မြန်မာပြည်ဟာ လှပတဲ့ သတို့သမီးတစ်ယောက်ဖြစ်နေပြီ။

မြန်မာပြည်ဟာ လှပတဲ့ သတို့သမီးတစ်ယောက်ဖြစ်နေပြီ။

Photo: Flickr

၂၀၁၃၊ မော်ကွန်းမဂ္ဂဇင်း အမှတ် (၄) မှအရှေ့တောင်အာရှရေးရာ ကျွမ်းကျင်သူထိုင်းသတင်းစာဆရာမစ္စတာ ကဝီချောင်ကစ်ဒါဗွန် (Kavi Chongkittavorn) နှင့် တွေ့ဆုံမေးမြန်းခန်းကို ဖော်ပြလိုက်ရပါသည်။

ဉာဏ်လင်းမေးမြန်းသည်။

လက်ရှိမြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲရေးများ၊ မြန်မာပြည်၏နောင်အလားအလာ၊အရှေ့တောင်အာရှတွင်မြန်မာပြည်၏ နေရာ၊ဒေသတွင်းနိုင်ငံများနှင့်မြန်မာပြည်၏ဆက်ဆံရေး၊ အာဆီယံလူ့အခွင့်အရေးပဋိညာဉ်အစရှိသည့်အရေးအရာများ နှင့်ပတ်သက်ပြီးကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တော်၌နိုဝင်ဘာတတိယပတ်အတွင်းအာဆီယံထိပ်သီး ဆွေးနွေးပွဲကျင်းပနေစဉ် မစ္စတာကဝီအား မော်ကွန်းအယ်ဒီတာက တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ထိုင်းနိုင်ငံ၏ ထိပ်တန်းသတင်းစာများထဲတွင် ပါဝင်သော The Nation သတင်းစာ၏ အယ်ဒီတာဟောင်း မစ္စတာကဝီသည် ထိုင်းနိုင်ငံရေးနှင့် ဒေသတွင်းနိုင်ငံရေးရာများကို နှစ်ပေါင်း ၂၀ ကျော်ရေးသားခဲ့သူဖြစ်ပါသည်။ အာဆီယံအထွေထွေ အတွင်းရေးမှူး၏ အထူးလက်ထောက်အဖြစ်လည်း ၁၉၉၃ မှ ၁၉၉၄ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်းဖြစ်သည်။

ယခုအခါ အလွတ်တန်းသတင်းစာဆရာအဖြစ် ရပ်တည်နေသည့် မစ္စတာကဝီသည် အရှေ့တောင်အာရှသတင်း မဟာမိတ် အဖွဲ့ (SEAPA)၏ ဥက္ကဌအဖြစ်လည်း တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်နေသော မြန်မာပြည်၏ အနာဂတ်နှင့် ပတ်သက်၍ “အင်မတန် အကောင်းမြင်လွန်းသူ” အဖြစ် အရှုမြင်ခံနေရသော မစ္စတာကဝီ၏ အယူအဆများမှာ အောက်ပါအတိုင်းဖြစ်ကြပါသည်။

MAWKUN: ဒီကနေ့ မြန်မာပြည်ကို ခင်ဗျား ဘယ်လိုမြင်လဲ။ ဘာအပြောင်းလဲတွေဖြစ်နေတာကို ခင်ဗျားမြင်ခဲ့ရလဲ။

KEVI: အပြောင်းအလဲတွေကတော့ အများကြီးပဲ။ ကျွန်တော့်အနေနဲ့ အပြောင်းအလဲတွေ အများကြီးတွေ့ရတယ်။ ကျွန်တော့်ကို (မြန်မာအစိုးရက) ဆယ်စုနှစ် နှစ်ခုစာလောက် လာရောက်လည်ပတ်ခွင့် အပိတ်ခံထားခဲ့တယ်။ နောက်ဆုံး တော့ ကျွန်တော် ဗီဇာရလာခဲ့ပါတယ်။ သတင်းစာဆရာတစ်ယောက်အနေနဲ့ ဗမာပြည်နဲ့ ပတ်သက်ပြီး ရှစ်လေးလုံးအရေး တော်ပုံကတည်းက ကျွန်တော် တစိုက်မတ်မတ်ရေးလာခဲ့ပါတယ်။ အဲဒီတော့ ဗမာပြည်ကို ကျွန်တော့်ရဲ့ ကိုယ်ပိုင်မျက်စိနဲ့ မြင်ရ၊ ကြည့်ရတာ တော်တော်ဟန်ကျတယ်။ (ရန်ကုန်မှာ) ဟိုဟိုဒီဒီ လမ်းတွေလျှောက်ကြည့်တယ်။ စကော့ဈေး (ဗိုလ်ချုပ် အောင်ဆန်းဈေး)ကိုသွားတယ်။ ပြီးတော့ မုန့်ဟင်းခါးစားတယ်။ အဲဒီဖီလင်တွေက ဗမာပြည်နဲ့ပတ်သက်ရင် ကျွန်တော့်ကို ပိုပြီးတော့ နားလည်စေတယ်။ ဗမာဆိုတာ ဘယ်လိုဟာမျိုးလဲ၊ ဘယ်လိုသဘောသဘာဝရှိလဲဆိုတာကို ပိုပြီးတော့ သတိ ထားမိလာစေတယ်။

(မြန်မာ) အစိုးရက ပြုပြင်ပြောင်းလဲရေးကိစ္စတွေ၊ ဒီမိုကရေစီပြုရေးကိစ္စတွေ ပြောတဲ့အခါမှာ  ဘာတွေဖြစ်နေလဲ၊ ဘာတွေ လုပ်နိုင်သလဲ၊ ဘာတွေတော့ လုပ်နိုင်ခဲ့ပြီလဲဆိုတာတွေကို ကျွန်တော့်အနေနဲ့ ရှင်းရှင်းပြတ်ပြတ်ကို မြင်နေရတယ်။ သိ တဲ့အတိုင်း ကျွန်တော်က ထိုင်းသတင်းစာဆရာ၊ ထိုင်းဆိုတာက အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်။  မြန်မာပြည်ဟာလည်း အာဆီယံအဖွဲ့ဝင်ပဲ။ အနည်းနဲ့ အများဆိုသလို ထိုင်းနဲ့ မြန်မာမှာ တူညီတဲ့ နိုင်ငံရေး၊ လူမှုရေး ပတ်ဝန်းကျင်တွေ ရှိနေကြတယ်။

MAWKUN: မြန်မာပြည်ဟာ အရှေ့တောင်အာရှမှာ ဘယ်အဆင့်ရှိနေပြီလို့ မြင်လဲ။

KEVI: ပြုပြင်ပြောင်းလဲရေးတွေ မလုပ်ခင်ကတော့ ဗမာပြည်ဟာ ဒေသတွင်းမှာ အောက်ဆုံးအဆင့်ရောက်နေခဲ့သလို နိုင်ငံတကာမှာလည်း အဆင့်တော်တော်နိမ့်တဲ့ အနေအထားမှာရှိနေခဲ့ပါတယ်။ မှတ်မိမှာပါ – လွန်ခဲ့တဲ့ နှစ်နှစ်လောက် ကအထိ ဗမာပြည်ကို ကမ္ဘာမှာ အဆိုးဆုံးနိုင်ငံ သုံးနိုင်ငံစာရင်းထဲမှာ ထည့်ထားခဲ့တဲ့ကိစ္စကို။ အဲဒါက အမေရိကန်ရဲ့ စံသတ်မှတ်ချက်ပေါ့။ အာဆီယံဒေသတွင်းမှာတော့ ဗမာပြည်ဟာ ဘယ်လိုခေါ်မလဲ ကလေး ဆိုးကြီးပေါ့။ အဲတော့ မိသား စုနဲ့ အဆင်မပြေတာတွေရှိတယ်။ မိသားစုနဲ့ နွေးနွေးထွေးထွေးမရှိဘူး။ မိသားစုနဲ့ အတူမနေဘူး။ ဒါပေမဲ့ ရုတ်တရက် ဆိုသလိုပဲ မြန်မာဟာ လိမ္မာတဲ့ကလေးပြန်ဖြစ်လာတယ်။ ဆက်ပြီးဆက်ပြီးလိမ္မာလာတော့ နိုင်ငံတကာကလည်း လက်ခံ လာတယ်။ နောက်ဆုံး မိသားစုဆီပြန်ရောက် လာတယ်ပေါ့။ ဘယ်လိုပုံစံမျိုးလဲဆိုတော့ နိုင်ငံတကာက လက်ခံလာအောင် မြန်မာက အရင် ပြုပြင် ပြောင်းလဲရေးတွေ လုပ်ပြတယ်။ ပြီးတော့မှ မိသားစုဖြစ်တဲ့ အာဆီယံဆီပြန်လာပြီး ပွေ့ဖက်တယ် ပေါ့။

ဗမာ/မြန်မာဟာ နိုင်ငံတကာရဲ့ အသိအမှတ်ပြုခံရဖို့ဆိုတာ အရေးကြီးပါတယ်။ တစ်ချိန်တည်းမှာပဲ အဲဒီအသိအမှတ်ပြုမှု ကို အသုံးချပြီး အာဆီယံနဲ့ ဆက်ဆံရေး ပိုမိုခိုင်မြဲဖို့ အသုံးချသင့်ပါတယ်။ ကျွန်တော်တို့တတွေ နီးနီးကပ်ကပ်ရှိသင့်ပါ တယ်။ ဒါဟာ ဗမာပြည်ရဲ့ အနာဂတ်အတွက် တော်တော်အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ဗမာပြည်ဟာ အာဆီယံ ဥက္ကဌဖြစ်လာမယ့်နိုင်ငံပါ။ ကျွန်တော် ယုံကြည်မှုအပြည့်ရှိပါတယ်။ ဒီကနေ့ကစပြီးတော့ မြန်မာ – ခင်ဗျားတို့ ခေါ်နေတဲ့ နာမည် – ဟာ အာဆီယံရဲ့အဖွဲ့ဝင်ကောင်းဖြစ်လာလိမ့်မယ်ဆိုတာ။ ၁၉၉၇ (အာဆီယံအဖွဲ့ဝင်ဖြစ်တဲ့နှစ်) ကတည်းကစပြီး တော့ မြန်မာဟာ ကလေးဆိုးကြီးအဖြစ် ဝိုင်းဝန်းပြစ်တင်ရှုတ်ချတာကို ခံခဲ့ရတယ်။ ဒီကနေ့မှာ အာဆီယံအဖွဲ့ဝင်တွေက သူ့အပေါ် အထင်ကြီးလာအောင် မြန်မာက ပြုပြင်ပြောင်းလဲရေးတွေ လုပ်ပြနေတယ်။ သူ့ရဲ့ပြု ပြင်ပြောင်းလဲမှုတွေကြောင့် အာဆီယံဟာ ဂုဏ်ယူနေရတယ်။နှစ်ဘက်ခေါင်းဆောင်တွေ – ဆိုလိုတာက အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ – ဟာ မြန်မာပြည်ကို အာဆီယံရဲ့ အတုယူစရာ နမူနာကောင်းဖြစ်စေချင်ကြတယ်။ ခင်ဗျား အံ့သြမိမှာပဲ။ မြန်မာပြည်မှာ အစိုးရနဲ့ အတိုက်အခံတို့ရဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေဟာ တကယ့်ကို အထင်ကြီးစရာပဲ။

အထူးသဖြင့် သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် နယူးယော့ခ်မှာ တွေ့ဆုံခဲ့ကြတဲ့ ဓာတ်ပုံကို ကြည့်ရတာ မယုံနိုင်စရာပဲ။  ဘာလို့လဲဆိုတော့ အာဆီယံအဖွဲ့ဝင် အခြားနိုင်ငံတွေကို ကြည့်မယ်ဆိုရင် အတိုက်အခံနဲ့ အစိုးရဆိုတာက ထိုးနှက်၊ တိုက်ခိုက်၊ ရန်ဖြစ်နေကြတာ။ ထိုင်းကိုကြည့်လိုက်ဗျာ။ မလေးရှားကိုကြည့်လိုက်ဗျာ။နိုင်ငံရေးပြုပြင်ပြောင်းလဲရေးကနေ အမျိုးသားရင်ကြားစေ့ရေးကို ဖြစ်ပေါ်စေတာနဲ့ပတ်သက်ပြီး ဗမာပြည်ဟာ ဂုဏ် ယူသင့် တယ်။ တိုင်းရင်းသားအဖွဲ့တွေနဲ့ပတ်သက်ရင်တော့ မြန်မာအစိုးရမှာ လုပ်စရာတွေက အများကြီးရှိပါသေးတယ်။

MAWKUN: ပြုပြင်ပြောင်းလဲရေးတွေတော့ လုပ်နေတယ်ပေါ့လေ။ တစ်ဘက်မှာကြည့်မယ်ဆိုရင် ကချင်ပြည်နယ်မှာ မြန်မာစစ်တပ်နဲ့ KIA ကြားမှာ တိုက်ပွဲတွေက ဖြစ်နေတုန်း။ အာဆီယံက ဒီကိစ္စမှာ ဘာကြောင့် တစ်ခွန်းမှ မဟတာလဲ။

KEVI: ၁၉၆၇ မှာ အာဆီယံဖွဲ့တုန်းက ရည်ရွယ်ချက်က အဖွဲ့ဝင်နိုင်ငံတွေကြား စစ်ပွဲတွေ မဖြစ်ရအောင်လို့။ ဘာလို့လဲ ဆိုတော့ အဲဒီတုန်းက အာဆီယံအဖွဲ့ဝင်တွေကြားမှာ တိုက်ပွဲတွေရှိခဲ့တယ်။ ဒါပေမဲ့ အာဆီယံမှာ ဒေသတွင်း ပဋိပက္ခ တွေကို ဖြေရှင်းဖို့ လုပ်ထုံးလုပ်နည်းမရှိသေးသလို ဘယ်လိုဖြေရှင်းရမယ်ဆိုတဲ့ အသိပညာလည်းမရှိသေးဘူး။ အထူးသဖြင့် နိုင်ငံတစ်နိုင်ငံအတွင်းမှာ ဖြစ်ခဲ့တဲ့၊ လက်ရှိလည်း ဖြစ်နေတဲ့ဟာမျိုး။ ဥပမာ ခင်ဗျားတို့နိုင်ငံမှာဆိုရင် မြန်မာပြည်မြောက်ပိုင်း မှာဖြစ်နေတဲ့ကိစ္စ၊ ထိုင်းတောင်ပိုင်းကိစ္စ၊ ဖိလစ်ပိုင်တောင်ပိုင်းကိစ္စ။ ပြောလိုတာက အာဆီယံက အဖွဲ့ဝင်နိုင်ငံတွေအထဲမှာ ဖြစ်တဲ့ကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်လို့မရဘူးဆိုတာပဲ။

တဖြည်းဖြည်းနဲ့ အာဆီယံ သဘောပေါက်လာတာကတော့ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံငံရဲ့ ပြည်တွင်းရေး မငြိမ်မသက်ဖြစ်မှုဟာ နယ်စပ်ဖြတ်ကျော်ပြဿနာတွေကို ပိုပြီးဖြစ်စေနိုင်တယ်၊ တစ်ဘက်နိုင်ငံအတွက် အရှုပ်အရှင်းတွေ ဖြစ်စေနိုင်တယ်ဆို တဲ့ အချက်ပဲ။

ဥပမာပြရရင် မြန်မာပြည်မှာ ပြုပြင်ပြောင်းလဲရေးတွေ မလုပ်ခင်တုန်းကဆိုရင် မြန်မာပြည်နယ်စပ်ဘက်မှာ မြန်မာစစ်တပ်နဲ့ လူနည်းစုတိုင်းရင်းသား လက်နက်ကိုင်တွေကြား တိုက်ပွဲတွေဖြစ်တိုင်း ထိုင်းနိုင်ငံက ခံစားရတာချည့်ပဲ။ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ထိုင်းက လက်ခံပေးထားရတယ်။

(အင်ဒိုနီးရှားပိုင်) ဆူလာဝေစီကျွန်းမှာ တောမီးလောင်တုန်းကဆိုရင်လည်း အဲဒီက ထွက်တဲ့ လေထုညစ်ညမ်းမှုတွေကို ထိုင်းတောင်ပိုင်း၊ စင်ကာပူနဲ့ မလေးရှားနိုင်ငံတွေပါ ခံစားခဲ့ကြရတာပဲ။

မြင်တဲ့အတိုင်းပဲ၊ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံမှာဖြစ်တဲ့ ပြဿနာက အခြားအဖွဲ့ဝင်နိုင်ငံတွေအပေါ် သက်ရောက်မှုရှိနိုင်တယ်။ အဲတော့ ကျွန်တော်ယုံကြည်ထားတာကတော့ အာဆီယံဟာ နောက်ပိုင်းမှာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေး ပြဿနာ တွေကို ဝင်ရောက်ကူညီဖြေရှင်းပေးနိုင်မယ့် လုပ်ထုံးလုပ်နည်းတွေ ရှာဖွေနိုင်လာလိမ့်မယ်ဆိုတာကို။ အဲဒီပြဿနာဟာ နိုင်ငံရေးပြဿနာပဲဖြစ်ချင်ဖြစ်မယ်၊ စီးပွားရေးပြဿနာပဲဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ် သဘာဝပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ ပြဿဿ       နာပဲဖြစ်ချင်ဖြစ်မယ်။အခုဆို အာဆီယံဟာ ၄၅ နှစ်ရှိနေပါပြီ။ ဆက်ပြီး ရှေ့ကိုချီတက်ရမှာပါ။ ဒေသတွင်း ပြဿ      နာဘယ်လိုပြဿနာ တွေပဲဖြစ်ဖြစ် – ဖြေရှင်းပေးနိုင်မယ့် လုပ်ထုံးလုပ်နည်းတွေ ရရှိတဲ့အထိလုပ်ရမှာပါ။

MAWKUN: နိုင်ငံတကာအခေါ် ရိုဟင်ဂျာ၊ မြန်မာအစိုးရအခေါ် ဘင်္ဂါလီကိစ္စနဲ့ပတ်သက်ပြီး ပြေလည်အောင် ဖြေရှင်းပေးဖို့ မြန်မာအစိုးရကို နိုင်ငံတကာ အသိုင်းအဝိုင်းက ဖိအားပေးနေတာတွေရှိတယ်။ အဲလိုကိစ္စမျိုးမှာ အာဆီယံက ဘယ်လိုကူညီပေးနိုင်မလဲ။

KEVI: အာဆီယံက လုပ်ပေးနိုင်တဲ့နည်းလမ်းကတော့ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေပေးတဲ့ကိစ္စပဲ။ ခင်ဗျား မှတ်မိမှာပါ။ ဧရာဝတီမြစ်ဝကျွန်းပေါ်မှာ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားကြတဲ့ကိစ္စမှာ ပြန်လည်တည် ဆောက်ရေးနဲ့ ထူထောင်ရေးလုပ်တဲ့ကိစ္စမှာ မြန်မာအစိုးရက အာဆီယံကို ဖိတ်ခေါ်ခဲ့ပြီး ပူးပေါင်းလုပ်ဆောင်ခဲ့တာဟာ မှန်ကန်တဲ့ လုပ်ရပ်လို့မြင်တယ်။ နောက်ဆုံး အာဆီယံရယ်၊ နိုင်ငံတကာအသိုင်းအဝိုင်းရယ်၊ မြန်မာအစိုးရရယ် သုံးပွင့်ဆိုင် အဖွဲ့ဖွဲ့ပြီး အကူအညီပေးနိုင်ခဲ့ကြတယ်။

အခုကိစ္စမှာလည်း မြန်မာအစိုးရက အာဆီယံကို ဖိတ်ခေါ်ပြီး လူသားချင်းစာနာထောက်ထားမှုတွေ ပေးကြဖို့ လုပ်ဆောင် စေချင်တယ်။ ဒါဟာလူသားချင်း စာနာထောက်ထားရေးဆိုင်ရာ ပဋိပက္ခပဲ။ အစိုးရအနေနဲ့ ဒီအချက်ကို နားလည်ရမယ်။ နောက်ပြီး နိုင်ငံသားဖြစ်ခွင့်နဲ့ပတ်သက်ရင်တော့ တော်တော်ကို ရှုပ်ထွေးတဲ့ကိစ္စ၊ တော်တော်ကို ဂရုစိုက်ကြရမယ့် ကိစ္စပါပဲ။ ဒီလိုပြဿ      နာမျိုး က မြန်မာနိုင်ငံတင်မှ မဟုတ်ဘူး။ ထိုင်းမှာလည်းရှိတာပဲ။ ဘူတန်နိုင်ငံမှာလည်း များပြားလှတဲ့ နီပေါလူဦးရေ နဲ့ပတ်သက်ပြီး ပြဿ      နာတော်တော်ကြီးကြီးရှိတာပဲ။

ဒီပြဿနာကို ဂရုတစိုက် ကိုင်တွယ်ဖြေရှင်းသင့်တယ်လို့ ကျွန်တော်ထင်တယ်။ မြန်မာအစိုးရအနေနဲ့ ပြည်ပက ဝေဖန်နေ ကြတဲ့ဟာတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတာကို လေ့လာသင့်တယ်။ ဝေဖန်မှုဆိုတဲ့နေရာမှာ နှစ်ခုရှိတယ်။ အပြုသဘောနဲ့ အဖျက်သဘော။

မြန်မာအစိုးရအနေနဲ့ (ပြဿ      နာကို ဖြေရှင်းဖို့) အဆင်သင့်ဖြစ်နေသင့်တယ်။ နောက်ဆုံးတစ်နေ့မှတော့ မြန်မာအစိုးရဟာ လမ်းဖွင့်ပေးလိုက်တဲ့အတွက် အကျိုးကျေးဇူးတွေရလာပါလိမ့်မယ်။ ရိုဟင်ဂျာတွေရဲ့အဖြစ်သနစ်နဲ့ပတ်သက်ပြီး သတင်း အချက်အလက်တွေကို ဒီကနေ့ လူတွေသိနေကြပြီ။ ကျွန်တော်မှတ်မိနေသေးတယ်။ ကျွန်တော် ရိုဟင်ဂျာအကြောင်းရေး တုန်းက ၂၀၀၉ အစောပိုင်းကာလ၊ ဇန်နဝါရီမှာပါ။ အဲတုန်းက နိုင်ငံတကာအသိုင်းအဝိုင်းက ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံရဲ့ သဘာထားကို ရှုတ်ချတာတွေလုပ်ခဲ့ကြတယ်။ ခုတော့ နိုင်ငံတကာက ထိုင်းကိုမပြောကြတော့ဘူး။ ပြဿ      နာက ဘာလဲဆိုတာကို နားလည်ကုန်ကြပြီ။ အဲဒါကြောင့်လည်း နိုင်ငံတကာက မြန်မာအစိုးရကိုရော၊ နောက်ပြီး ဘင်္ဂလား ဒေ့ရှ်အစိုးရကိုပါ ပယ်ပယ်နယ်နယ် ဝေဖန်နေကြတာပေါ့။ ဒါကြောင့် မြန်မာအစိုးရအနေနဲ့ ဒီအရေးကို ကိုင်တွယ်တဲ့ နေရာမှာ ပွင့်လင်းမြင်သာမှုရှိရမယ်။ ပြဿနာဖြေရှင်းဖို့ နည်းလမ်းတွေရှာသင့်တယ်။

MAWKUN: အာဆီယံနဲ့ ပတ်သက်ပြီး ပြောကြရအောင်။ လောလောဆယ် အာဆီယံရင်ဆိုင်နေရတဲ့ ပြဿနာမျိုးက ဘယ်လိုပြဿနာမျိုးလဲ။

KEVI: ရင်ဆိုင်နေရတဲ့ပြဿနာတွေက အများကြီးပဲ။ အဲဒီထဲက တစ်ခုက စီးပွားရေးဆိုင်ရာ ပေါင်းစည်းနိုင်ရေးအတွက် လုပ်ဆောင်တဲ့အခါမှာ အဟန့်အတားတွေရှိနေတဲ့ ကိစ္စပဲ။ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ ပေါင်းစည်းကြဖို့ဆိုတဲ့နေရာမှာ လွယ် တဲ့ အလုပ်တော့မဟုတ်ဘူး။ ဘုံဈေးကွက်လုပ်ထုံးလုပ်နည်းကို တောင့်တနေကြပေမယ့် သက်ဆိုင်ရာနိုင်ငံတွေမှာ မတူ ကွဲပြားတဲ့ နိုင်ငံရေး၊ စီးပွားရေးစနစ်တွေရှိနေကြတယ်။ အခုဆိုရင် အာဆီယံစီးပွားရေးအသိုက်အဝန်း (ASEAN Economic Community – AEC) ဖော်ဆောင်ရေးကို တစ်နှစ်နောက်ဆုတ်လိုက်ရတယ်။ အစတုန်းက သတ်မှတ်ထားတဲ့အချိန်က ၂၀၁၅ ဇန်နဝါရီမှာ AEC အကောင်အထည် ဖော်မယ်ဆိုပြီး သတ်မှတ်ခဲ့ကြတာ။ အခုတော့ ၂၀၁၅ ဒီဇင်ဘာကို ရွှေ့ဆိုင်း လိုက်ရတယ်။

လုပ်စရာတွေ၊ အကောင်အထည်ဖော်စရာ မူဝါဒတွေ အများကြီးရှိသေးတယ်။ စီးပွားရေးအရ ပေါင်းစည်းကြဖို့ မစဉ်းစား ခင်မှာ ကိုယ့်နိုင်ငံအလိုက် တိုးတက်အောင် လုပ်စရာတွေရှိနေကြသေးတယ်။ နောက်ပြီး တခြားနယ်ပယ်တွေ လည်းရှိ သေးတယ်။ AEC ဆိုတာက မဏ္ဍိုင်တစ်ခုတည်းပဲရှိသေးတယ်။ နောက်ထပ် မဏ္ဍိုင် နှစ်ခုရှိသေးတယ်။ နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာ အသိုက်အဝန်း မဏ္ဍိုင်ရယ်၊ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ မဏ္ဍိုင်ရယ်ဆိုပြီး။ အဲဒီမဏ္ဍိုင်နှစ်ရပ်က ပိုပြီးတော့တောင် ခက်ခဲသေးတယ်။ ဘာလို့လဲဆိုတော့ အာဆီယံဟာ စီးပွားရေးနဲ့ ပတ်သက်လို့ပဲ စိုးရိမ်နေတယ်။ ဒါပေမဲ့ လူမှုရေး၊ နိုင်ငံရေး၊ တည်ငြိမ်အေးချမ်းမှုရှိရေးတို့နဲ့ ပတ်သက်ပြီး ပူးပေါင်းလုပ်ဆောင်ရမယ့်ဟာတွေ အများကြီးရှိနေသေး တယ်။ (အာဆီယံ ကြုံနေရတဲ့ ပြဿ      နာတွေကို) ပြောရမယ်ဆိုရင် နှစ်ရက်လောက် ပြောမှ ရမယ်။

MAWKUN: အာဆီယံလူ့အခွင့်အရေးပဋိညာဉ်(ASEAN Human Rights Declaration _ AHRD) နဲ့ပတ်သက်ပြီး လူမှုအဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေးစောင့်ကြည့်တဲ့အဖွဲ့တွေက ဝေဖန်နေကြတယ်။ အဲဒီပဋိညာဉ်ဟာ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီဘူးဆိုပြီးတော့။ ဒီအပေါ်မှာ ခင်ဗျား ဘယ်လိုမြင်လဲ။

KEVI: ပထမဆုံးအနေနဲ့ ပြောရရင် အာဆီယံဟာ အမြဲတန်းပဲ သူ့ရဲ့ ရပ်တည်ချက်နဲ့ စံချိန်စံညွှန်းကိုပဲ ဆုပ်ကိုင်လေ့ ရှိတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ကိစ္စမှာတော့ ပိုပြီး ရှင်းရှင်းလင်းလင်း၊ ပြတ်ပြတ်သားသားတွေ့ရမြင်ရတယ်။ အဲဒီ ပဋိညာဉ်ဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာချက်နဲ့ မကိုက်ညီပါဘူး။ လူမှုအခြေပြုအဖွဲ့အစည်းတွေ ဘာလို ချင်နေကြတယ်ဆိုတာကို ကျွန်တော် သိတယ်။ ကျွန်တော်ကိုယ်တိုင်၌ကလည်း အာဆီယံလူ့အခွင့်အရေးပဋိညာဉ်မှာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာချက်မှာပါတဲ့ တန်ဖိုးတွေ၊ စံတွေ၊ အာမခံချက်တွေ ပါစေချင်တာပေါ့။ ဒါပေမဲ့ အာဆီယံဟာ အဲသလို မလုပ်နိုင်ဘူးလေ။ လူ့အခွင့်ရေးနဲ့ပတ်သက်ရင် အာဆီယံရဲ့ ချဉ်းကပ်နည်းဟာ တဖြည်းဖြည်းချင်း၊ တစ်ဆင့်ပြီးတစ်ဆင့် တိုးမြှင့်ပေးသွားမယ့် ပုံစံမျိုး။

ခင်ဗျားမှတ်မိမှာပေါ့။ အာဆီယံမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းတစ်ခုရှိဖို့ လိုအပ်တယ်ဆိုတာကို အဖွဲ့ဝင်နိုင်ငံတွေ ယုံကြည်လက်ခံလာအောင် စည်းရုံးရတာ နှစ်တွေ ဘယ်လောက်များယခဲ့ရသလဲဆိုတာကို။ ၁၅ နှစ် လောက် အချိန်ယူခဲ့ရတယ်လေ။

လောလောဆယ်အနေအထားကို ကြည့်ပြီး ပြောရမယ်ဆိုရင် အာဆီယံက လူ့အခွင့်အရေးကို ကာကွယ်ဖို့ထက် မြှင့်တင် ဖို့လောက်ကိုပဲ ပိုပြီး အလေးပေးနေတာကို တွေ့ရတယ်။ မျှော်လင့်လို့ရတာကတော့ နောင်အနာဂတ်မှာ အာဆီယံဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်ရင် ပိုပြီး ယုံကြည်မှုရှိလာမယ်၊ ကာကွယ်ပေးရေးတွေ လုပ်လာလိမ့်မယ်။ မြှင့်တင်တယ် ဆိုတာက တော်တော်လွယ်တဲ့ကိစ္စပါ။ ကာကွယ်ပေးဖို့ကျတော့ တော်တော်ခက်သွားပြီ။ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး စောင့်ကြည့်တာတွေ၊ နယ်စပ်ဖြတ်ကျော် လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ ကိစ္စတွေမှာ စုံစမ်းဖော်ထုတ်ရမှာတွေရှိတယ်။

နောက်ပိုင်းကျရင်တော့ လူ့အခွင့်အရေး ပဋိညာဉ်ကို ပြင်ဆင်တာတွေ လုပ်လို့ ရလာပါလိမ့်မယ်။ လူမှုအခြေပြုအဖွဲ့ အစည်းတွေအနေနဲ့ အခုလို တွန်းနေကြတာ၊ နိုင်ငံတကာစံချိန်စံညွှန်းနဲ့အညီဖြစ်လာစေဖို့ တွန်းအားပေးနေကြတာဟာ ကောင်းပါတယ်။ အနာဂတ်မှာ အာဆီယံ စံနဲ့ နိုင်ငံတကာစံ တစ်ထပ်တည်းဖြစ်လာမှာပါ။

လောလောဆယ်အနေအထားကတော့ အာဆီယံတစ်နိုင်ငံချင်းစီက အပြည်ပြည်ဆိုင်ရာ စံတွေကို လိုက်နာပါမယ်လို့ စာချုပ်လက်မှတ်ရေးထိုးထားကြတာတွေတော့ရှိတယ်။

ဥပမာ – အာဆီယံအဖွဲ့ဝင်တွေအားလုံးဟာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်တွေပါ။ အဲဒီကောင်စီအဖွဲ့ဝင် တွေဟာ နှစ် စဉ်၊ နှစ်စဉ် သူတို့နိုင်ငံအတွင်းက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်ပြီး စာမျက်နှာ ၂၀ အစီရင်ခံစာရေးသားတင်ပြပေးရတယ်။ Universal Periodic Review လို့ခေါ်တာပေါ့။ ဒါပေမဲ့ အာဆီယံအဖွဲ့ ဝင်တွေဟာ အာဆီယံအဆင့်မှာတော့ အဲဒီအတိုင်းလိုက်မလုပ်ချင်ကြဘူး။

နောက်ပိုင်းကျရင်တော့ အာဆီယံရဲ့ လုပ်ထုံးလုပ်နည်းတွေဟာ ကုလသမဂ္ဂလုပ်ထုံးလုပ်နည်းတွေနဲ့ အတူတူဖြစ် အောင်တော့ ကျိန်းသေပေါက် လုပ်ယူကြရမယ်။ (ဒါပေမဲ့) အကြိမ်ကြိမ်ပါပဲ – အာဆီယံ အဖွဲ့ဝင်တွေဟာ ကုလသမဂ္ဂပုံစံ အတိုင်းလိုက်လုပ်ဖို့ သဘောတူခဲ့ကြပေမယ့် တကယ့် တကယ် ကျတော့ လိုက်မလုပ်ကြပါဘူး။

ငြိမ်းချမ်းရေး ထိန်းသိမ်းရေး ကိစ္စနဲ့ပတ်သက်ပြီးတော့လည်း ဥပမာတစ်ခုရှိတယ်။ မြန်မာအပါအဝင် အာဆီယံအဖွဲ့ဝင်တွေ ဟာ ကုလသမဂ္ဂအဖွဲ့ဝင်တွေအနေနဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းရေးတွေ လုပ်ကြရတယ်။ တကယ်တန်းကျတော့ လုပ်ကြတာ က ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်ကြတာပဲရှိတယ်။ အာဆီယံအနေနဲ့ လုပ်ကြတာမဟုတ်ဘူး။

MAWKUN: တချို့ဝေဖန်နေကြတာတစ်ခုရှိတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အာဆီ ယံထက်ပဲ အနောက်နိုင်ငံတွေနဲ့ ပိုပြီး နီးနီးကပ်ကပ်ရှိတယ်ဆိုပြီး ဝေဖန်နေကြတာရှိတယ်။ ခင်ဗျားအမြင်က…

KEVI: အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍဟာ (အရှေ့တောင်အာရှ)ဒေသအတွက် တော်တော် အခရာကျပါတယ်။ ကျွန်တော်ပြောနေကျတစ်ခုရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာပြည်အတွက်ပဲ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးရဲ့ သင်္ကေတမဟုတ်ဘူး။ အရှေ့တောင်အာရှဒေသအတွက်ပါ ဒီမိုကရေစီသင်္ကေတဖြစ် တယ်ဆိုတာ။ ဘာလို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အစိုးရနဲ့ ပူးပေါင်း လုပ်ဆောင်နိုင်တာဟာ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအတွက် အင်မတန်တန်ဖိုးရှိတဲ့ ဥပမာကောင်းတစ်ခုပဲ။

ကျွန်တော်ထင်တယ်၊ ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယခရီးစဉ် ပြီးတဲ့နောက်မှာ အာဆီယံနိုင်ငံတွေရဲ့ အရေးကိစ္စတွေ အပေါ် ပိုပြီး အာရုံစိုက်လာလိမ့်မယ်ဆိုတာ။ သူအဲလို လုပ်လိမ့်မယ်လို့ ကျွန်တော့်ကိုယ် ကျွန်တော်ယုံကြည်မှုရှိတယ်။ ဘာလို့အဲလိုယုံကြည်ထားသလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဆီယံခေါင်းဆောင်တွေနဲ့ တွေ့ပြီးသွားပါပြီ။ ကျွန်တော်တို့ ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်း အဗီဆစ်နဲ့လည်း တွေ့ပြီးသွားပြီ။ သူတို့ဟာ ဒီမိုကရေစီတန်ဖိုးတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပြောဆိုတာတွေလည်း လုပ်ခဲ့ကြတယ်။

နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေသတွင်းနိုင်ငံတွေရဲ့ ဖွံ့ဖြိုးရေးကိစ္စတွေအပေါ်ကို ပိုပြီး အာရုံစိုက်လာလိမ့် မယ်လို့ ကျွန်တော်မျှော်လင့်ထားတယ်။ ထိုင်းမှာရှိတဲ့ ဗမာရွှေ့ပြောင်းလုပ်သားတွေနဲ့ ပတ်သက်ပြီးတော့လည်း အပြု သဘောဆောင်တဲ့ မှတ်ချက်တွေ ပြုသွားခဲ့ပါတယ်။

အာဆီယံနိုင်ငံရဲ့ ပုံရိပ်ကို မြှင့်တင်ဖို့၊ ပိုမိုကောင်းမွန်စေဖို့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးကို အသုံး ချလိမ့်မယ်လို့ထင်တယ်။ ဘာလို့လဲဆိုတော့ သူဟာ အာဆီယံဒေသတွင်းမှာ ကမ္ဘာက အသိအမှတ်ပြုရတဲ့ တစ်ဦးတည်း သော အတိုက်အခံခေါင်းဆောင်တစ်ယောက်ဖြစ်သလို ငြိမ်းချမ်းရေးနိုဗယ်လ်ဆုကိုလည်း ရရှိထားသူဖြစ်တယ်။ ဒါကြောင့် လည်း သူ့အနေနဲ့ အာဆီယံအတွက် တစ်ခုခုပြောမယ်ဆိုရင် တော်တော်ကောင်းမှာပဲ။ (ဒါပေမဲ့) အာဆီယံနဲ့ပတ်သက်ပြီး အကျဉ်းချုပ်သဘောလောက်ပဲ သူပြောခဲ့တယ်ဆိုတာကို ကျွန်တော်မှတ်မိသေးတယ်။

သူဟာ ဗမာပြည်ကို အာဆီယံတစ်ခုလုံးရဲ့ ရှေ့ကို ရောက်စေချင်တယ်ဆိုပြီး ပြောခဲ့ဖူးပါတယ်။ တကယ်ဆိုရင် မြန်မာနိုင်ငံ အနေနဲ့ အာဆီယံကို ဦးဆောင်နိုင်ဖို့ဆိုတာဟာ ခက်ခက်ခဲခဲနိုင်လှတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ ကျွန်တော် ပြောပြမယ်။ မြန်မာပြည်ဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ လူ့အခွင့်အရေး နယ်ပယ်နှစ်ခုစလုံးမှာ အာဆီယံတစ်ဖွဲ့လုံးကို ကျော်ပြီး ရှေ့ကိုရောက်နေပါပြီ။ အားနည်းချက်တွေ အများကြီးရှိနေသေးတယ်ဆိုတာလည်း ဟုတ်ပါတယ်။ ဒါပေမဲ့ ပြုပြင် ပြောင်းလဲ ရေးလုပ်လိုက်တဲ့ဟာတွေကို ကြည့်မယ်ဆိုရင် ထိထိရောက်ရောက်ရှိခဲ့တာကို တွေ့ရတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အာဆီယံကို စိတ်ဝင်စားတစားရှိမယ်ဆိုရင် ဒေသတွင်းမှာ အာဆီယံရဲ့ ပုံရိပ် ပိုမိုကောင်း မွန်လာနိုင်သလို နိုင်ငံတကာမှာလည်း ပိုပြီး ကောင်းလာနိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ သူဟာ တော်တော်သတိထားရ မယ့်ဟာတွေရှိပါတယ်။ ဘာလို့လဲဆိုတော့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးတို့နဲ့ ပတ်သက်လာရင် သူ့ရဲ့ စံနှုန်းက တော်တော် မြင့်တယ်။

ကျွန်တော်စောစောက ပြောခဲ့သလိုပဲ။ အာဆီယံရဲ့ ဒီမိုကရေစီစံနှုန်းနဲ့ လူ့အခွင့်အရေးစံနှုန်းဆိုတာတွေဟာ အနောက်နိုင်ငံ တွေနဲ့ နည်းနည်း ကွာခြားတယ်။ ဆိုတော့ (အာဆီယံခေါင်းဆောင်တွေနဲ့) ဆက်ဆံဖို့ သူ့ရဲ့အတွေးအခေါ်ကို နည်းနည်း ချိန်ညှိဖို့ လိုလိမ့်မယ်။ ဆိုလိုတာက သူ့ရဲ့ စံနှုန်းတွေကို ပြောင်းပြစ်လိုက်ဖို့ ပြောတာမဟုတ်ဘူး။ ချဉ်းကပ်နည်း အမျိုးမျိုး ရှိတယ်ဆိုတာကိုပြောတာ။

MAWKUN: မြန်မာပြည်အနောက်ဘက်ခြမ်းက ပဋိပက္ခမှာ သူ့အနေနဲ့ ဘာမှမပြောဘဲ ခပ်ဆိတ်ဆိတ်နေနေတယ်ဆိုပြီး နိုင်ငံတကာက ဝေဖန်နေတာတွေကြားရတယ်။ ဒီအပေါ်မှာ ဘာများပြောချင်တာရှိလဲ။

KEVI:  (အဲဒီပဋိပက္ခ) အခြေအနေက တော်တော် ဆုံးဖြတ်ရခက်တဲ့ အနေအထားတစ်ခုပဲ။ သူ့ခံစားချက်ကို ကျွန်တော် နားလည်လို့ရတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး သူမှတ်ချက်မပေးဘူး။ ဘာလို့လဲဆိုတော့ သူ့ရဲ့ပြောစကားဟာ ဘာမှ ထိရောက်မှာမဟုတ်ဘူးဆိုတာ သူသိနေလို့။

လူ့အခွင့်အရေးနဲ့ပတ်သက်လာရင် ဒေါ်အောင်ဆန်းစုကြည်ဟာ တော်တော် တက်တက်ကြွကြွပြောဆိုတာတွေ ရှိခဲ့ပါ တယ်။ ဒီကိစ္စမှာကျတော့ ရှုပ်ထွေးမှုတွေ ရှိနေတာရယ်၊ အင်မတန် ထိလွယ်ရှလွယ်အနေအထားဖြစ်နေတာရယ်ကြောင့် ဝင်မပြောပဲနေခဲ့တာလို့ပဲထင်တယ်။ ကျွန်တော်ကတော့ သူနဲ့ သဘောထားချင်းတိုက်ဆိုင်တယ်လို့ပဲ ပြောရမယ်။ အခု အနေအထားမှာ လုံခြုံရေးတွေ တိုးမြှင့်ချထားပေးဖို့ကိုတော့ သူ့အနေနဲ့ ပြောလာတာတွေ့ရတယ်။

MAWKUN: အာဆီယံ – မြန်မာ အနာဂတ်ဆက်ဆံရေးနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမြင်လဲ။

KEVI: အရေးကြီးဆုံးကတော့ မြန်မာဟာ အာဆီယံရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုရပါလိမ့်မယ်။ တိုင်းပြည်တွင်း ဖြစ်ထွန်းတိုးတက်မှုတွေကို ပြောတဲ့အခါမှာ အာဆီယံရဲ့ အကြောင်းကို မြန်မာအစိုးရက သိပ်ပြီးထည့်ပြောလေ့မရှိဘူး။ နားလည်ပေးလို့တော့ရပါတယ်။ အာဆီယံဟာ အဖွဲ့အစည်းတစ်ခု၊ ဝင်ရောက်စွက်ဖက်ခွင့်မရှိတဲ့ အဖွဲ့အစည်းပါ။

ဒါပေမဲ့ အာဆီယံဟာ မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ဖို့ကိစ္စမှာ တော်တော်အပြုသဘောဆောင်ခဲ့ပါတယ်။ အဲဒါကြောင့် ကိုယ့်နိုင် ငံဖွံ့ဖြိုးဖို့ကို အကူအညီပေးခဲ့တဲ့ အာဆီယံရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုဖို့လိုတယ်လို့ ပြောရတာပါ။  နာဂစ် ဆိုင်ကလုန်းတုန်းကလည်း အကူအညီတွေပေးခဲ့တယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုကို ပြန်ကြည့်မယ်ဆိုရင် အာဆီယံဟာ မြန်မာပြည်ဘက်ကနေ အမြဲတန်း ရပ်တည်ပေးခဲ့တာကို တွေ့ရပါလိမ့်မယ်။

လူဇင်ဘတ်မှာ အာဆီယံ – EU (ဥရောပသမဂ္ဂ) အစည်းအဝေးလုပ်တုန်းက ဗမာပြည်နဲ့ပတ်သက်ပြီး EU က အာဆီယံကို ထိုးနှက်တိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်ကို ကျွန်တော်မှတ်မိနေပါသေးတယ်။ အာဆီယံကပြောတယ်။ ကျွန်တော်တို့ ပြဿနာကို ကျွန်တော်တို့ဘာသာ ရှင်းမယ်။ လာမရှုပ်နဲ့ဆိုပြီးတော့။ အာဆီယံဟာ သူ့နောက်ကနေ အမြဲတန်း ကျားကန်ပေးထား လို့သာ မြန်မာက အာဆီယံရဲ့ အခန်းကဏ္ဍကို အနည်းငယ် အသိအမှတ်ပြုတဲ့အနေအထားလို့ ကျွန်တော်ထင်တယ်။နောက်ပြီး ဆူရင်ပစ်ဆာဝင် (အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်) ရဲ့ အခန်းကဏ္ဍကလည်း (နာဂစ်လေဘေးသင့်သူ တွေကို ကူညီဖို့) သုံးပွင့်ဆိုင် အဖွဲ့ဖွဲ့တဲ့နေရာမှာ တော်တော် အခရာကျပါတယ်။ ကျွန်တော်မှတ်မိသေးတယ်။ အဲတုန်းက အဲဒီသတင်းကို ရေးဖို့ ကျွန်တော် စောင့်နေတာ။

ဆူရင်ဟာ တွန်းအား ပေးပြီးရင်းပေးတယ်။ နောက်ဆုံးတော့ မြန်မာအစိုးရဟာ (သုံးပွင့်ဆိုင်ဖွဲ့ဖို့) သဘောတူလိုက်တယ်။ ပြန်လည်တည်ဆောက်ရေးကိစ္စတွေမှာ ပြင်ပက အကူအညီပေးချင်တဲ့လူတွေအတွက် ဆူရင်က စနစ်တစ်ခုကို တည် ဆောက်ပေးနိုင်ခဲ့တယ်။အဲဒီဖြစ်ရပ်က ယုံကြည်မှုတစ်ခုကို တည်ဆောက်ပေးလိုက်ရာကျတယ်။ အဲဒါဘာလဲဆိုတော့ နိုင်ငံတကာက မြန်မာနိုင်ငံကို ထိခိုက်နာကျင် အောင်လုပ်ဖို့မဟုတ်ဘူး၊ ကူညီချင်ကြတယ်ဆိုတာ မြန်မာအစိုးရအနေနဲ့ ယုံကြည်မှုရှိလာခဲ့တယ်။

နောက် အာဆီယံခေါင်းဆောင်တွေဟာ ဘာသိလာကြလဲဆိုတော့ မြန်မာခေါင်းဆောင်တွေနဲ့ မြန်မာပြည်သူတွေဟာ သူတို့ ကိုယ်သူတို့ တအား ဂုဏ်ယူကြတယ်ဆိုတာ။ ကျွန်တော် သတိထားမိတဲ့ နောက်တစ်ချက် ဗမာခေါင်းဆောင်တွေက ပြော လေ့ပြောထရှိတယ် – ငါတို့ ပြုပြင်ပြောင်းလဲရေးလုပ်တယ်ဆိုတာ လုပ်ဖို့ လိုအပ်လို့ လုပ်တာ…ငါတို့ ပြုပြင်ပြောင်းလဲတယ် ဆိုတာက အဲဒါ ငါတို့တစ်တွေကိုယ်တိုင် အပြောင်းအလဲလုပ်ချင်လို့ … ငါတို့ ပြုပြင်ပြောင်းလဲရေးလုပ်တယ်၊ ဘာလို့လဲဆို တော့ ငါတို့ ပြည်သူလူထုက ပြောင်းလဲစေချင်လို့။

ဒီအပြောင်းအလဲတွေဟာ ပြည်ပ နိုင်ငံတစ်ခုခုနဲ့ ပတ်သက်တယ်၊ ပြည်ပက တွန်းအားတစ်စုံတစ်ရာနဲ့ ပတ်သက်တယ် လို့တော့ ဘယ်တုန်းတော့မှ မပြောခဲ့ဘူး။ ပြည်ပမီဒီယာတွေမှာ ပြောနေကြတဲ့ ဟာတွေကို ဖတ်ကြည့်ရင် အဲဒီမီဒီယာ တွေက ဆန့်ကျင်ဘက်တွေကို ပြောနေတာတွေ့ရမယ်။

အဲဒီမီဒီယာတွေပြောတဲ့ထဲမှာ နိုင်ငံတကာ သတင်းအခင်းအကျင်းတွေကြောင့်၊ အမေရိကန်ရဲ့ အခန်းကဏ္ဍကြောင့်၊ တရုတ်ရဲ့ အခန်းကဏ္ဍကြောင့် (အပြောင်းအလဲတွေ) ဖြစ်ရပါတယ်လို့ ပြောနေကြတယ်။

MAWKUN: မြန်မာဟာ အင်အားကြီးနိုင်ငံတွေနဲ့ ကစားနေတယ်လို့ ခင်ဗျားမမြင်ဘူးလား။ ဘေးနားမှာ တရုတ်ရှိတယ်၊ အိန္ဒိယရှိတယ်။ တစ်ချိန်တည်းမှာပဲ အနောက်နိုင်ငံတွေ၊ ဥပရောပနိုင်ငံတွေနဲ့ ဆက်ဆံရေးတိုးတက်ကောင်းမွန်အောင် တည်ဆောက်ယူ နေတယ်။

KEVI: မြန်မာပြည်ဟာ အရှေ့တောင်အာရှမှာ တည်နေရာအရ နံပါတ် တစ်နေရာ၊ မဟာဗျူဟာ ကျတဲ့ နေရာမှာ ရှိနေတယ်ဆိုတာကို မမေ့ပါနဲ့။ ဘာလို့လဲဆိုတော့ မြန်မာဟာ အိန္ဒိယ၊ တရုတ်တို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတယ်။ နောက်တစ်ခုက တစ်ကမ္ဘာလုံးက မြန်မာပြည်ကို အာရုံကျနေကြတယ်။ ကျွန်တော်တို့ အရင်တုန်းက မြင်ခဲ့တဲ့ပုံစံက တရုတ်နိုင်ငံပဲ မြန်မာနိုင်ငံကို ဝင်ရောက်နိုင်တယ်၊ လက်လှမ်းမီတယ်လို့ပဲ ထင်ခဲ့ကြတာလေ။ ဒီကနေ့ကျတော့ မြန်မာဟာ လွတ်လပ်တဲ့ အာရှနိုင်ငံ၊ ဘယ်နိုင်ငံကမဆို၊ ဘယ်အင်အားကြီး နိုင်ငံကမဆို ဝင်ထွက်နိုင်တဲ့ နိုင်ငံတစ်ခုဖြစ်သွားပြီ။ ဒီက နေ့ သူ့ရဲ့တန်ဖိုးဟာ မြင့်လာပြီ။

မြန်မာပြည်ဟာ ဘာနဲ့တူလာသလဲဆိုတော့ – ကျွန်တော်တို့ ဘယ်လိုခေါ်ရမလဲ – လှပတဲ့ သတို့သမီးတစ်ယောက်ဖြစ်နေပြီ။ အမေရိကက ရုပ်သံအစီအစဉ်တစ်ခုလိုပေါ့ လူတိုင်းက ကမ်းလှမ်းလာကြပြီ။ အဲတော့ သတို့သမီးအနေနဲ့ မှန်ကန်တော် တည့်တဲ့သူကို သူ့စိုက်ကြိုက် ခေါင်းခေါက်ရွေးလို့ရသွားပြီ။ အင်အားကြီးနိုင်ငံတွေက တန်းစီစောင့်နေကြတယ်။ မှန်မှန်ကန် ကန် ရွေးချယ်နိုင်ရမယ်။ လွတ်လပ်ရေး ရပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အနေနဲ့ မြန်မာနိုင်ငံဟာ ရွေးချယ်ခွင့်အာဏာ ရသွားပြီ။ ဗမာပြည်ဟာ ဂရုတစိုက် ရွေးချယ်လိမ့်မယ်ဆိုတာ ကျွန်တော်သိနေတယ်။ ဗမာပြည်ဟာ ဂရုတစိုက်ရွေးချယ်မယ် ဆိုရင် ရွေးချယ်စရာတွေ ရှိနေပါတယ်။ ဒါဟာ တော်တော်လိမ္မာပါးနပ်တဲ့ မဟာဗျူဟာပါပဲ။

ထိုင်းနိုင်ငံဟာ အဲလိုအနေအထားမျိုးကို ဗမာပြည်အရင် ရခဲ့တာ။ လွန်ခဲ့တဲ့ ၆၅ နှစ်လုံးလုံး အရှေ့တောင်အာရှ ကုန်းမြေ ဒေသမှာ ထိုင်းနိုင်ငံဟာ ပထဝီအရ မဟာဗျူဟာကျတဲ့ နေရာမှာ ရှိနေခဲ့တာ။ အခု အဲဒါက ကြီးကြီးမားမားကို ပြောင်းလဲ သွားပြီ။ (ပထဝီအရ မဟာဗျူဟာကျတဲ့ အားသာချက်ဟာ) ထိုင်းနိုင်ငံကနေ မြန်မာပြည်ဆီကို ပြောင်းသွားပြီ။ဘာလို့လဲဆိုတော့ မြန်မာခေါင်းဆောင်တွေဟာ ထိုင်းခေါင်းဆောင်တွေထက် အချိန်ခါသင့်၊ လိမ္မာပါးနပ်တဲ့ ဆုံးဖြတ်ချက် တွေ ချနိုင်ကြလို့ပဲ။        ။

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."