြောပါတယ်။
“ဟိုတနေ့က စစ်နေတယ်လို့ ဆီဆိုင်ကလူတွေပြောတာနဲ့ ကျွန်တော်တောင် ရှိသမျှ VPN တွေ ဖြုတ်ထားရတယ်” လို့ ၎င်းကပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ရက်လောက်က မိုးယွင်းကြီးသဘာဝအင်းအကျော်၊ မှိုင်းတုံကွေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဆိုင်ကယ်တွေကိုတားပြီး ဖုန်းစစ်တယ်လို့ မိုင်းတုံရွာခံတစ်ဦးကပြောပါတယ်။
“စစ်လို့(VPN) တွေ့တာနဲ့ ရဲစခန်းကိုတန်းခေါ်သွားတာ။ တစ်ယောက်ကို အနည်းဆုံး လေးငါးသိန်းတောင်းတာ။ မပေးနိုင်ရင် ဖမ်းမယ်ဆိုတော့ ရှိတာပေးကြရတာပဲ။ သူတို့(စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ) တစ်နေ့တစ်နေ့ ဝင်ငွေ နည်းမှမနည်းပဲ” လို့ ၎င်းရွာခံကပြောပါတယ်။
ရန်ကုန်မြို့ရှိ အချို့မြို့နယ်များတွင်လည်း ဧည့်စာရင်းစစ်မယ်ဆိုပြီး ဖုန်းတွေကို ယူစစ်ကာ VPN တွေ့ရှိလျှင် ခြိမ်းခြောက်ငွေညှစ်မှုတွေရှိတယ်လို့ ကိုယ်တိုင်ကြုံခဲ့သူတွေကပြောပါတယ်။
စစ်ကောင်စီက မေလကုန်မှစတင်ကာ VPN ပိတ်ပင်ရေးကို ဝန်ကြီးဌာနအဆင့်ဖြင့်လုပ်ဆောင်နေပြီး VPN မပိတ်သော ပုဂ္ဂလိက ဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီ ကိုးခုထက်မနည်းကိုလည်း အရေးယူခဲ့တယ်လို့ စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။

