ရန်ကုန် – ၂၀၂၀ ဇန်နဝါရီ ၂၁ (မော်ကွန်း)
အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ ၌ မြန်မာနိုင်ငံအား တရားစွဲဆိုရာတွင် အခြေခံသည့် ကုလသမဂ္ဂနိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့ UNIIFFMM ၏ အစီရင်ခံစာများသည် ခိုင်လုံမှုအားနည်းသည်ဟု လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် ICOE က ဆို သည်။
“UNIIFFMM ၏ အစီရင်ခံစာများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘ်ဇားမှ ဒုက္ခသည်များ၏ ဖြေကြားချက်များကိုသာ တိုက်ရိုက်ကိုးကား၍ သက်သေသက္ကာယ အားနည်းသည့် အချက်အလက်များပေါ်တွင် အလွန်အမင်းမှီခိုကာ ရေးသားခဲ့ခြင်းဖြစ်သည်” ဟု လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် ICOE ၏ အပြီးသတ်အစီရင်ခံစာ အနှစ်ချုပ်တွင် ရေးသားထားသည်။
ICOE ၏ အဓိက တွေ့ရှိချက်များမှာ နိုင်ငံတကာအဖွဲ့အစည်းများမှ ပြောဆိုရေးသားချက်များတွင် ကြီးမားသည့် ကွဲလွဲကွာဟချက်များတွေ့ရပြီး ထိုသို့ဖြစ်ရခြင်းမှာ အချက်အလက်များ လက်လှမ်းမှီနိုင်မှုတွင် ကန့်သတ်မှုများကြုံတွေ့နေရခြင်းကြောင့် ဟုဆိုသည်။
ICOE အစီရင်ခံစာတွင် လူတွေ့မေးမြန်းသည့် ဒုက္ခသည်များ၏ ဖြေဆိုချက်များအား မှန်၊မမှန် အတည်ပြုနိုင်ရန် ပဋိပက္ခ ဘေးသင့်ခဲ့သည့် အခြားသောဒေသခံများ၏ ဖြေဆိုချက်များနှင့် နှိုင်းယှဉ်လေ့လာရမှာဖြစ်သော်လည်း UNIIFFMM အဖွဲ့က ယခုအထိ ဆောင်ရွက်ခြင်း မရှိဟု ဖော်ပြသည်။ သို့သော် UNIIFFMM အဖွဲ့က အစီရင်ခံစာပြုစုရန် ပဋိပက္ခဒေသများကို သွားရောက်ခွင့် တောင်းဆိုခဲ့ဖူးပြီး မြန်မာအစိုးရက ပြည်ဝင်ခွင့် မပေးခဲ့ပေ။
လတ်တလောတွင် ICJ ၌ အမှုရင်ဆိုင်နေရသည့် မြန်မာနိုင်ငံနှင့် ပတ်သက်သော ကြားဖြတ်အစီအမံ ဆုံးဖြတ်ချက်ကို လာမည့် ဇန်နဝါရီ ၂၃ ရက်တွင် အမိန့်ချမှတ်မည်ဟု ICJ က ထုတ်ပြန်ထားသည်။
၂၀၁၆-၁၇ တွင် ဖြစ်ပွားခဲ့သော မြန်မာ့တပ်မတော်နှင့် ARSA အကြမ်းဖက်အဖွဲ့တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှု ဖြစ်စဉ်များအတွင်း ရခိုင်ပြည်နယ်၌ လူ့အခွင့်အရေးချိုးဖောက်မှုများရှိကြောင်းစွပ်စွဲမှုများကို စုံစမ်းစစ်ဆေးရန် ၂၀၁၈၊ ဇူလိုင် လကုန်တွင် သမ္မတရုံးက လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) ဖွဲ့စည်း စုံးစမ်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။
ယင်းကော်မရှင်၏ ဥက္ကဌအဖြစ် ဖိလစ်ပိုင်နိုင်ငံဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း သံအမတ်ကြီး ရိုဆာရီယို မယ်နာလိုက ဦးဆောင်ပြီး အဖွဲ့ဝင်များအဖြစ် ကုလသမဂ္ဂဆိုင်ရာ ဂျပန်အမြဲတမ်းကိုယ်စားလှယ်ဟောင်း သံအမတ်ကြီး ကင်ဇိုအိုရှီးမား၊ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဌဟောင်း ဦးမြသိန်းနှင့် ပါမောက္ခဒေါက်တာအောင်ထွန်းသက်တို့ဖြင့် ဖွဲ့စည်းခဲ့သည်။