နေပြည်တော်၌ ယမန်နေ့ကပြုလုပ်သည့် အစိုးရ၊ တပ်မတော်နှင့် အပစ်ရပ်လက်မှတ်ရေထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ပါဝင်သော ၈ ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်ထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (Joint Implementation Coordination Meeting – JICM) တွင် သဘောတူညီချက် ရှစ်ချက်ရရှိခဲ့သည်။
ယင်းရှစ်ချက်မှာ NCA စာချုပ် တပ်ပိုင်းဆိုင်ရာနှင့် အပစ်ရပ်ခိုင်မာရေး ဆွေးနွေးညှိနှိုင်းရန်၊ NCA အကောင်ထည်ဖော်မည့်ပုံစံကို နှစ်ဦးနှစ်ဖက် သဘောတူညီမှုရရန်၊ ၂၀၂၀အလွန် အဆင့်လိုက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာများ၊ ပြည်ထောင်စုသသောတူစာချုပ် အစိတ်အပိုင်း (၃)တွင် ချုပ်ဆိုမည့် ပုံစံတို့ကို သဘောတူခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံအစည်းအဝေးကို ၂၀၂၀ ပထမလေးလတာအတွင်း ပြုလုပ်နိုင်ရန်၊ NCA ၏အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ပတ်သက်ပြီး အလုပ်အဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရန်၊ NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပါဝင်လာရေး ဆောင်ရွက်ရန်၊ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်ထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM)ကို နှစ်လအတွင်း ခေါ်ယူကျင်းပရန်တို့ဖြစ်သည်။
ညီလာခံကိုတော့ ၂၀၂၀ နှစ်ဆန်းပိုင်း ပထမ (၄) လတာ ကာလအတွင်းဆိုတော့ အခုကစပြီး ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊မတ်၊ဧပြီ အဲဒီကာလအတွင်းမှာ ကျင်းပဖို့ ရည်မှန်းချက်ထားပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီနေ့ JICM အစည်းအဝေးမှာ အဆင်ပြေပြေဆုံးဖြတ်နိုင်အောင် သဘောတူညီနိုင်အောင် ကျွန်တော်တို့ကြားမှာ အများကြီး ဆွေးနွေးခဲ့ရပါတယ်”ဟု ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆိုသည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်ထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသည် တစ်နှစ်ကျော်ကြာမှ ပြန်လည်ပြုလုပ်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။
Photo by နိုင်ငံတော်အတိုင်ပင်ခံရုံး