တိမ်မြုပ်နေသော ယဉ်ကျေးမှု အမွေအနှစ်တစ်ခု(သို့မဟုတ်) မြို့ဟောင်းတစ်ခုရဲ့ ညည်းတွားသံ

Photo: Lu Zaw Han

၂၀၁၃၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၆)မှ အမေ့ခံဆောင်းပါး ဖြစ်သည်။

လူဇော်ဟန် ရေးသည်။

ကျွန်တော်ဟာ မြို့ဟောင်းတစ်ခုပါ။ မြို့ဟောင်းလို့ ကိုယ့် ကိုယ်ကိုယ် ခံယူထားပေမယ့် လူတွေက ကျွန်တော့်ကို မေ့လျော့ နေကြပါတယ်။ ကျွန်တော့်ကို လူအများစုက လူငယ်လေးလို့ပဲ ထင်ကြတယ်။ ထင်ချင်စရာကောင်းအောင်လည်း ကျွန်တော်က တက်ကြွလန်းဆန်းနေခဲ့တာကိုး။ ရန်ကုန်-မ္တလေးကားလမ်းပေါ် မှာ တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေးလည်း ကောင်း၊ စီးပွားရေး လည်း ဖွံ့ဖြိုးတဲ့ မြို့တော်အဖြစ် ကျွန်တော့်ကို မြင်ကြတော့ ကျွန် တော်ဟာ အများအမြင်မှာ နုပျိုနေတာမဆန်းပါဘူး။ ကျွန်တော် ဟာ မြို့ပြရဲ့ အငွေ့အသက်တွေ လွှမ်းခြုံပြီး ဆိုင်ကယ်ပေါ်က ဂျင်း ဘောင်းဘီဝတ်လူငယ်တွေ၊ စကတ်အတိုဝတ်တတ်တဲ့ ခေတ် သမီးပျိုတွေနဲ့ ဘီယာဆိုင်တွေ၊ KTVတွေ၊ ဟိုတယ်တွေကို ထမ်းပိုးထားတဲ့ မြို့ဟောင်းတစ်ခုပေါ့။

            တကယ်တော့ ကျွန်တော့်သက်တမ်းက မနည်းတော့ပါဘူး။ ဖြတ်သန်းခဲ့တဲ့ ခေတ်တွေလည်း များခဲ့ပါပြီ။ ကျွန်တော့်ရဲ့ ထင်ရှား ခဲ့တဲ့ ကာလတွေကို ပြန်ပြောရရင် မြန်မာ့သမိုင်းစာမျက်နှာမှာ ရာဇာဓိရာဇ်အရေးတော်ပုံလို့ ထင်ရှားတဲ့ မွန်-မြန်မာ အနှစ် ၄ဝ စစ်ပွဲကာလရှည်ကြီးမှာ မွန်ဘုရင်တွေဟာ ကျွန်တော့်ကို မင်းနေ ပြည်တော်အဖြစ် သတ်မှတ်ပြီး စိုးစံခဲ့ကြပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော်ဟာ သမိုင်းမှာ ထင်ရှားခဲ့ဖူးတဲ့ ဟံသာဝတီမင်းနေပြည် တော်တစ်ဖြစ်လဲ ပဲခူးမြို့ပေါ့။

            ကျွန်တော့်နာမည်ကို အခုခေတ်မှာ ပဲခူးလို့ လူသိများပေမယ့် လူတိုင်းရဲ့ ပါးစပ်ဖျားကတော့ ဗဂိုးလို့ အသံထွက်ခေါ်ဝေါ်ကြ ပါတယ်။ ဗဂိုးဆိုတဲ့ အမည်ဟာ ကျွန်တော် မင်းနေပြည်တော်ဘဝ မရောက်ခင်ကတည်းက မွန်လူမျိုးတွေ ပေးခဲ့တဲ့ နာမည်ပါ။ မွန် ဘာသာစကား ဗဂေါဝ်က ဆင်းသက်လာတာဖြစ်ပြီး လှပတယ်လို့ အနက်အဓိပ္ပာယ်ရပါတယ်။ ပုဂံခေတ်တုန်းကတော့ ကျွန်တော် ဟာ ပုဂံပြည်ရဲ့ လက်အောက်ခံနယ်တစ်နယ်ဖြစ်ခဲ့ပြီး တစ်စတစ်စ အင်အားကြီးထွားလာရာက ရာဇာဓိရာဇ်လက်ထက်မှာတော့ အင်းဝနဲ့ အင်အားချင်းပြိုင် စစ်ခင်းနိုင်ခဲ့တဲ့ အင်အားကြီးမြို့ပြအင် ပါယာတစ်ခု ဖြစ်လာခဲ့ပါတယ်။ ရာဇဝင်ထဲက မွန်သူရဲကောင်းတွေ ဖြစ်တဲ့ သမိန်ဗရမ်းတို့၊ လဂွန်းအိမ်တို့ဆိုတာ ကျွန်တော့်အတွက် ပြန်ပြောပြလို့ မရိုးနိုင်တဲ့ သူရဲကောင်းဇာတ်လမ်းတွေပေါ့။

            ရာဇာဓိရာဇ်လက်ထက်နောက်ပိုင်းမှာတော့ တောင်ငူ ဘုရင် တပင်ရွှေထီးရဲ့ ယောက်ဖတော် ကျော်ထင်နော်ရထာက ဟံသာဝတီကို သိမ်းပြီး မွန်-မြန်မာစည်းလုံးမှုကို တည်ဆောက်ခဲ့ တယ်။ ကျော်ထင်နော်ရထာဟာ ကမ္ဘောဇသာဒီနန်းတော်ကို တည်ထောင်ပြီး ဘုရင့်နောင်ဘွဲ့အမည်နဲ့ စည်ပင်ဝပြောတဲ့ ဒုတိယမြန်မာနိုင်ငံတော်ကို တည်ထောင်အုပ်ချုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော့်အတွက်တော့ ဒုတိယမြန်မာနိုင်ငံရဲ့ မင်းနေပြည်တော် အဖြစ် ထင်ရှားခဲ့တဲ့ ကာလတွေပဲပေါ့။

            ဒီနေ့ခေတ်မှာ လူတွေသတ်မှတ်ထားတဲ့ ကျွန်တော့်ရဲ့ မြို့ လယ်ကောင်ဆိုတဲ့ နေရာမှာ ရွှေမော်ဓောဘုရား၊ နာရီစင်နဲ့ ပဲခူး မြို့အထိမ်းအမှတ် ဟင်္သာရုပ်ရှိတဲ့ ရေကန်တွေကို တွေ့မြင်နိုင်ပါ တယ်။ ရွှေမော်ဓောဘုရားဟာ ရာဇာဓိရာဇ်လက်ထက်မတိုင်ခင် ကတည်းက ရှိနှင့်ခဲ့တဲ့ စေတီဖြစ်ပြီး ရာဇာဓိရာဇ်ရဲ့ သမီးတော် ရှင်စောပုဘုရင်မလက်ထက်မှာ ပြုပြင်မွမ်းမံခဲ့လို့ သာသနာရောင် ဝါ ထွန်းလင်းခဲ့တဲ့ သမိုင်းဝင်စေတီတစ်ဆူဖြစ်တဲ့အပြင် ဒီနေ့ ထက်ထိ ပဲခူးမြို့ရဲ့အထင်ကရလည်ပတ်ဖူးမြော်စရာ နေရာတစ်ခု အဖြစ် တည်ရှိနေခဲ့ပါတယ်။ ရွှေမော်ဓောဘုရားနဲ့ နာရီစင်အနီးက ပဲခူးမြို့အထိမ်းအမှတ် ဟင်္သာရုပ်ကို ပဲခူးရောက်ဖူးသူတိုင်း မြင် တွေ့ဖူးမှာ ဖြစ်ပေမယ့် ဟင်္သာရုပ်ရဲ့ မလှမ်းမကမ်းက ဆိုင်းဘုတ် တစ်ခုကိုတော့ ဒေသခံမဟုတ်တဲ့ ဖြတ်သွားဖြတ်လာခရီးသွားတွေ အနေနဲ့ သတိထားမိဖို့ မလွယ်ပါဘူး။ အဲဒီဆိုင်းဘုတ်မှာ ‘ဟံသာ ဝတီနေပြည်တော် သာယာဝတီတံခါး ၁၅၆၆-၁၅၉၉’လို့ ရေးထား ပါတယ်။ ဒီဆိုင်းဘုတ်ဟာ ၁၆ ရာစု၊ ဘုရင့်နောင်လက်ထက်က မြို့ရဲ့ အနောက်ဘက်ဝင်ပေါက်အဖြစ် အသုံးပြုခဲ့တဲ့ တံခါးပေါက် နေရာဆိုတာကို သက်သေခံနေတာပါ။ ခင်ဗျားတို့ မြင်နေရတဲ့ ဟင်္သာရုပ်တည်ရှိတဲ့ ရေကန်ငယ်ဟာလည်း ချုံနွယ်ပိတ်ပေါင်း တွေ၊ အမှိုက်တွေကြောင့် ပျက်စီးတိမ်ကောစပြုနေတဲ့ တစ်ခေတ် တစ်ခါက မြို့ရိုးကို ပတ်လည်ဝိုင်းထားတဲ့ ကျုံးရေပြင်ပါပဲ။

            ကျွန်တော်ဟာ စစ်မက်ထူပြောတဲ့ သမိုင်းကာလမှာ တည် ဆောက်ခဲ့တဲ့ မြို့ဟောင်းတစ်ခုဖြစ်တာကြောင့် မြို့ရိုး၊ မြို့တံခါး၊ ကျုံးစတဲ့ အင်္ဂါရပ်တွေနဲ့ ဆောက်လုပ်ထားတဲ့ သက်သေသာဓက တွေကို ဒီနေ့အထိ ထိန်းသိမ်းထားဆဲပါ။ ဒါပေမဲ့ ကျွန်တော်က ထိန်းသိမ်းထားချင်တဲ့ ဆန္ဒကိုပဲ ပိုင်ဆိုင်ပါတယ်။ တကယ်ထိန်း သိမ်းရမှာက ကျွန်တော့်ကို မှီတင်းနေထိုင်တဲ့ ခေတ်အဆက်ဆက် က လူပုဂ္ဂိုလ်တွေပါပဲ။ လူတွေရဲ့ ခေတ်အဆက်ဆက် လက်ဆင့် ကမ်းထိန်းသိမ်းမှု အားနည်းခဲ့တာကြောင့် ကျုံးရေပြင်ဟာ လေး ဖက်လေးတန်စလုံးကို ထင်ထင်ရှားရှား မမြင်ရတော့သလို နန်းမြို့ရိုးဟာလည်း ပျောက်ကွယ်လုအနေအထားမှာ ရောက်ရှိ နေခဲ့ပါပြီ။ မြို့လယ်ကောင်က ရေကန်လို့ ထင်မှတ်ရတဲ့ ကျုံးရေ ပြင်က ပြာလွင်ကြည်လင်နေပေမယ့် မြို့ရဲ့ တခြားအရပ်မျက်နှာ တွေမှာ ရှိတဲ့ ကျုံးရေပြင်ရဲ့ ကံကြမ္မာကတော့ နှမြောတသစရာ ပျောက်ဆုံးတိမ်ကောစပြုနေပါပြီ။ ဒါပေမဲ့ ကျုံးရေပြင်က ယဉ် ကျေးမှုအမွေအနှစ်တစ်ခုအနေနဲ့ ပြန်ဆယ်ယူချင် ဆယ်ယူလို့ရ နိုင် တဲ့ အနေအထားမှာ ရှိနေပါသေးတယ်။ မြို့ရိုးကတော့ ပြန် တည်ဆောက်ဖို့ မဖြစ်နိုင်တော့ဘဲ လက်လွှတ်ဆုံးရှုံးရတော့မယ့် အနေအထားမှာ ရောက်ရှိနေခဲ့ပါပြီ။

            ကျွန်တော့်စိတ်ထဲ ပထမမြန်မာနိုင်ငံတော်အဖြစ် ထင်ရှား ခဲ့တဲ့ နောင်တော်ပုဂံမြို့ကို အရင်ဆုံးသတိရမိပါတယ်။ ပုဂံဟာ သမိုင်းစာမျက်နှာတွေမှာသာမက ဒီနေ့အချိန်အထိ ခမ်းနားနေ ဆဲ မြို့ဟောင်းတစ်ခုပါ။ ပြည်တွင်းက ဘုရားဖူးဧည့်သည်တွေ၊ ပြည်ပက ကမ္ဘာလှည့်ခရီးသည်တွေနဲ့ ကမ္ဘာအနှံ့က သမိုင်းသုတေ သီတွေ၊ ဗိသုကာပညာရှင်တွေ စိတ်ဝင်တစား လာရောက်လေ့လာ နေတဲ့ သမိုင်းဝင်မြို့ဟောင်းကြီးပဲပေါ့။ ဝန်ခံရရင် ကျွန်တော်လေး စားအားကျလို့မဆုံးတဲ့ မြို့ဟောင်းကြီးပေါ့ဗျာ။ ကျွန်တော်က လည်း ဒုတိယမြန်မာနိုင်ငံတော် ဖြစ်ခဲ့ဖူးတဲ့ မာနအခံက ရှိနေ တော့ နောင်တော်ပုဂံကို အားကျမိတာ မလွန်ဘူးထင်ပါတယ်။

            ကမ္ဘာမှာ ယဉ်ကျေးမှုအမွေအနှစ်၊ သဘာဝအမွေအနှစ်၊ ယဉ်ကျေးမှုနှင့် သဘာဝအလှအပများ ရောယှက်နေသည့် အမွေ အနှစ်၊ စက်မှုအမွေအနှစ်ဆိုပြီး အမွေအနှစ် (Heritage) လေး မျိုး ရှိတယ်လို့ မှတ်သားဖူးပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ တော့ ယဉ်ကျေးမှုအမွေအနှစ်တွေ ကြီးကျယ်ခမ်းနားစွာ ထွန်း ကားခဲ့ဖူးပါတယ်။

            လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ထွန်းကားခဲ့တဲ့ မြန်မာ့ယဉ်ကျေးမှုအဆင့်အတန်းဟာ အာရှနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ လက်မ ထောင်နိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ ပုဂံ၊ အင်းဝ၊ စစ်ကိုင်း၊ မန္တလေး၊ ရွှေဘို၊ အမရပူရ၊ တောင်ငူ၊ သရေခေတ္တရာ(ပြည်)၊ ဟံသာဝတီ (ပဲခူး)၊ သထုံနဲ့ မြောက်ဦးစတဲ့ ဒေသတစ်ဝိုက်မှာ မင်းနေပြည် တော် (သမိုင်းဝင်မြို့ဟောင်း) အများအပြားပေါ်ထွက်ဖူးပါတယ်။ ဒါပေမဲ့ အထင်ရှားဆုံးဖြစ်တဲ့ ပထမမြန်မာနိုင်ငံတော်ဖြစ်ဖူးတဲ့ ပုဂံမြို့ဟောင်းတစ်ခုပဲ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင် တဲ့ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ထင်ရှားပါတယ်။ ရွှေတိဂုံ၊ ကျိုက်ထီးရိုးစတဲ့ စေတီတွေဟာလည်း ကမ္ဘာလှည့်ခရီးသည်တွေ ကို ဆွဲဆောင်နိုင်တဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ ဖြစ်ပေမယ့် မြို့ ဟောင်းတစ်ခုအနေနဲ့ ဆွဲဆောင်နိုင်တာမျိုးကတော့ ပုဂံဟာ အထင်ရှားဆုံးပါပဲ။

            မြန်မာနိုင်ငံရဲ့ ဒုတိယမြို့တော်ဟောင်းနဲ့ တတိယမြို့တော် ဟောင်းတွေ ဖြစ်ကြတဲ့ ဘုရင့်နောင်ရဲ့ ဟံသာဝတီ(ပဲခူး)နဲ့ အလောင်းမင်းတရားရဲ့ ရွှေဘိုမြို့တွေကို ပုဂံလို ရှေးဟောင်းမြို့တွေ ဖြစ်လာအောင် ထိန်းသိမ်းစောင့်ရှောက်စေချင်တာ ကျွန်တော့်ရဲ့ အကြီးမားဆုံးဆန္ဒပါပဲ။ ကျွန်တော့်လောက် သက်တမ်းမရင့်တဲ့ မန္တလေးရွှေမြို့တော်ကို ကြည့်လိုက်တိုင်း ကျွန်တော် အားငယ် သလို၊ ဝမ်းနည်းသလို ခံစားရပါတယ်။ မန္တလေးနန်းတွင်းနဲ့ ကျုံး ဟာဆိုရင် မြို့ရဲ့ ကျက်သရေမင်္ဂလာနဲ့ ပြည့်စုံတဲ့ ယဉ်ကျေးမှုအမွေ အနှစ်ဖြစ်သလို အများပြည်သူအပန်းဖြေရာနေရာလည်း ဖြစ်ပါ တယ်။ ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်နိုင်တဲ့ ဂုဏ်သရေရှိ နေရာတစ်ခုလည်း ဖြစ်နေပါတယ်။

            ကျွန်တော့်မှာလည်း ယဉ်ကျေးမှုအမွေအနှစ်တွေ ရှိသင့် သလောက် ရှိနှင့်ပြီးသားပါ။ ရွှေမော်ဓောစေတီ၊ ရွှေသာလျောင်း စေတီ၊ ရွှေရောင်အေးစေတီ၊ ရွှေဘုန်းပွင့်စေတီနဲ့ မဟာစေတီတို့ လို ယဉ်ကျေးမှုအမွေအနှစ်တွေ ရှိပေမယ့် မြို့ဟောင်းတစ်ခုရဲ့ ဖြစ် တည်မှုကို သက်သေပြနိုင်မယ့် အထောက်အထားတွေကတော့ ကျွန်တော့်မှာ အားနည်းနေပါပြီ။ အားနည်းတာကို ဆက်ပြီး မပြု ပြင် မထိန်းသိမ်းနိုင်ရင် ကျွန်တော် ပြိုလဲပျက်စီးသွားရတော့မှာပါ။

            ကျွန်တော့်ရဲ့ မြို့လယ်ကောင်က ပြာလွင်နေတဲ့ ရေကန်ကို ကြည့်ပါ။ ကျုံးရေပြင်ကို အကောင်းပကတိ ထိန်းသိမ်းထားနိုင်တဲ့ နေရာပေါ့။ ရန်ကုန်က လာရင် ပဲခူးမြစ်ကို ဖြတ်ကူးပြီးတာနဲ့ ပဲခူး မြစ်နဲ့ အပြိုင်တွေ့ရတဲ့ ရေကန်တစ်ဖြစ်လဲ အနောက်ဘက်ကျုံးရေ ပြင်ပေါ့။ ရေကန်(ကျုံးရေ)ကို ရန်ကုန်-မန္တလေးကားလမ်းက ကန့် လန့်ဖြတ်ဖောက်လုပ်ထားတာပါ။ ရေကန်ကနေ ကားလမ်းရဲ့ မျက်နှာချင်းဆိုင်ဘက်ကို ကြည့်လိုက်ရင် အထက်တန်းကျောင်း တစ်ကျောင်းကို တွေ့ရမှာပါ။ အဲဒီစာသင်ကျောင်းဟာ အနောက် ဘက်မြို့ရိုးပေါ်မှာ ဆောက်လုပ်ထားတာဖြစ်ပြီး ကျုံးရေပြင်ထဲကို လည်း တစ်ဝက်လောက် ရောက်ရှိနေပါတယ်။ ကျုံးရေပြင်က တော့ စာသင်ကျောင်းရဲ့ ဘေးကပ်လျက်မှာ ရေဆိုးမြောင်းတစ်ခု အဖြစ်နဲ့ လူတွေရဲ့ ဥပေက္ခာပြုခြင်းကို ခံနေရပါတယ်။

            အလားတူရှုခင်းမျိုးတွေက အရပ်မျက်နှာတိုင်းမှာ မမြင် ရက်စရာဖြစ်ပေါ်နေပါပြီ။ ပဲခူးမြစ်ကြောင်းက ချီတက်လာမယ့် ရန်သူတပ်တွေကို ကာကွယ်တဲ့အနေနဲ့ ဖောက်လုပ်ခဲ့တဲ့ အနောက်ဘက်ကျုံးရေပြင်အပါအဝင် မြောက်ဘက်နဲ့ အရှေ့ မြောက်ဘက်ကျုံးရေပြင်တွေဟာ မြို့ပြရဲ့ ဝါးမျိုမှုအောက်မှာ ဖြစ် တည်မှုတွေ ဆုံးရှုံးလွင့်ပျောက်နေရပါတယ်။ ကျုံးရေပြင်ဟာ ရေ ဆိုးမြောင်းအဖြစ် တစ်သွယ်၊ နောက်ဖေးလမ်းကြားအဖြစ် တစ်ဖုံ၊ ကားလမ်းဘေးက အမှိုက်ပုံအဖြစ် တစ်နည်း၊ လူနေရပ်ကွက် အဖြစ် တစ်မျိုး၊ စိုက်ခင်းများအဖြစ် တစ်ခါ စသဖြင့် အကယ်ဒမီ ပြကွက်တွေလို ဂုဏ်ပုဒ်တွေ များပြားလှပါတယ်။

            ကျုံးရေပြင်ကို အလွယ်တကူ မြင်တွေ့ခန့်မှန်းနိုင်သေးပေ မယ့် ကျုံးနဲ့ အပြိုင်တည်ရှိနေတဲ့ မြို့ရိုးကတော့ မြို့ပြရဲ့ ဝါးမျိုမှုကို အဆမတန် ခံခဲ့ရပြီးပါပြီ။ ကျုံးနဲ့အပြိုင်တည်ရှိတဲ့ တောင်ကုန်းမို့ မို့လေးတိုင်းဟာ တစ်ချိန်က နန်းမြို့ရိုးပဲဖြစ်ပါတယ်။ တောင်ကုန်း တွေ အနားကပ်ပြီး မြေသားကို သေချာလိုက်ကြည့်ရင် ညီညီညာ ညာစီထားတဲ့ အုတ်ချပ်တွေကို မြေကြီးထဲမှာ အထင်အရှားတွေ့ နိုင်ပါတယ်။ တောင်ကုန်းတွေရဲ့အထက်မှာ ဘုန်းကြီးကျောင်းနဲ့ စေတီငယ်တွေကို အများအပြားတွေ့ရပါတယ်။ စေတီအောက်က မြေကြီးထဲမှာ ထိုးထွက်နေတဲ့ အုတ်ချပ်အစီအရီတွေ၊ ဘုန်းကြီး ကျောင်းပေါ်တက်တဲ့ လမ်းနံဘေးမြေသားထဲက အခုခေတ် အုတ် ခဲနဲ့ မတူတဲ့ အုတ်ချပ်ပြားပြားကြီးတွေဟာ ထိန်းသိမ်းစောင့် ရှောက်မှု အားနည်းခဲ့လို့ ဖြစ်ပေါ်လာရတဲ့ အကျိုးဆက်တွေပါ။ ကျွန်တော် ဘယ်သူ့ကိုမှ အပြစ်မတင်ချင်ပါဘူး။ အခုပြောနေတာ ကျွန်တော့်ရဲ့ ညည်းတွားသံသက်သက်ပါ။ ကျွန်တော့်ညည်းတွား သံကြောင့် သာသနိကအဆောက်အအုံတွေကို မထိခိုက်စေချင်ပါ ဘူး။ ကျွန်တော့်ညည်းတွားသံကြောင့် ဆင်းရဲတဲ့ မျက်နှာမွဲရပ် ကွက်တစ်ခု အိမ်ရာမဲ့ဘဝ မရောက်စေချင်ပါဘူး။ ကျွန်တော့်ရဲ့ ညည်းတွားသံကြောင့် လယ်လုပ်မှ ထမင်းစားရမယ့် တောင်သူ တွေ ဒုက္ခမရောက်စေချင်ပါဘူး။ ကျွန်တော့်ညည်းတွားသံကြောင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေ မထိခိုက်စေချင်ပါဘူး။ ကျွန်တော်ညည်းတွားတာက အားလုံးဝိုင်းဝန်းအဖြေရှာကြဖို့ပါ။ ဘယ်သူမှ ထိခိုက်နစ်နာမှုမရှိရဘဲ ယဉ်ကျေးမှုအမွေအနှစ်တစ်ခု ကို ထိန်းသိမ်းဖို့ပါ။ ကျွန်တော့်ဆန္ဒက နန်းကျဘုရင်တစ်ပါးရဲ့ အတိတ်ကို ပြန်အောက်မေ့မှုမျိုးသက်သက်ပါ။

            ခင်ဗျားတို့ အလွယ်တကူလေ့လာကြည့်ရှုနိုင်မယ့် ကျုံးနဲ့ မြို့ရိုးအထောက်အထားတွေ၊ အရှေ့ဘက်ရွှေရောင်အေးစေတီ တစ်ဝိုက်နဲ့ တောင်ဘက်မျက်နှာစာမှာ အတော်များများ ကျန်နေ သေးတာတော့ ဝမ်းသာစရာပါ။ ဒါပေမဲ့ အဲဒီအရပ်က မြို့ရိုးနဲ့ ကျုံး ဟာလည်း မထိန်းသိမ်းရင် ကျန်အရပ်မျက်နှာတွေလို တိမ်ကော သွားဦးမှာပါပဲ။ ကံကောင်းတာက တောင်ဘက်မျက်နှာစာဟာ မြို့အစွန်ဖြစ်တဲ့အပြင် မုန်တိုင်းရွာတို့၊ မိုးကြိုးရွာတို့လို ကျေးလက် ဒေသတွေတည်ရှိတဲ့ နေရာဖြစ်တာကြောင့် မြို့ပြရဲ့ ဝါးမျိုမှုကို မခံစားရတာကြောင့် မြို့တံခါးတွေက အစ မပျက်စီးသေးတာကို တွေ့မြင်ရတဲ့အခါ ကျွန်တော့်စိတ်ထဲ ပုဂံက သရပါတံခါးကို ပြေး မြင်မိပြီး လွမ်းမောပီတိဖြစ်ရပါတယ်ဗျာ။ ကျုံးရေပြင်ကတော့ လယ်ကွင်းတွေအဖြစ် ပြောင်းလဲနေပြီး ရွာတွေရဲ့ အဓိကစီးပွား ရေးလုပ်ငန်းအဖြစ် အကျိုးပြုနေပါတယ်။ ဒါပေမဲ့ မြို့ထဲကလို ရေ ဆိုးမြောင်းဖြစ်နေတာထက်စာရင် ကျုံးရဲ့ ရှုခင်း၊ ကျုံးရဲ့ အငွေ့ အသက်တွေ မပျောက်ပျက်ဘဲ တည်ရှိနေပါတယ်။ ကျုံးနဲ့ အပြိုင် ရှိနေတဲ့ မြို့ရိုးဟာလည်း ချုံနွယ်ပိတ်ပေါင်းတွေကြောင့် တောင် ကုန်းသ္ဌာန်တည်ရှိနေပေမယ့် အုတ်ချပ်အစီအရီလေးတွေကို အကောင်းပကတိ တွေ့မြင်ရတဲ့အတွက် ကျွန်တော့်ရဲ့ ငယ်ဘဝ ရွှေထီးဆောင်းခဲ့တဲ့ ကာလတွေကိုတောင် သတိရမိပါတယ်။ တောင်ဘက်တံခါးပေါက်တွေမှာ ကျုံးကူးတံတားတွေလည်း ထိန်းသိမ်းထားရှိတာ မြင်ရတော့ တစ်ချိန်က တိုင်းသူပြည်သား တွေ မြို့ထဲနဲ့ မြို့ပြင် ဝင်ချည်ထွက်ချည်လုပ်နေတဲ့ ပုံရိပ်တွေ၊ တံခါးမှူးတချို့နဲ့ အရပ်သားတချို့ တရင်းတနှီးနှုတ်ဆက်ပုံတွေ၊ တိုင်းတစ်ပါးက သံတမန်တွေ အခမ်းအနားနဲ့ ကြွချီလာပုံတွေ၊  စစ်မက်ဖြစ်ပွားတဲ့အခါ စစ်သူကြီးတွေ စစ်ချီတက်ပုံတွေကို ကျွန် တော့်အာရုံထဲ တစ်လှည့်စီ မြင်ယောင်နေမိပါတော့တယ်။

            မြို့အရှေ့ဘက်မှာတည်ရှိတဲ့ ရွှေရောင်အေးစေတီတစ်ဝိုက် မှာလည်း ကျုံးနဲ့ မြို့ရိုးကို ထူးထူးခြားခြား မြင်တွေ့ရပါသေးတယ်။ ရွှေရောင်အေးစေတီဟာ ဘုရင့်နောင်လက်ထက်မတိုင်ခင်က တည်းက ရှိနှင့်ခဲ့ပုံရပြီး ကျုံးနဲ့ မြို့ရိုးဟာ စေတီကို ရှောင်ကွင်းပြီး တည်ဆောက်ထားတာ တွေ့ရပါတယ်။ ရွှေရောင်အေးစေတီတည် ရှိတဲ့ ကုန်းမြေထဲမှာ အုတ်ချပ်အစီအရီတွေ ရှိနေတာကိုလည်း စေတီရဲ့ မြောက်ဘက်မှာ အထင်အရှားတွေ့မြင်နိုင်ပါတယ်။

            ရွှေရောင်အေးစေတီရဲ့ ရင်ပြင်ပေါ်ကနေ ရှုခင်းတွေကို ကြည့်ရတာဟာ မြို့ရိုးပေါ်ကနေ မြို့တွင်းမြို့ပြင်ရှုခင်းတွေကို ကြည့်နေရသလို ခံစားရမှာပါ။ စေတီအနီးတစ်ဝိုက်မှာ တောင် ကုန်းတွေဟာလည်း မြို့ရိုးတွေဖြစ်ပြီး တောင်ကုန်းတွေပေါ်က လည်း အနီးအနားရှုခင်းတွေကို ကြည့်ရှုခံစားနိုင်ပါတယ်။

            တကယ်တော့ မြို့ရိုးရဲ့ အရပ်မျက်နှာတစ်ခုမှာ မြို့တံခါးနှစ်ခု စီ ရှိပြီး အရပ်မျက်နှာလေးခုမှာ မြို့တံခါးရှစ်ခုရှိတာပါ။ မြို့နယ် ဟင်္သာရုပ်နားက သာယာဝတီတံခါးဟာ အနောက်ဘက်မြို့ရိုးရဲ့ မြို့တံခါးတစ်ခုဖြစ်ပြီး ဆိုင်းဘုတ်အနေနဲ့သာ ကျန်ရှိပါတော့တယ်။ အပျက်အစီးအနည်းဆုံးကတော့ တောင်ဘက်မျက်နှာစာက မြို့ ရိုးနဲ့ ကျုံးဖြစ်ပါတယ်။

            အခုခေတ်မှာတော့ ဘုရင့်နောင်မင်းတရားကြီး နန်းစိုက်ခဲ့ တဲ့ ကမ္ဘောဇသာဒီနန်းတော်ကြီးကို ထိန်းသိမ်းပြုပြင်မှုတွေ ပြု လုပ်နေကြပြီဖြစ်ပါတယ်။ ဒါပေမဲ့ နန်းမြို့ရိုးနဲ့ ကျုံးရေပြင်ကတော့ မေ့လျော့ခံနေရဆဲပါ။ ရေဆိုးမြောင်းဖြစ်နေတဲ့ ကျုံးရေပြင်ကို မြင်တိုင်း နောက်ဖေးလမ်းကြားအဖြစ် တည်ရှိနေတဲ့ ကျုံးရေပြင် ကို မြင်တိုင်း ကျွန်တော့်ရင်ထဲမှာတော့ မန္တလေးရွှေမြို့တော်ကြီးက ကျုံးရေပြင်ကိုသာ ငေးမောတမ်းတရင်း အားကျတဲ့စိတ်တွေသာ တဖွားဖွား ဖြစ်ပေါ်လာမိပါတယ်။ ဟံသာဝတီမြို့ဟောင်းဖြစ်ခဲ့တဲ့ ဒုတိယမြန်မာနိုင်ငံတော်အဖြစ် ဝင့်ထည်ခဲ့တဲ့ ကျွန်တော်သာ မန္တလေးရွှေမြို့တော်လို ကျုံးရေပြင်ပတ်လည်ဝိုင်းထားတဲ့ ရှုခင်း မျိုး ပိုင်ဆိုင်မယ်ဆိုရင် ကျွန်တော့်ရဲ့ အနာဂတ်ဟာလည်း အခု ထက် အများကြီး လှပလာမှာပါ။ ပြည်တွင်းက နိုင်ငံသားတွေဟာ ကျွန်တော့်ရဲ့ ထွန်းလင်းတောက်ပခဲ့တဲ့ အတိတ်ကို သတိရလာကြ မယ်။ တန်ဖိုးထားတတ်လာကြမယ်။ ဒါတင်မက နိုင်ငံခြားသား ခရီးသွားတွေ၊ ပညာရှင်တွေကလည်း ကျွန်တော့်အပေါ် အာရုံ စိုက်လာကြမယ်။ လာရောက်လေ့လာကြမယ်။ အဲဒီအခါ ကျွန် တော့်ပုံရိပ်တင်မက နိုင်ငံ့ပုံရိပ်ပါ တောက်ပြောင်လာပြီး နိုင်ငံခြား ဝင်ငွေ ရရှိနိုင်မယ့် အခွင့်အရေးတွေကိုပါ ခံစားကြရမယ့်အပြင် ဒေသခံတွေရဲ့ လူနေမှုဘဝတွေလည်း မြင့်မားလာမှာပါ။

            ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်စားမှုမြင့်မားတဲ့ စင်ကာပူလိုနိုင်ငံမှာတောင် ကျွန်တော်တို့လို ရှေးမြို့ဟောင်းတွေ မပိုင် ဆိုင်ပါဘူး။ ယဉ်ကျေးမှုအမွေအနှစ်တွေ ကျွန်တော်တို့ဆီမှာ လောက် မပေါများပါဘူး။ တချို့ အရှေ့တောင်အာရှနိုင်ငံတွေဆို လည်း ရှားရှားပါးပါး ရှေးမြို့ဟောင်း၊ ဒါမှမဟုတ် မင်းနေပြည်တော် တစ်ခုလောက်ကိုပဲ အဆင့်မြင့်မြင့်ထိန်းသိမ်းပြီး ကမ္ဘာလှည့်ခရီး သွားတွေကို ဆွဲဆောင်ကြရပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ နိုင်ငံခြားခရီးသွားတွေကို ဆွဲဆောင်နိုင်မယ့် ယဉ်ကျေးမှုအမွေ အနှစ်တွေ၊ သဘာဝအမွေအနှစ်တွေ အတော်များများ ပိုင်ဆိုင် ထားပါတယ်။ ဒီအမွေအနှစ်တွေကို စနစ်တကျ အဆင့်မြင့်မြင့်  ထိန်းသိမ်းစောင့်ရှောက်နိုင်မယ်ဆိုရင် ခရီးသွားလုပ်ငန်းနဲ့ နိုင်ငံ့ စီးပွားရေးကို မြှင့်တင်နိုင်မှာပါ။

            ကျွန်တော်ဟာ မြို့ဟောင်းတစ်ခုပါ။ မြို့ဟောင်းလို့ ကိုယ့် ကိုယ်ကိုယ် ခံယူထားပေမယ့် လူတွေက ကျွန်တော့်ကို မေ့လျော့ နေကြပါတယ်။ ကျွန်တော့်ခံစားချက်တွေကို ခင်ဗျားတို့ဆီ ရင်ဖွင့် လိုက်ပါပြီ။ ကျွန်တော့်ညည်းတွားသံတွေကို ကျွန်တော်နဲ့ ဘဝတူ မြို့ဟောင်းတွေလည်း ကြားစေချင်ပါတယ်။ (သူတို့က ကျွန်တော် နဲ့ ခံစားချက်ချင်း တူညီကြတော့ ကျွန်တော့်ကို ပိုပြီး နားလည်စာ နာနိုင်မှာမို့ပါ။) သူတို့မှာလည်း ကျွန်တော့်လို ပြောပြစရာစကား တွေ ရင်နဲ့အပြည့် ရှိနေကြမှာပါ။ကျွန်တော်ဟာ မြို့ဟောင်းတစ်ခုပါ။ အတိအကျပြောရရင် ကျွန်တော်ဟာ မြို့ပြယဉ်ကျေးမှုရဲ့ တိုက်စားမှုကြောင့် ပွန်းပဲ့ပြို ကျနေရတဲ့ မြို့ဟောင်းတစ်ခုပါ။

[ ပြီးပါပြီ။ ]

 

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."