မော်ကွန်းမဂ္ဂဇင်း အမှတ်စဉ် ၆၈ မှ ကဗျာဖစ်ပါသည်။
တစ်ခါတစ်ခါ ငါဟာ
ဗိုက်ပြည့်မယ့် ထမင်းတစ်ပွဲကို ဆာလောင်လို့
တစ်ခါတစ်ခါမှာ ငါဟာ
အရသာတွေ့မယ့် လက်ဖက်ရည်တစ်ခွက်ကို ဆာလောင်တယ်။
တစ်ခါတစ်ခါ ငါဟာ
ခံတွင်းချဉ်ပြေမယ့် စီးကရက်တစ်လိပ်ကို ဆာလောင်လို့
တစ်ခါတစ်ခါမှာ ငါဟာ
စိတ်အဆာပြေမယ့် စာအုပ်တစ်အုပ်ကို ဆာလောင်တယ်။

တစ်ခါတစ်ခါ ငါဟာ
ဘာသာစကားတူတဲ့ မိတ်ဆွေကို ဆာလောင်လို့
တစ်ခါတစ်ခါမှာ ငါဟာ
အပေးအယူမျှမယ့် ဆန့်ကျင်ဘက်လိင်ကို ဆာလောင်တယ်။
တစ်ခါတစ်ခါ ငါဟာ
တစ်ကိုယ်တည်း သီးသန့်ဖြစ်ခြင်းကို ဆာလောင်လို့
တစ်ခါတစ်ခါမှာ ငါဟာ
မိသားစုရဲ့ နွေးထွေးပျော်ရွှင်မှုကို ဆာလောင်တယ်။
တစ်ခါတစ်ခါ ငါဟာ
မရောက်ဖူးသေးတဲ့ ခရီးဝေးထွက်ခြင်းကို ဆာလောင်လို့
တစ်ခါတစ်ခါမှာ ငါဟာ
တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးကို ဆာလောင်တယ်။
လူ့ဘဝရဲ့ နေရက်များစွာဟာ
ဆာလောင်ခြင်းတွေနဲ့ ရက်ဖွဲ့ တည်ဆောက်ထားလေတာ
ငါဟာ ဘယ်လောက် အဆာပြေ ကျေနပ်ခဲ့ပြီးလို့
နောက်ထပ် ဘယ်လောက် ငတ်မွတ်တောင့်တနေရလိမ့်ဦးမှာ
စတက်မြက်ခင်းပေါ်က ဝံပုလွေတစ်ကောင်ပမာ။
(၂၉.၆.၂၀၁၇)
#mawkun #magazine #chronicle #poem #no68

