အိတ်ထောင်ပေါ်က မင်ကွက်များ

အိတ်ထောင်ပေါ်က မင်ကွက်များ

၂၀၁၃၊ဒီဇင်ဘာလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၀)မှ အမေ့ခံဆောင်းပါးဖြစ်ပါသည်။

မောင်ဥယျာဉ်ရေးသည်။

ဖောင်တိန်တွေကို ပထမဆုံးအကြိမ် တစုတဝေး မြင်ဖူးတာက ဦးလေးရဲ့ စာကြည့်စားပွဲပေါ်မှာပါ။ ဦးလေးစားပွဲအစွန်မှာ ကပ်ပီတန်စီးကရက်ထည့်တဲ့ သံဘူးထဲမှာ အစီအရီထည့်ထားတယ်။ကပ်ပီတန်ဘူးထဲက ဖောင်တိန်အများစုက သုံးမရတော့ပါဘူး။ဒါပေမဲ့ ဦးလေးကတော့ သုံးမရတော့သည့်တိုင် ဖောင်တိန်တွေကိုတခုတ်တရ သိမ်းထားတုန်း။ ဖောင်တိန်တွေထဲမှာ အဘိုးရဲ့ဖောင်တိန်တွေလည်း ပါတယ်ဆိုတာတော့ မှတ်မိနေတယ်။ ကျွန်တော်က အဲဒီတုန်းက မူလတန်းအရွယ်မို့ ဖောင်တိန်မကိုင်ရသေးဘူး။ ခဲတံကိုပဲ သုံးနေရသေးတယ်။ ဖောင်တိန်နဲ့ တွဲဖက်သုံးဖို့ မင်အိုးကို စာကြည့်စားပွဲနားက ကြွက်လျှောက်ပေါ် တင်ထားတယ်။ကျွန်တော်တို့ရဲ့ အရင်မျိုးဆက် ဦးလေးတွေ၊ ဘထွေးတွေက ဖောင်တိန်ကို ခုံခုံမင်မင်သုံးကြတယ်။ ကျွန်တော့်အဖေလည်းဖောင်တိန်သုံးခဲ့ကြောင်း၊ အဖေ့ရဲ့ လေယာဉ်မောင်အင်္ကျီအဖြူအိတ်ထောင်ပေါ်က မင်ကွက်တွေက သက်သေပဲလေ။ အဖေ့လိုပါပဲ၊ ဦးကြီး၊ ဘကြီးတွေရဲ့ အိတ်ထောင်အခြေမှာ ဖောင်တိန်သုံးခဲ့ကြောင်း ကျပ်ပြားဝိုင်းလောက် မင်ကွက်တွေက သက်သေပြနေကြလေရဲ့။

အခုတော့ ဖောင်တိန်သုံးချင်လို့မှ ရောင်းမယ့်ဆိုင်က မရသလောက် နည်းလာပြီ။ ဖောင်တိန်အစား ဘောလ်ပင်က မင်းမူနေပြီ။ ဒီနေ့ခေတ်မှာ ဖောင်တိန်ကသာ ဝယ်ရမလွယ်တာ၊ဘောလ်ပင်ကတော့ ရပ်ကွက်ထဲက ကုန်စုံဆိုင်မှာ ဝယ်လို့ရနေပြီလေ။ မြို့လယ်ကောင်က စာရေးကိရိယာဆိုင်တွေမှာ တကူးတကသွားပြီး ဝယ်မယ်ဆိုရင် ဖောင်တိန်ကောင်းကောင်းရနိုင်ပေ မယ့်ကျောင်းသူ၊ ကျောင်းသားရော ရုံးသူရုံးသားပါ အဖိုးနည်းဝန်ပါဘောလ်ပင်ကိုပဲ သုံးကြတော့တယ်။ ဒါတင်ဘယ်ကလိမ့်မလဲ၊စာရေးမှုနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ကြရတဲ့ စာရေးဆရာတွေ၊ ဂျာနယ်လစ်တွေ၊ စာရေးစာချီတွေလည်း ဖောင်တိန်မကိုင်ကြတော့ဘူး။

တကယ်တော့ ဖောင်တိန်ဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ သေချာပေါက် အသုံးဝင်တဲ့ လူလုပ်ပစ္စည်းတစ်ခု ဖြစ်ခဲ့ဖူးတယ်။ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးစတဲ့နယ်ပယ်အသီးသီးမှာ အသုံးဝင်ခဲ့တယ်။ ကျွန်တော်တို့ဆီမှာဖောင်တိန်ကိုတွင်တွင်ကျယ်ကျယ် မသံးု တောေ့ပမယ့ ်ကမ္ဘာကြးီရဲ့ တခြားနေရာဒေသအချို့မှာ ဒီနေ့အချိန်အထိ ဖောင်တိန်ကိုသုံးနေဆဲ ဖြစ်ပေမယ့် ကျွန်တော်တို့ဆီမှာတော့ ကမ္ဘာဦးက ဒိုင်နိုဆောကြီးတွေ မျိုးတုံးပျောက်ကွယ်သွားသလို ဖောင်တိန်တွေပျောက်ကွယ်သွားခဲ့ရပါရောလား။

ကိုယ်ပိုင်ဖောင်တိန်တစ်ချောင်း စကိုင်ခဲ့တာကတော့အလယ်တန်းစတက်တဲ့နှစ်မှာပါပဲ။ အဖေက ဖောင်တိန်တစ်ချောင်း အမှတ်တရဝယ်ပေးခဲ့တယ်။ ဒါပေမဲ့ အဲဒီဖောင်တိန်ကကြာရှည်သုံးစွဲခွင့် မရလိုက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တ့ိုအလယ်တန်းရောက်ချိန်မှာစီမံကိန်းစီးပွားရေးနောက်ဆုံးနှစ်များကို ရောက်နေပြီလေ။ ကျောင်းသားလေးဆယ်လောက်ရှိတဲ့စာသင်ခန်းအတွက် ကွန်ပါဘူးခုနစ်ဘူး မဲနှိုက်ရတဲ့အချိန် ရောက်နေပြီ။ စာရေးကိရိယာအပါအဝင် အစစအရာရာ ရှားပါးကုန်ဖြစ်လာတယ်။ မင်အိုးဝယ်ရတာ ခက်လာသလို ဖောင်တိန်နဲ့မှ ရေးလို့အဆင်ပြေတဲ့ စက္ကူချောစာအုပ်က ဝယ်ရ မလွယ်တော့ဘူး။ ပြန်ကြိတ်စက္ကူကို သုံးရမယ့် အခြေအနေ ဖြစ်လာတယ်။ဖောင်တိန်ကို သုံးမယ်ဆိုရင် ပြန်ကြိတ်စက္ကူနဲ့ ဘယ်လိုမှအဆင်မပြေနိုင်ဘူး။ ဒီဘက်က ရေးရင် ဟိုဘက်က ပေါက် မဟုတ်အမေ့ခံလား၊ ဒီကြားထဲ မင်အိုးဝယ်ရတာလည်း ခက်သေးဆိုတော့ဖောင်တိန်ကို ချစ်လျက်နဲ့ လမ်းခွဲဖို့ ဖြစ်လာတယ်။ ကျွန်တော်တို့ရဲ့ ဦးကြီး၊ ဦးလေးတွေကတော့ သူတို့ရဲ့ ကျောင်းသားဘဝတွေမှာဖောင်တိန်ကို အစအဆုံး သုံးခွင့်ရကြတယ်။ ကျွန်တော်တို့လက်ထက်မှာတော့ ဖောင်တိန်အသုံးပြုမှုက အလယ်တန်းကျောင်းသားဘဝမှာပင် နိဋ္ဌိတံသွားပါပြီ။ သူငယ်ချင်းတစ်ယောက်ကတော့ ကျွန်တော့်ထက် ဖောင်တိန်သုံးတဲ့ သက်တမ်း နည်းနည်းပိုရှည်တယ်။

သူ့အိမ်က စာအုပ်ချောတွေ မရမကရှာပြီး ဝယ်ပေးနိုင်တာကြောင့်ပါ။ ဒါပေမဲ့ သူလည်း ကြာရှည်တော့ မသုံးလိုက်ရဘူး။မင်းအိုးရှားပါးလာတာကြောင့် ဖောင်တိန်ကိုစွန့်လွှတ်လိုက်ရပြန်တယ်။ ဖောင်တိန်က မင်ကုန်သွားတော့ မင်ထည့်ဖို့ဖြစ်လာရော။မင်အိုးရှာမရတဲ့ အဆုံး သူ့အမေရဲ့ မဲနယ်တွေကို ဉာဏ်ကြီးရှင်ကမင်အဖြစ်သုံးလိုက်တယ်။ မင်က မလိုက်တော့ဘူး။ ဘောလ်ပင်တို့၊ ဖောင်တိန်တို့ရဲ့ ထုံးစံအတိုင်း မင်မလိုက်တော့ ဟိုခါဒီခါနဲ့ ခါလိုက်တာ။ အင်္ကျီ အဖြူရောင်တစ်ထည်လုံး မင်ကွက်တွေ စွန်းကုန်တော့တာပဲ။ အဲဒီကတည်းက သူ့နာမည်လည်း အကျွေးအမွေးမပါဘဲ အားလုံးက မဲနယ်လို့ ကင်ပွန်းတပ်လိုက်ကြတယ်။

စာရေးဆရာနီကိုရဲကလည်း ဖောင်တိန်နဲ့ ပတ်သက်ပြီးသူကြုံတွေ့ခဲ့ရပုံတွေကို ရေးပြခဲ့ဖူးတယ်။ သူက ရပ်ကွက်ထဲကကုန်စုံဆိုင်မှာ ဖောင်တိန်သွားဝယ်တာပါ။ အရောင်းစာရေးမလေးက ဖောင်တိန်ဆိုတဲ့ ဝေါဟာရကို နားမလည်ဘူး။ အတော်ကြာကြာ ရှင်းပြမှ စာရေးတဲ့ ဘောလ်ပင်ကို ထုတ်ပေးလိုက်သတဲ့။ကုန်စုံဆိုင်က ဖောင်တိန်မရခဲ့တာထက် အရောင်းစာရေးမလေးက ဖောင်တိန်ဆိုတဲ့ ဝေါဟာရ မသိတာကို စာရေးဆရာကပိုကြေကွဲနေတယ်။

ဖောင်တိန်ကို ကျွန်တော်တို့ အရင်မျိုးဆက် ဦးလေးတွေ၊ဘကြီးတွေ ခုံခုံမင်မင် သုံးခဲ့ကြပေမယ့် အကြောင်းကြောင်းကြောင့် လက်လွတ်ခဲ့ရတယ်။ ဦးလေးတွေ၊ ဦးကြီးတွေရဲ့ အပြောအရဆိုရင် ဖောင်တိန်တွေနဲ့ စာရေးခုံတွေပေါ်မှာတောင် စိုက်ခဲ့ကြတာကလား။ ဖောင်တိန်တစ်ချောင်းကလည်း ရေးပေတော့မပျက်မချင်းဆိုသလိုကိုး။ဖောင်တိန်ကို ခုံမင်ကြသူတွေထဲမှာ စာရေးဆရာမင်းလူလည်း တစ်ယောက်အပါအဝင်ဖြစ်တယ်။ ဖောင်တိန်နဲ့ပတ်သက်လို့ အက်ဆေးတစ်ပုဒ်တောင် ရေးခဲ့သေးတာပေါ့။ ကျောင်းသားဘဝတစ်လျှောက်လုံး ဖောင်တိန်ကို သုံးခဲ့ရုံမကဘူး၊ ကျောင်းပြီးလို့ စာရေးဆရာဘဝရောက်သည့်တိုင် ဖောင်တိန်ကိုပဲ စိုက်လိုက်မတ်တတ်သုံးခဲ့တာလို့ သူ့စာထဲမှာ ရေးထားတယ်။ ဖောင်တိန်တွေမျိုးတုံးပျောက်ကွယ်ချိန်မှာ ဘောလ်ပင်တွေ အစားထိုးဝင်ရောက်လာပေမယ့် ဖောင်တိန်လောက် စေးစေးပိုင်ပိုင် မဖြစ်ဘူးလို့ သူက ခံစားရတယ်။ ပေါ့ရွှတ်ရွှတ်နိုင်ပါသတဲ့။

ဘောလ်ပင်တွေက အစပိုင်းမှာ ရေးလို့ သိပ်မကောင်းဘူး၊ရေးလို့ကောင်းမယ် ရှိသေး၊ ဘောလ်သီးကျွတ်ရတာနဲ့၊ ပျောက်သွားရတာနဲ့ဆိုတော့ ဖောင်တိန်သမားတွေ အခက်တွေ့ကြရတယ်။ ဖောင်တိန်မှာ အားသာတာ တစ်ခုရှိသေးတယ်။ အကြာကြီးနှစ်ပေါက်အောင် သုံးရတော့ ဖောင်တိန်နဲ့ အသုံးပြုတဲ့ ပိုင်ရှင်ရဲ့ ရင်းနှီးမှုက သံမဏိကြာရှည်ခိုင်မြဲတယ်။ ဖောင်တိန်ဟာ သူ့သခင်အတွက် တိုင်ပင်ဖော်တိုင်ပင်ဘက် အဖော်ကောင်းဖြစ်တယ်။ ရင်းနှီးတဲ့ တိုးတိုးဖော်သူငယ်ချင်းကောင်းလည်း ဖြစ်တယ်။ အကဲပိုသူတွေကဆို ချစ်သူလို့တောင် သဘောထားတာကလား။ ချစ်သူကမှ ခွဲခွာနေရသေးတယ်။ ဖောင်တိန်ဆိုတာကတော့အိတ်ထောင်မှာ အမြဲတွယ်ချိတ်ထားတာဆိုတော့ ယုတ်စွအဆုံးနောက်ဖေးနောက်ဖီ အလေးအပေ့ါသွားရင်တောင် တစ်ပါတည်းပါလာတော့တာလေ။

အခြေအနေနဲ့ အချိန်အခါအရ ဘောလ်ပင်တွေကို မသုံးမဖြစ်သုံးနေကြရပေမယ့် ဖောင်တိန်သုံးခဲ့ဖူးသူတွေအတွက်တော့ ဖောင်တိန်ဟာ ရည်းစားဟောင်းပါပဲ။ အကြောင်းတစ်စုံတစ်ရာ တိုက်ဆိုင်တိုင်း သတိရကြတုန်း၊ လွမ်းကြတုန်း၊ လွမ်းမယ်ဆိုလည်း လွမ်းစရာလေ။ နှစ်ပေါက်အောင် ကိုယ်နဲ့မကွာ ကိုင်ဆောင်ထားပြီး အသုံးတည့်လှတဲ့ ပစ္စည်းတစ်ခုကို မြန်မာရုပ်ရှင်ကားထဲကလို တိခနဲ ဖြတ်ချလိုက်ကြရတာကိုး။မြန်မာရုပ်ရှင်ကားတွေထဲမှာ မင်းသားနဲ့ မင်းသမီးက ချစ်လို့မဝသေးဘူး၊ မင်းသမီးအဖေက ဘယ်ကဘယ်လို ရလာမှန်းမသိတဲ့ နှလုံးရောဂါက ဗီလိန်နေရာက ပါသလို ဖြတ်ချလိုက်တာမျိုးလေ။

ဖောင်တိန်နဲ့ပတ်သက်လို့ သမစာရေးကြီးအကြောင်းကလည်း စိတ်ဝင်စားဖို့ ကောင်းတယ်။ သမဝါယမစာရေးကြီးရဲ့တိုက်ပုံပေါ်က ဖောင်တိန်တွေကလည်း သတိရစရာပေါ့။ သမစာရေးကြီးက ဖောင်တိန်နှစ်ချောင်း သူ့တိုက်ပုံမီးခိုးရောင်ပေါ်မှာအမြဲချိတ်ထားတာလေ။ စီမံကိန်းစီးပွားရေးကနေ ဈေးကွက်စီးပွားရေးကို အပြောင်းမှာ စာရေးကြီးလည်း အနားရသွားသလိုသူ့ဖောင်တိန်တွေလည်း သမလုပ်ငန်းမှာ ပင်စင်ရသွားတယ်။ဒါပေမဲ့ သမဝါယမခေတ်တစ်လျှောက်လုံး လက်ဖက်ရည်သောက်လာတဲ့အကျင့်က မပျောက်တော့ မနက်လင်းတာနဲ့ စာရေးကြီးကလက်ဖက်ရည်ဆိုင်တော့ ထိုင်လိုက်သေးတာပဲ။ လက်ဖက်ရည်ဆိုင်ရောက်ရင် စားပွဲထိုးလေးတွေဆီက စီးကရက်ဘူးထဲပါတဲ့စာရွက်တစ်ရွက်လောက် တောင်းပြီး သူ့ဖောင်တိန်ကို အလုပ်ဆက်ပေးတယ်။ အလယ်တိုင်က ဘာ၊ ဘရိတ်က ဘယ်လို၊ ပေါင်းခြင်းက ဘယ့်နှယ်ဆိုပြီး လက်ဖက်ရည်ဝိုင်းက လူတွေကို ကိန်းဂဏန်းတွေ တွက်ချက်ပြသေးတာပေါ့။

စာရေးကြီးတစ်ယောက်ဘာအလုပ်မှ မည်မည်ရရ မလုပ်ဘဲ လက်ဖက်ရည်ဆိုင်မှာအပေါင်းအသင်းတွေနဲ့ လေကန်နေတာကို စာရေးကြီးကတော်ကမျက်စိစပါးမွေးစူးနေတယ်။ ဒါပေမဲ့ သမခေတ်တစ်လျှောက်လုံးမှာသားဝမယားဝရုံ ရှာဖွေကျွေးမွေးခဲ့တာလေးလည်း ရှိနေတော့မပြောသာဘူး။ မနက်မိုးလင်းတာနဲ့ ဖောင်တိန်နှစ်ချောင်း အိတ်ထောင်ချိတ်ပြီး လက်ဖက်ရည်ဆိုင်လေးထိုင်လိုက်ရမှ စာရေးကြီးက နေသာထိုင်သာရှိတာ။ ဆိုင်က လက်ဖက်ရည်ကို သောက်တယ်ဆိုတာထက် အနားပေးထားရတဲ့ ဖောင်တိန်နှစ်ချောင်းကိုအလုပ်ပေးရတာက အဓိကလို့ပြောရင် ပိုမှန်မလားပဲ။

သမဝါယမက အနားယူပြီး လေး၊ ငါးလ အကြာမှာ စာရေးကြီး လက်ဖက်ရည်ဆိုင်ကို မသွားတော့ဘူး။ အိမ်မှာပဲ တမှိုင်မှိုင်နဲ့ နေတော့တယ်။စာရေးကြီးရဲ့ အငယ်ဆုံးသားက အရပ်ထဲ ဖောင်တိန်တွေ၊ နာရီတွေ ဝယ်တယ်ဆိုတဲ့သူတွေထံ စာရေးကြီး အမြတ်တနိုးထားတဲ့ဖောင်တိန်တွေကို ရောင်းလိုက်တာလေ။တန်ဖိုးကြီးကြီး ပေးဝယ်ထားရတာ မဟုတ်ပေမယ့် လေး၊ငါးနှစ် ကိုယ်နဲ့မကွာ ဆောင်ထားတဲ့ ပစ္စည်းတစ်ခု (တကယ်တော့ဖောင်တိန်က နှစ်ချောင်းပါ) လက်လွှတ်ဆုံးရှုံးလိုက်ရတာကြောင့်စာရေးကြီးတစ်ယောက် တမှိုင်မှိုင်ဖြစ်နေတာလေ။စာရေးကြီးကတော်က စာရေးကြီးစာရေးဖို့အတွက် ခေတ်ပေါ်ဘောလ်ပင်လေးတွေ အစားပြန်ဝယ်ပေးပေမယ့် စာရေးကြီးအာသာမပြေဖြစ်ရတယ်။

အစားပျက်သလိုလို၊ ခံတွင်းမလိုက်သလိုလို ဖြစ်လာတယ်။ တိုတိုပြောရရင် ဖောင်တိန်ရောင်းပြီးတစ်လမရှိတရှိအချိန်လောက်မှာပဲ စာရေးကြီး ကွယ်လွန်သွားတယ်။ နဂိုက ဘာရောဂါမှ ကြီးကြီးမားမား မရှိပါဘဲ ဖောင်တိန်ရောင်းပြီးပါမှ ကွယ်လွန်သွားတာဆိုတော့ အရပ်ထဲကလူတွေကဖောင်တိန်ရောဂါလို့ တပ်လိုက်ကြတယ်။တကယ်တော့ ဒီနေ့ခေတ်မှာ ငွေကြေးတတ်နိုင်မယ်ဆိုရင်ဒီဖောင်တိန်ကို ဝယ်လို့ ရနေသေးတယ်။ ဖောင်တိန်တစ်ချောင်းကိုကျပ် လေး၊ ငါးထောင်ကနေ ဆယ့်လေးငါးသိန်းအထိရှိနေတယ။်ပိုင်းလော့တို့၊ ပတ်ကားတို့မှသည် ခရော့စ်တို့၊ မောင့်ဘလန့်တို့အထိ ဝယ်လို့ရတယ်။ ဒါပေမဲ့ ခေတ်အခြေအနေအရ လူတော်တော်များများက ဘောလ်ပင်ကိုပဲ သုံးနေကြတယ်။

ဘောလ်ပင်သးုံ စွဲမှုအားက တစ်နိူင်ငံလုံး အတိုင်းအတာနဲ့ဆို သန်းချီပြီး ရှိနိူင်တယ်။ ကျောင်းသူကျောင်းသား၊ ရုံးသူရုံးသား၊ စာရေးစာချီ၊ အမှုထမ်း၊ အရာထမ်းအားလုံး ဘောလ်ပင်နဲ့ မကင်းနိုင်ဘူးလေ။ဒါပေမဲ့ ပြည်တွင်းမှာ ဘောလ်ပင်ကောင်းကောင်း အခုအချိန်အထိ မထုတ်လုပ်နိုင်သေးဘူ။ တင်သွင်းဖြန့်ချိတာတော့ ရှိတာပေါ့လေ။ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဗီယက်နမ်၊ ဂျပန်၊ ကိုရီးယားတို့ကနေ တင်သွင်းနေတဲ့အပြင် ယူကေ၊ ယူအက်စ်၊ ဆွဇ်၊ ဂျာမနီတို့ဘက်က ဘောလ်ပင်တွေလည်း ဈေးကွက်ထဲမှာ တစ်ခါတစ်ရံတွေ့ရတတ်တယ်။ လွတ်လပ်ရေးရတာ နှစ်ခြောက်ဆယ်ကျော်ပေမယ့် ဘောလ်ပင်တောင် အဖြစ်ရှိအောင် မထုတ်နိုင်သေး၊ ဂြိုဟ်တုတို့၊ ဒုံးပျံတို့၊ နာနိုနည်းပညာတို့ အိပ်မက်ကို မမက်နဲ့ဦး။

ဘောလ်ပင်လုံးဝမထုတ်တာတော့ မဟုတ်ဘူး၊ ထုတ်တော့ ထုတ်ခဲ့သေးတယ်၊ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်ကာလကပေါ့။ မြဝတီအမှတ်တံဆိပ်နဲ့ ထုတ်ခဲ့ကြတာ။ ကျွန်တော်လည်း ဝယ်ပြီး သုံးခဲ့ဖူးသေးတယ်။ ကျွန်တော့်အတွေ့အကြုံအရတော့ တစ်ခါမှ မင်ကုန်အောင် မသုံးခဲ့ရဘူး။ ဘောလ်သီးကျွတ်ရင် ကျွတ်မယ်၊ ဒါမှမဟုတ်ရင် မင်ယိုမယ်၊ အခန့်မသင်ရင် ထိပ်ကို ထိန်းထားတဲ့ ကာဗာကွဲတာမျိုးကလည်း ရှိတတ်တော့ မင်ကုန်လို့ ပစ်လိုက်ရတယ်ဆိုတာ မရှိတော့ဘူးပေါ့။ကျွန်တော်တို့အလယ်တန်းကျောင်းသားဘဝမှာ ဘောလ်ပင်မင်ကုန်တဲ့အခါ မင်ချောင်းပြန်ဝယ်ထည့်တဲ့ ဓလေ့ ရှိခဲ့ပေမယ့်အခုခေတ်မှာ ဘယ်သူမှ မင်ချောင်းဝယ်မထည့်တော့ဘူး။

မင်ကုန်တာနဲ့ လွှင့်ပစ်လိုက်ကြပြီ။ ဘောလ်ပင်တွေလည်းတစ်ခါသုံး ဖြစ်ကုန်ပါရောလား။ အခုတော့ ဘောလ်ပင်တင်မကတော့ပါဘူး။ တစ်ခါသုံး ဖော့ဘူး၊ တစ်ခါသုံး ဝါးတူ၊ တစ်ခါသုံးသောက်ရေခွက်တွေ စုံလို့၊ ပြောရမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ဆိုဆိုက်တီ (Society) ကြီးတစ်ခုလုံး တစ်ခါသုံး လူ့အဖွဲ့အစည်းဖြစ်နေပါပကော။လူ့အသုံးအဆောင်ပစ္စည်းတွေ တစ်ခါသုံးဖြစ်တာ (ကျန်းမာရေးရှုထောင့်က ကြည့်ရင်) ကောင်းတယ်လို့ဆိုပေမယ့် တစ်ခါသုံးမိတ်ဆွေ၊ တစ်ခါသုံးကတိတွေအထိ သုံးစွဲလာကြရင်ဖြင့် လူ့အဖွဲ့အစည်းအတွက် ရင်လေးစရာ ဖြစ်လာနိုင်တယ်လေ။

ကျွန်တော့်ဦးလေးတစ်ယောက် ဖောင်တိန်စွဲလမ်းပုံကလည်း သြချလောက်တယ်။ သူက သွားစရာ၊ လာစရာရှိရင်တိုက်ပုံလေးကောက်ဝတ်ပြီး တိုက်ပုံပေါ်မှာ အဘိုးရဲ့ ပတ်ကားဖောင်တိန်လေးကို မမေ့မလျော့ချိတ်တယ်။ တကယ်တော့ ဦးလေးချိတ်တယ်ဆိုတဲ့ ဖောင်တိန်ဟာ ဖောင်တိန်အင်္ဂါရပ်တွေနဲ့ ပြည့်စုံတဲ့ဖောင်တိန်တစ်ချောင်းတော့ မဟုတ်ဘူး။ အိတ်ထောင်က ဖြုတ်လိုက်ရင် ဖောင်တိန်အဖုံးပဲ ပါလာမှာပါ။ ဖောင်တိန်ပါလာမှာမဟုတ်ပါဘူး။ ဦးလေးချိတ်ထားတာကလည်း ဖောင်တိန်အဖုံးလေးတစ်ခုပါပဲ။ ကျွန်တော်တို့က အဲဒီအကြောင်း ဦးလေးကို မေးတဲ့အခါ ဦးလေးက တည်တည်ငြိမ်ငြိမ်ပဲ ပြန်ပြောပြတယ်။ ဖောင်တိန်အဖုံးပင် ဖြစ်လင့်ကစားအဘးို အသးုံ ပြုခဲ့တဲ့  ဖောင်တိန်အဖုံးလေးဖြစ်တာကြောင့် ကိုယ်နဲ့မကွာဆောင်ထားတဲ့အခါ စိတ်လုံခြုံမှုကို ရစေသတဲ့။ ကျွန်တော်တို့ဦးလေးက အဲဒီလိုမျိုး။ မတော်တဆ လူတစ်ယောက်က ဖောင်တိန်ခဏငှားစမ်းပါဆိုရင် ဖောင်တိန်အဖုံးကိုသာ ချိတ်ထားတဲ့ဦးလေး ဘယ်လိုဖြေရှင်းမှာပါလိမ့်လို့ သိချင်မိတယ်။

ဦးလေးကို အားမနာနိုင်ဘဲ အဲဒီမေးခွန်း မေးမိတယ်။ ဦးလေးကတော့ ပြုံးပြုံးပါပဲ။ အဲဒီလို အ္တရာယ်တွေအတွက်လည်း သေသေချာချာ ပြင်ဆင်ခဲ့ပုံရတယ်။ တိုက်ပုံအင်္ကျီအောက်ကို လှစ်ပြလိုက်တယ်။ တိုက်ပုံအင်္ကျီအောက်က လည်ကတုံးအဖြူရောင်ရှပ်အင်္ကျီ အိတ်ထောင်မှာ ယူနီဘောလ်ရောင်စုံ ဘောလ်ပင်သုံးချောင်းက ကျွန်တော်တို့ကို လှောင်ပြတယ်။အခုတော့ ဈေးကွက်စီးပွားရေးလို့ တွင်တွင်အော်လာတာအနှစ်နှစ်ဆယ်ကျော်လာပါပြီ။ ဈေးကွက်ထဲက စာရေးကိရိယာဆိုင်(အချို့)မှာ တကူးတက လိုက်ရှာဝယ်မယ်ဆိုရင် ဖောင်တိန်တစ်ချောင်းလောက်တော့ ဝယ်လို့ရနိုင်ပါပြီ။ လူ့အဖွဲ့အစည်းရဲ့ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးနယ်ပယ်အသီးသီးမှာ တာဝန်ကျေခဲ့တဲ့ ဖောင်တိန်တစ်ချောင်း မဖြစ်မနေဝယ်ယူပြီး ဦးလေးကို လက်ဆောင်ပေးရပါဦးမယ်။ ကျွန်တော်ကိုယ်တိုင်လည်းဖောင်တိန်တစ်ချောင်းလောက် အိတ်ထောင်မှာ ချိတ်ထားချင်ပါသေးတယ်။ ဖောင်တိန်ကောင်းကောင်း ရောင်းတဲ့ဆိုင်တွေ့ရင်ကျွန်တော့်ကို နတ်လမ်းòန်စေလိုပါတယ်။ မိတ်ဆွေတို့ဆီကလည်း ဖောင်တိန်ပုံပြင်တွေ ကြားချင်သေးတယ်။ ဆန္ဒရှိရင် ပြောပြကြစေလိုပါတယ်။ ဆုံကြဦးမယ်လေ၊ ပျော်ပျော်ပါးပါးပေါ့။

[ ပြီးပါပြီ။ ]

 

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."