အိပ်နေတဲ့ နဂါး သွားမနှိုးနဲ့

အိပ်နေတဲ့ နဂါး သွားမနှိုးနဲ့

Photo: Map-Myawaddy

၂၀၁၅-မတ်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၁)မှ သုံးသပ်ချက် ဆောင်းပါး ဖြစ်ပါသည်။

သန်းစိုးနိုင် ရေးသည်။

 

          ၂၀၁၅၊ ဖေဖော်ဝါရီ ၉ ရက်က ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်နယ်မြေမှာ စတင်ဖြစ်ပွားခဲ့တဲ့ တပ်မတော်နဲ့ ဦးဖုန်ကျားရှင်ဦးဆောင်တဲ့ MNDAA တို့ရဲ့ တိုက်ပွဲဟာ တာ့ရွှေထန်၊ ရှောက်ဟုန်ချိန်နယ်တွေတိုင်အောင် ပျံ့နှံ့သွားခဲ့ပြီး ၁၂ ရက်နေ့အထိ ဆက်လက်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

           ဒီ တိုက်ပွဲတွေအတွင်း MNDAA အဖွဲ့ရဲ့  ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းရဲ့ အဆိုအရ သူတို့ဘက်က ငါးဦးခန့်ကျဆုံးခဲ့ပြီး တပ်မတော်ဘက်က ၇၀ ဦးခန့် ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။ တပ်မတော်ဘက်က ထုတ်ပြန်ကြေညာချက်အရ အရာရှိ ငါးဦးအပါ အဝင် စစ်သည် ၄၇ ဦးကျဆုံးခဲ့ပြီး အရာရှိ ၁၁ ဦး အပါအဝင် စစ် သည် ၇၃ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ သတင်းထုတ်ပြန် ပြောဆိုချက်တွေက တိတိကျကျ မတူညီကြပေမယ့် အကြမ်းဖျင်း အားဖြင့် သိပ်မကွာခြားလှပါဘူး။ ဒီမှာ သိသာထင်ရှားလာတဲ့ အချက်ကတော့ လောက်ကိုင်ဒေသတိုက်ပွဲစဉ်တွေ အတွင်းမှာ တပ်မတော်ဘက်က ကျဆုံးဒဏ်ရာရတဲ့အရေအတွက် ပိုမိုများ ပြားနေတယ်ဆိုတာပါပဲ။

 ဒီလိုဖြစ်ရတာ ဘာကြောင့်ပါလဲ

          ပထမဆုံးထောက်ပြရမည့် အချက်ကတော့ တပ်မတော်မှာ အရေအတွက်အင်အားအရ တိုးပွားလာပေမယ့် အခြားတစ်ဖက် မှာ စစ်ရေးစွမ်းရည် သိသိသာသာကျဆင်းလာနေတယ်ဆိုတာပါ ပဲ။ ၁၉၇၀ ခုနှစ်အတွင်းက တပ်မတော်မှာ အင်အားတစ်သိန်းသာ သာမျှသာ ရှိခဲ့ပေမယ့် တရုတ်စစ်အကြံပေးတွေ၊ တရုတ်စစ်လက် နက်တွေ ခြေဆုံးခေါင်းဆုံး တပ်ဆင်ထားတဲ့ ထောင်ချီအင်အားရှိတဲ့ ဗကပတပ်ဖွဲ့တွေကို ကွမ်းလုံ၊ ဟိုက်ကမ္ပားတိုက်ပွဲမှာ ရွပ်ရွပ်ချွံချွံနဲ့ တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပါတယ်။

          ဒီနေ့တပ်မတော်မှာ စစ် သည်အင်အား ငါးသိန်းကျော်အထိ တိုးပွားလာပေမယ့် တိုက်ပွဲတစ်ပွဲချင်းမှာ ကျဆုံးဒဏ်ရာရသွားတဲ့ အရာရှိစစ်သည်များရဲ့ အရေအတွက် လိုအပ်တာထက် များပြားနေတဲ့ သတင်းတွေကိုလည်း မကြာခဏကြားရလေ့ရှိပါတယ်။ ဒါဟာ ဒီနေ့တပ်မတော် ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကျဆင်းလာနေမှုကို ညွှန်ပြနေတဲ့ အချက်အလက်တစ်ခုပါပဲ။

 ဘာကြောင့် စစ်ရေးစွမ်းရည် ကျဆင်းရတာလဲ

          စစ်ရေးစွမ်းရည်တည်ဆောက်မြှင့်တင်တယ်ဆိုတာ ပြင်း ပြင်းထန်ထန်လေ့ကျင့်သင်ကြားပေးရုံနဲ့ မလုံလောက်ပါဘူး။ ခေတ်မီစစ် လက်နက်ပြည့်စုံအောင် ရုပ်ပိုင်းအရ တပ်ဆင်တည်ဆောက်ပေးနိုင်ရုံနဲ့လည်း မပြည့်စုံနိုင်ပါဘူး။ ဒီနေ့ မြန်မာ့တပ်မ တော်ရဲ့ လက်နက်တပ်ဆင်မှု အနေအထားဟာ နိုင်ငံတကာ အဆင့်အတန်းကို အမီလိုက်နိုင်စွမ်းမရှိသေးပေမယ့် ပြည်တွင်းလုံခြုံမှုကို တာဝန်ယူပြီး နိုင်ငံတော်ကို ကာကွယ်နိုင်လောက် တဲ့ ခေတ်မီလေယာဉ်၊ ရဟတ်ယာဉ်၊ တိုက်သင်္ဘော၊ ဖျက်သင်္ဘောနဲ့ စစ်မြေပြင်သုံး သံချပ်ကာ၊ တင့်ကား၊ အမြောက်၊ ဒုံးလက်နက်များ အပြည့်အစုံတပ် ဆင်တည်ဆောက်ထားပြီးဖြစ်ပါတယ်။ မြန်မာ့တပ်မတော်ရဲ့ စစ်ရေးစွမ်းရည် တည်ဆောက်မြှင့်တင်ရေးမှာ အဓိကလိုအပ်နေတာ စိတ်ဓာတ်ရေး ရာ မြှင့်တင်တည်ဆောက်ရေးပါပဲ။

          ပြီးခဲ့တဲ့ မြစ်ကြီးနားငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးပွဲတစ်ခု မှာ အဆင့်မြင့်တပ်မတော်အရာရှိကြီးတစ်ဦး ပြောခဲ့သလို တပ်မတော်ဟာ ပြည်တွင်းစစ် ရပ်စဲစေချင်ဆုံး၊ ငြိမ်းချမ်းရေးအလိုလားဆုံး အင်အားစုပါဆိုတဲ့ စကားဟာ အလွန်မှန်ပါတယ်။ အထူးသဖြင့် တပ်ရင်းမှူးအောက်အဆင့် အကြပ်တပ်သား စစ်သည်များဟာ ပြည်တွင်းစစ်မတိုက်ချင်ကြပါဘူး။ ငြိမ်းချမ်းရေးကိုသာ လိုလားကြတာပါ။ ဒါပေမဲ့ အဆင့်မြင့်စစ်အာဏာ ပိုင်ဗိုလ်ချုပ်ကြီးများကတော့ သူတို့ရဲ့ အာဏာနဲ့ အကျိုးစီးပွားများ ထိန်းသိမ်းကာကွယ်ရေးအတွက် စစ်အာဏာရှင်ခေတ် နှစ်ငါးဆယ်သမိုင်းတစ်လျှောက်လုံး သောင်းကျန်းမှု အမြစ်ဖြုတ်ချေမှုန်းရေးကြွေးကြော်သံနဲ့ ပြည်တွင်းစစ်ကြီးကို မီးကုန်ယမ်းကုန် ဆင်နွှဲခဲ့ကြပါ တယ်။

           ဒီပြည်တွင်းစစ်ကြီးမှာ လက်တွေ့ပါဝင်တိုက်ခိုက်နေ ကြရတဲ့ တပ်မှူး၊ တပ်သားအများစုကတော့ ကချင်တွေ၊ ရှမ်းတွေ၊ ပလောင်တွေ၊ ရခိုင်တွေ၊ ကရင်တွေ၊ မွန်တွေလို့ ကိုယ့်တိုင်းရင်း သားသွေးရင်းသားရင်း ညီအစ်ကိုအချင်းချင်း ပစ်ခတ်သတ်ဖြတ် နေကြရတဲ့အဖြစ်ကို ဘယ်လိုမှ နှစ်သက်လို လားမှာ မဟုတ်သလို စိတ်ဓာတ်တက်ကြွစရာ အကြောင်းမရှိပါဘူး။ ဒါပေမဲ့ တိုင်းတစ်ပါးသားတွေနဲ့ စစ်ဖြစ်ပွားရပြီဆိုရင်တော့ ရဲရင့်ဂုဏ်ပြောင်စွာ အသက်ပေးတိုက်ရဲတဲ့ မြန်မာ့တပ်မတော်ရဲ့ ထွန်းပြောင်တဲ့ သမိုင်းသက်သေအစဉ်အလာ အခိုင်အမာရှိထားပြီးသား ဖြစ်ပါ တယ်။

          ဒီတော့ လတ်တလောဖြစ်ပွားနေတဲ့ ကိုးကန့်ဒေသက တိုက်ပွဲတွေဟာ မြန်မာပြည် ပြည်တွင်းစစ်ရဲ့ အဆက် ပြည်တွင်းစစ်ရဲ့ အစိတ်အပိုင်းတစ်ရပ် ဟုတ်၊ မဟုတ်ကို အသေအချာ သုံးသပ်ဆန်းစစ်ဖို့ လိုအပ်လာပါတယ်။

          တကယ်တော့ ကိုးကန့်ဒေသဆိုတာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်နက်နယ်မြေအဖြစ် သမိုင်းနဲ့ ချီပြီး တည်ရှိလာခဲ့တဲ့အလျောက် တရုတ်နွယ်ဖွားတွေဖြစ်တဲ့ ကိုးကန့်သားတွေဟာလည်း မြန်မာနိုင်ငံထဲက တိုင်းရင်းသားမျိုးနွယ်တစ်ခုပပါပဲ။ ကွယ်လွန်သွားတဲ့ ဦးလော်စစ်ဟန်ကို ကိုးကန့်တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုခဲ့ရင် ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဦးဖုန်ကျားရှင်ကိုလည်း ကိုးကန့်တိုင်းရင်း သားအဖြစ် အသိအမှတ်ပြုကြရမှာပါပဲ။

          အလားတူ ဦးဖုန်ကျားရှင်ဦးဆောင်တဲ့ MNDAA အဖွဲ့ကိုလည်း ကိုးကန့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ခုအဖြစ် နားလည်သဘောထားဖို့ လိုပါလိမ့်မယ်။ ဒီလို သဘောထားလိုက်တာနဲ့ တစ်ပြိုင်နက် ကိုးကန့်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ပလောင်အမျိုး သားဒေသတွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေလိုပဲ မြန်မာပြည် ပြည်တွင်းစစ်ရဲ့ အဆက်၊ ပြည်တွင်း စစ်ရဲ့ အစိတ်အပိုင်းတစ်ရပ်သာ ဖြစ်နိုင်ပါတယ်။

          ဒါကြောင့်လည်း တအောင်း-ပလောင်အဖွဲ့  (TNLA)ပြန်ကြားရေးအရာရှိ တာပန်လှက ကိုးကန့်အဖွဲ့  (MNDAA)၊ ပလောင်အဖွဲ့၊ ရခိုင်အဖွဲ့ (AA)နဲ့ KIA တို့ ပါဝင်တဲ့ ပူးပေါင်းမဟာမိတ်အဖွဲ့ဟာ ပြီးခဲ့တဲ့လပိုင်းကတည်းက ကိုးကန့်ဒေသထဲ ဝင်ရောက်လှုပ်ရှားခဲ့ကြတယ်။ ဒီလိုလှုပ်ရှားရင်း အစိုးရတပ်မ တော်နဲ့ ထိတွေ့ပြီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ထုတ်ဖော်ပြော ကြားခဲ့ပါတယ်။ ကိုးကန့်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ကိုးကန့်တိုက်ပွဲစဉ်တွေအတွင်းမှာKIAပါဝင်တယ်လို့ မပြောဘဲ ရှမ်း (S.S.P.P.) မြောက်အဖွဲ့သာ ပါဝင်တယ်လို့ အတည်ပြုပြောကြားပါတယ်။

           ဒါ့အပြင် ကိုးကန့်အဖွဲ့ (MNDAA) ဟာ ညီညွတ် သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) ရဲ့ အစိတ်အပိုင်းတစ်ပိုင်းအဖြစ် ပါဝင်တယ်လို့လည်း ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုးကန့်အဖွဲ့ဟာ သီးခြားရပ် တည်နေတဲ့ အဖွဲ့မဟုတ်ဘဲ  UNFC, UWSA, မိုင်းလားအဖွဲ့တို့ နဲ့ ဆက်စပ်လှုပ်ရှားနေတယ်ဆိုတာ ထင်ရှားပါတယ်။ ဒါကြောင့်MNDAA အဖွဲ့အား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဖြစ်သလို ပြည်တွင်းစစ်ရဲ့ အစိတ်အပိုင်းတစ်ရပ်လို့လည်း ဆိုရပါ လိမ့်မယ်။

          ဒါပေမဲ့ တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ဦးဆောင်နေတဲ့ UPWC အဖွဲ့ရဲ့ ခေါင်း ဆောင် ဦးအောင်မင်း ကတော့ ဦးဖုန်ကျားရှင်ဦးဆောင်တဲ့အဖွဲ့ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့အဖြစ် အသိအမှတ်မပြုနိုင်တဲ့ သဘောထားမျိုး ထုတ်ဖော်ပြောကြား ခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ကိုးကန့်တိမ်းရှောင်အဖွဲ့ကို အပြတ်တိုက်ထုတ်ချေမှုန်းမယ်လို့ ကြိမ်းဝါးနေ ပါတယ်။ ဒီစကားတွေကို စိတ်နာကျင်ခံစားမှုနဲ့ ပြောတာဆိုရင် နားလည်ပေးလို့ ရပါတယ်။ ဒါပေမဲ့ လက်တွေ့အကောင်အထည်ဖော်မယ့် လမ်းညွှန်သဘောထားတစ်ရပ်အဖြစ် ပုံဖော်ဖို့ ကြိုးစား မယ်ဆိုရင်တော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အကျိုးမရှိတဲ့ အခြေအနေဆိုးတွေ ထပ်တိုးလာနိုင်ပါတယ်။

            မြန်မာပြည်ရဲ့ ပြည် တွင်းစစ်သမိုင်းမှာ လက်နက်ကိုင်အင်အားသုံးပြီး ချေမှုန်းနိုင်ခဲ့ တဲ့ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုဆိုတာ မရှိသ လောက်ပါပဲ။ ကိုးကန့်အဖွဲ့ ကို အင်အားသုံးတိုက်ထုတ်မောင်း နှင်ပစ်လို့ ရနိုင်ပေမယ့် အပြတ်ချေမှုန်းလို့တော့ မရနိုင်ပါဘူး။ စစ်သဘောကိုက တပ်မတော် အနေနဲ့ နယ်မြေထိန်းသိမ်းချုပ်ကိုင် နိုင်ရင် အောင်မြင်ပြီလို့ ခံယူလေ့ရှိပြီး တိုင်းရင်းသားလက်နက်ကိုင် တွေကတော့ ရန်သူအင်အား များများချေမှုန်းနိုင်ရင်ပဲ အောင်ပွဲ ခံနိုင်ပြီလို့ ယူဆတတ်တဲ့ သဘောရှိပါတယ်။

             အခုအချိန်မှာ တပ် မတော်အနေနဲ့ ယူနီဖောင်း ဝတ်ထားတဲ့ ဦးဖုန်ကျားရှင်အဖွဲ့ တွေကို မောင်းထုတ်ပြီး နယ်မြေစိုးမိုးချုပ်ကိုင်နိုင်ပေမယ့် ယူနီဖောင်းဝတ်မထားတဲ့ ဦးဖုန်ကျားရှင် လိုလားသူတွေ၊ ကိုးကန့် သားတွေထဲမှာ အများအပြားရှိနေကြဦးမှာပါ။ မကြာခင်ကပဲ တပ်မတော်နဲ့ ကိုးကန့် အုပ်ချုပ်ရေးအဖွဲ့တို့ ပူးတွဲဖွဲ့စည်းခဲ့တဲ့ နယ်ခြားစောင့်တပ် (BGF) အဖွဲ့ထဲက အင်အားနှစ်ရာခန့် ဦးဖုန်ကျားရှင်အဖွဲ့နောက် လိုက်ပါသွားခဲ့ကြတဲ့ သာဓကတွေ ရှိနေပါသေးတယ်။ ဒီအတိုင်းဆက်သွားလို့ကတော့ ကိုးကန့်ဒေသ ဟာ ဘယ်လိုမှ တည်ငြိမ်အေးချမ်းမှုရစရာ အကြောင်းမရှိပါဘူး။

          တကယ်လို့ တပ်မတော်အနေနဲ့ ကိုးကန့်ဒေသမှာ စိတ်ခံ စားမှုနဲ့ ဆက်ရမ်းနေမယ်ဆိုရင် ပိုပြီး ပွဲကြမ်းလာစရာသာရှိပါတယ်။ ပြည်တွင်းစစ် ကာလမှာ နာကျင်ကြေကွဲစရာဆိုတာ ဘက်အသီးသီးမှာ ရှိတတ်ကြစမြဲပါ။ ပြောကြစတမ်းဆိုရင် စစ်ပွဲထဲမှာ မဟုတ်ဘဲ သင်တန်းကျောင်းမှာ ဗိုလ်လောင်း ၂၃ ဦး တပ်မတော်က အမြောက်စမ်းသပ်ပစ်ခတ်မှုကြောင့် ကျဆုံးခဲ့ရတဲ့အဖြစ်ကိုKIA နဲ့ ကချင်လူထုတွေ နာကြည်းဒေါသထွက်ခဲ့ကြမှာပါပဲ။ ဒါပေမဲ့ မကြာခင်က ချင်းမိုင်မှာ ကျင်းပခဲ့တဲ့ UPWC နဲ့ NCCT အဖွဲ့တွေရဲ့  ငြိမ်းချမ်းရေးတွေ့ဆုံညှိနှိုင်းပွဲမှာ ဗိုလ်ချုပ်ဂွမ်မော်တစ်ယောက် တည်တည်ငြိမ်ငြိမ်နဲ့ ဆက်လက်ပါဝင်နေတာ တွေ့မြင်နေရဆဲပါ။

          ဖြစ်စေချင်တဲ့ သဘောက ကိုးကန့်တိုက်ပွဲစဉ်တွေ အတွင်း တပ်မတော်ဘက်က စိတ်နာကျင်ကြေကွဲစရာတွေကို သီးခြားထားပြီး ပြဿနာတွေကို ဓမ္မဓိဋ္ဌာန်ကျစွာ ကြည့်မြင်ပြီး အမြော်အမြင်ရှိစွာ ကိုင်တွယ်ဖြေရှင်းဖို့ လိုပါလိမ့်မယ်။ တကယ် တော့ ဦးဖုန်ကျားရှင်တို့ ကိုးကန့်အဖွဲ့ဆိုတာ ၁၉၈၉ ခုနှစ်က တပ် မတော်အစိုးရနဲ့ ပထမဆုံးငြိမ်းချမ်းရေးရယူထူထောင်ခဲ့တဲ့ ရှမ်း ပြည်နယ်အထူးဒေသ (၁) ပါ။ ဗကပလို တရုတ်ပြည်က ထူထောင် ဖွဲ့စည်းပြီး မွေးထုတ်ပေးလိုက်တဲ့ အဖွဲ့အစည်းမျိုးမဟုတ်ပါဘူး။

          ဦးဖုန်ကျားရှင်ရဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့ဆိုတာ အစိုးရက တရားဝင်အသိအမှတ်ပြုထားခဲ့ဖူးတဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်း တစ်ခုပါ။ ဒီလို အဖွဲ့အစည်းမျိုးကို စိတ်ရှည် သဘောထားကြီးစွာ ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးပွဲထဲကို ဆွဲ မခေါ်ချင်ဘူးဆိုရင် ရေရှည်ငြိမ်းချမ်းရေးလုပ်ငန်း မှာ အဟန့် အတားဖြစ်လာနိုင်ပါတယ်။

 ဦးဖုန်ကျားရှင်ရဲ့ ကိုးကန့်အဖွဲ့နောက်ကွယ်မှာ ဘယ်သူရှိနေတာလဲ

          ဒီမေးခွန်းက ဒီနေ့ ပြည်တွင်းတွင်သာမက နိုင်ငံတကာ မီဒီယာလောကကပါ စိတ်ဝင်တစားပြောဆိုဆွေးနွေးနေကြတဲ့ မေးခွန်းဖြစ်ပါတယ်။ ဒါပေမဲ့ အများစုက အနေအထားမှန်ကို မသိဘဲ တပ်မတော်က ချပေးတဲ့ နှပ်ကြောင်းအတိုင်း လိုက်နင်း ပြီး ရမ်းသမ်းမှန်းဆ ပြောဆိုနေကြတာပါ။ တချို့သတင်း စာ၊ ဂျာနယ်တွေကဆိုရင် ခါးတောင်းကျိုက်ပြီး အမျိုးသားရေးမီးမွှေးပေး ဖို့ ကြိုးပမ်းနေတာမျိုးတောင် တွေ့ကြရပါတယ်။ ယူကရိန်းရဲ့ ကြမ္မာဆိုးမျိုး တိုးနိုင်လောက်အောင် အ္တရာယ်ကြီးလို့ သတိထား သင့်ပါတယ်။ အင်အားကြီးနှစ်နိုင်ငံကြားမှာ ညပ်နေတဲ့ ဆီးစေ့လို ပထဝီနိုင်ငံရေးအနေအထားဖြစ် လို့ မြန်မာနိုင်ငံအနေနဲ့ ချိန်ခွင် လျှာထိန်းညှိပြီး နေတတ်ထိုင်တတ်ဖို့ အရေးကြီးပါတယ်။

          တကယ်တော့ ကိုးကန့်အဖွဲ့နောက်ကွယ်မှာ အနီးကပ်ဆုံး ရှိနေတာ တရုတ်ပြည်မဟုတ်ပါဘူး။ မိုင်းလားအဖွဲ့နဲ့UWSA အဖွဲ့တို့ ဖြစ်ပါတယ်။ အင်အား ၃,၅၀၀ ဝန်းကျင်ရှိတဲ့ မိုင်းလား အဖွဲ့ခေါင်းဆောင် ဦးစိုင်းလင်း ခေါ် လီမင်းရှင်ဟာ ဦးဖုန်ကျားရှင် နဲ့ အလွန်နီးကပ်တဲ့ သမက်အရင်းကြီးပါ။ ဝအဖွဲ့က ဗကပကို ပုန် ကန်ခွဲထွက်ချိန်က ဦးဖုန်ကျားရှင်ကိုယ်တိုင် အတိုင်ပင်ခံ အခါ ပေးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း ၂၀၀၉ ခုနှစ်မှာ တပ်မ တော်က ကိုးကန့်ဒေသကို ထိုးစစ်ဆင်ခဲ့ချိန်က ဝတပ်မဟာနှစ်ခု ဟာ ဦးဖုန်ကျားရှင်ကို အကူအညီပေးဖို့ ချင်းရွှေဟော်အနီးရှိ ထားထင်ချောင်းနံဘေးက အသင့်စောင့်နေခဲ့ဖူးပါတယ်။

          ဦးဖုန်ကျားရှင်အနေနဲ့ တရုတ်ပြည်ထဲ တိမ်းရှောင်ထွက်ပြေးစရာမလို ဘဲ ဝနယ်မှာဖြစ်ဖြစ်၊ မိုင်းလားမှာဖြစ်ဖြစ် အနားယူအခြေချလို့ ရ ပါတယ်။ ဒီလို လက်ယာရံ၊ လက်ဝဲရံနှစ်ဖွဲ့ အသင့်ရှိနေတဲ့ ဦးဖုန် ကျားရှင်အဖို့ တပ်ဖွဲ့ ပြန်လည်စုစည်းထူထောင်ဖို့ တရုတ်ပြည်ထဲ သွားပြီး စစ်သားစုဆောင်းနေစရာ မလိုပါဘူး။ ကိုးကန့်က တပ် မှူးဟောင်းတွေ၊ ဝနယ်က တပ်သားဟောင်းတွေ စုဆောင်းလို့ ရနိုင်ပါတယ်။ ကိုးကန့်တပ်သားတွေရော ဝနယ်က တပ်သားတွေ ပါ အားလုံးက တရုတ်လို တတ်ကြတော့ ဦးဖုန်ကျားရှင်တပ်ဖွဲ့တစ် ခုလုံး တရုတ်လို ပြောဆိုဆက်ဆံကြတာ မဆန်းပါဘူး။

         ဒါပေမဲ့ အားလုံးလိုလိုဟာ မြန်မာနိုင်ငံသားတွေပါ။ တရုတ်ပြည်က လူ တွေ သိမ်းသွင်းစုဆောင်းပြီး တပ်ဖွဲ့စည်းခဲ့တာ ဦးဖုန်ကျားရှင် တပ်ဖွဲ့ မဟုတ်ပါဘူး။ အစိုးရနဲ့ ငြိမ်းချမ်းရေးယူပြီး တပ်မတော်နဲ့ ပူးပေါင်းတိုက်ခိုက်နေတဲ့ ပန်ဝါက လွှတ်တော်အမတ် ဦးဇခုံတိန်ယိန်းရဲ့ နယ်ခြားစောင့် (BGF) တပ်ဖွဲ့သာ ဖြစ်ပါတယ်။ ဒါ့အပြင် ဦးဖုန်ကျားရှင်ရဲ့ ကိုးကန့်တပ်ဖွဲ့ဟာ SSPP(ရှမ်းမြောက်)၊ KIA၊ TNLA (ပလောင်)တပ်ဖွဲ့တွေနဲ့ မဟာမိတ်ဖွဲ့ပြီး လားရှိုး- မူဆယ်ကားလမ်းအရှေ့ဘက်၊ သိန္နီ-ကွမ်းလုံကားလမ်း မြောက်ဘက်၊ သံလွင်မြစ်အနောက်ခြမ်းတို့မှာ ပူးတွဲလှုပ်ရှားနေခဲ့တာ နှစ်နှစ်ဝန်းကျင်လောက် ရှိပါပြီ။

         အဲဒီ သံလွင်အနောက်ခြမ်းမှာ တပ်မတော်ရဲ့ စစ်ဆင်ရေးတွေ ရှုပ်ထွေးလာပြီး ခွင်ကျပ်လာချိန်မှာ အသင့်စည်းရုံးပြင်ဆင်ထားတဲ့ သံလွင်အရှေ့ခြမ်း က ကိုးကန့်နယ်ထဲကို စိမ့်ဝင်ထိုးဖောက်လာခဲ့ကြပုံရပါတယ်။ ဆိုရ ရင် ဦးဖုန်ကျားရှင်ရဲ့ ကိုးကန့်တပ်ဖွဲ့ဟာ တရုတ်ပြည်ထဲမှာ စည်းရုံးဖွဲ့စည်းပြီးမှ တရုတ်ပြည်ကနေ မြန်မာပြည်ထဲ စိမ့်ဝင် ထိုးဖောက်လာတာ မဟုတ်ပါဘူး။ မြန်မာပြည်ထဲမှာ စည်းရုံးဖွဲ့ စည်းပြီး UNFC မြောက်ပိုင်းတပ်ဖွဲ့တွေ နဲ့ မြန်မာပြည်ထဲမှာ ပူးတွဲလှုပ်ရှားတိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့သာ ဖြစ်ပါတယ်။

          ပြောကြစတမ်းဆိုရင် တရုတ်ပြည်မှ နောက်ကွယ်က ရပ်ခံ ကာကွယ်ပေးနေခဲ့တာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ မဟုတ်ပါဘူး။ နဝတ၊ နအဖ စစ်အာဏာရှင်ခေတ် ၂၆ နှစ်လုံး အနောက်တိုင်းနိုင်ငံတွေရဲ့ နိုင်ငံရေး၊ သံတမန်ရေးနဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ရပ်ခံကာကွယ်ပေးခဲ့တာ တရုတ်ပြည်ဖြစ်ပါ တယ်။ ဒီကာလတစ်လျှောက်လုံး နိုင်ငံတကာစစ်လက်နက်ရောင်း ချရေးပိတ်ဆို့မှုတွေ လုပ်နေတဲ့ကြားက မြန်မာ့တပ်မတော် ကို ခေတ်မီအောင် တည်ဆောက်ပေးခဲ့တာလည်း တရုတ်ပြည်ပါပဲ။

         ဒါပေမဲ့ မြန်မာအစိုးရနဲ့ မြန်မာ့တပ်မတော်ကို ချစ်လွန်းလို့ မဟုတ် ပါဘူး။ ပေါကြွယ်လှ တဲ့ သဘာဝသယံဇာတတွေ အချောင်နှိုက်ဖို့၊ ပထဝီနိုင်ငံရေး အရ မဟာဗျူဟာကျလှတဲ့ မြန်မာနိုင်ငံကို ရင်ခွင် ပိုက်ထားနိုင်ဖို့ဆိုတာ ရှင်းပါတယ်။ ဒီလိုလုပ်လို့ တရုတ်ပြည်ကို မုန်းဖို့မလိုပါဘူး။ နိုင်ငံကြီးတိုင်း ကိုယ်ကျိုး စီးပွားအတွက် အချောင်ရရင် နှိုက်နေကျချည်းပါပဲ။ ဒါပေမဲ့ ဒီလိုတိုင်းပြည်ကို ပေါပဲစွာ ရောင်းစားခဲ့ကြတဲ့ ကိုယ့်တိုင်းပြည်က စစ်အာဏာရှင် အုပ်စုကိုသာ မုန်းကြရမှာပါ။ ဒါပေမဲ့ ရင်ခွင်ပြောင်းဖို့ ကိုယ့်ကျေး ဇူးရှင်ခေါင်းကို ခဲနဲ့ ထုချင်တဲ့ မျောက်စိတ်တော့ မမွေးကောင်းပါ ဘူး။

          စစ်ဘုရင် နပိုလီယံပြောတဲ့ ‘အိပ်နေတဲ့ နဂါးကို သွားမနှိုးပါ နဲ့’ ဆိုတဲ့ စကားကို သတိရစေချင်ပါတယ်။ ဒီနေ့၊ ဒီအချိန်အခါမှာ ကြီးပွားချမ်းသာရေး အလေးထားနေတဲ့ တရုတ်ပြည်ဟာ သူရဲ့ မဟာဗျူဟာ အကျိုးစီးပွားများစွာ ရင်းနှီးမြှုပ်နှံထားတဲ့ မြန်မာ ပြည်၊ အထူးသဖြင့် သူနဲ့ နယ်စပ်ချင်း ဆက်စပ်နေ တဲ့ ဒေသတွေ၊ ငြိမ်းချမ်းတည်ငြိမ်ရေးကို အလေးထားနေချိန် ဖြစ်ပါတယ်။ သူ့ရဲ့ ငယ်မွေးခြံပေါက်ဖြစ်တဲ့ ဗကပကိုတောင် ငြိမ်းချမ်းရေးရယူဖို့ ဆို ဆုံးမလို့ မရတဲ့အတွက် တိုင်းရင်းသားလက်နက်ကိုင်တွေ ပုန်ကန်မှုကို အားပေးအားမြှောက်ပြုခဲ့ပါသေးတယ်။

          တရုတ်မျိုးနွယ်စုတွေ အများစု နေထိုင်တဲ့ ကိုးကန့်ဒေသကို တပ်မတော်က ၂၀၀၉ ခုနှစ်မှာ စစ်ဆင်တာကို တရုတ်ပြည်က သဘောမကျပေမယ့် ဝင်ရောက်စွက်ဖက်မှု မပြုခဲ့ပါဘူး။ ဒီတစ်ကြိမ် ဦးဖုန်ကျားရှင်ရဲ့ ကိုး ကန့်အဖွဲ့ရဲ့ လှုပ်ရှားမှုကို သဘောကျနိုင်ပေမယ့် Global Time ကနေ သတိပေးလိုက်ပါသေးတယ်။ ပြဿသ နာက ကိုယ့်ဘက်က ပြင်ဆင်မှုမဲ့၊ လက်ဦးမှုမဲ့တဲ့အတွက် အလစ်အငိုက်တိုက်ခံလိုက်ရ တာပါ။ ဒီလိုဖြစ်လာတာကို နိုင်ငံတော်အချုပ်အခြာအာဏာပိုင် နက်နယ်မြေထိန်းမှု၊ ကျူးကျော်မှု စတဲ့ ပြင်းထန်တဲ့ စကားလုံး တွေနဲ့ စွပ်စွဲပြောဆိုမှုတွေ လုပ်လာတာဟာ တရုတ်ပြည်ကို နား ရွက်တံတွေးဆွတ်လိုက်ရာ ရောက်ပါတယ်။

           မြန်မာနိုင်ငံခြားရေး ဋ္ဌာနက တရုတ်စစ်သံမှူးကို ကိုးကန့်ဖြစ်စဉ် တင်ပြလိုက်တယ်ဆို တာ သံတမန်ရေးအရ တရားဝင်စွပ်စွဲသတိပေးလိုက်တာပါပဲ။ အခြေအနေကို အသေးစိတ်မလေ့လာရသေးဘဲ ရှက်ကိုးရှက် ကန်းနဲ့ အလျင်စလို သူများကို လက်ညှိုးထိုးတာဟာ မြော်မြင် ဆင်ခြင်တုံတရား နည်းပါးရာ ရောက်ပါတယ်။ ဒီလုပ်ရပ်ဟာ တကယ်တော့ ကိုယ့်ခြံဝင်းထဲက မစင်ကို အိမ်နီးချင်းရဲ့ ခြံထဲ ပစ် ချလိုက်တာပါပဲ။ လက်ရှိ ကိုးကန့်ဖြစ်စဉ်ကို အနောက်တိုင်းအာဏာပိုင်တွေက လက်ခုပ်တီးပေးချင်ပေမယ့် အရှေ့ဖျားရဲ့ ယူ ကရိန်း ထပ်ဖြစ်လာမှာ စိုးရိမ်ပြီး ငြိမ်ကြည့်နေကြပုံရပါတယ်။

          တရုတ်ပြည်က မြန်မာပြည်အရှေ့မြောက်ဒေသကို ဒုတိယယူ ကရိန်းဖြစ်စေလိုတဲ့ သဘောထားမရှိဘူးဆိုခဲ့ပေမယ့် ဒီနယ်စပ် ဒေသတွေမှာ ယူကရိန်းလိုဖြစ်နိုင်တဲ့ အခြေခံအချက်အလက်တွေ အမှန်ပဲ ရှိနေပါတယ်။ မနေတတ်၊ မထိုင်တတ်နဲ့ အမျိုးသားရေး သွေးကြွအောင် ဖွပေးနေရင်တော့ ကိုယ်တစ်ခြမ်းသေသလို လေ ဖြတ်သွားနိုင်ပါတယ်။ အရေးကြီးတာ ကိုယ့်တပ်ကို ခေတ်မီ Professional Army ဖြစ်အောင် ပြင်ထားဖို့ပါပဲ။ လောလော ဆယ်မှာတော့ ‘အိပ်နေတဲ့ နဂါးကို သွားမနှိုးကြပါနဲ့ဦး’။

                                                                                                               [ends]

အမျိုးအစား - သုံးသပ်ချက်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."