အယ်ဘမ်ထဲက ရွှေရောင်အတိတ်တွေ

အယ်ဘမ်ထဲက ရွှေရောင်အတိတ်တွေ

ဓာတ်ပုံအဟောင်းလေးတွေမှာ ဇာတ်လမ်းကိုယ်စီရှိကြတယ်။ လူတိုင်းမှာ ဓာတ်ပုံအဟောင်းတွေရှိနိုင်တယ်။ အထူးသဖြင့် ငယ်ဘဝဓာတ်ပုံတွေက ဇာတ်လမ်းတစ်ခုခုကို ရည်ရွယ်ချက်ရှိရှိ ပြောပြနေကြတာများတယ်။ ကျွန် တော့်မှာလည်း ဓာတ်ပုံအဟောင်းတွေရှိသလို မိတ်ဆွေမှာလည်း ဓာတ်ပုံ အဟောင်းတွေရှိမယ်ဆိုတာ ကျွန်တော်ယုံတယ်။

ကျွန်တော့်မှာရှိတဲ့ ဓာတ်ပုံအဟောင်းတွေထဲမှာ တချို့ပုံ တွေက ဆေးသားပြယ်လွင့်နေကြပြီ။  တချို့ပုံတွေရဲ့ နောက် ကျောမှာ ဓာတ်ပုံရိုက်တဲ့နေ့ကို မှတ်မှတ်ရရ ရေးထိုးမှတ်တမ်း တင်ဖြစ်ခဲ့တာတွေလည်း ရှိတာပေါ့။ မိတ်ဆွေတို့ ဓာတ်ပုံကို ဘယ် အချိန်မှာ အစောဆုံး ရိုက်ကူးခဲ့တယ်ဆိုတာ ကျွန်တော် တပ်အပ် မပြောနိုင်ပေမယ့် ကျွန်တော့်ရဲ့အစောဆုံးပုံက ကျွန်တော်ခြောက် လသားအရွယ်က ရိုက်ထားတဲ့ ပုံပါပဲ။ မျက်လုံးပြူးပြူးဝိုင်းဝိုင်းနဲ့ ဝမ်းလျားမှောက် ကိုယ်တုံးလုံးပုံဟာ ကျွန်တော်ဖြစ်တယ်လို့ အမေက ပြန်ပြောပြတော့ ကျွန်တော့်မှာ အံ့သြဘနန်း ဖြစ်ရ တယ်လေ။

ကျွန်တော်တို့မြို့က ဓာတ်ပုံစတူဒီယိုတစ်ခုမှာ အမေက ရိုက်ပေးခဲ့တာပါ။ ကျွန်တော်က သားဦးမို့ အမေတို့၊ အဖေတို့ အရူးအမူး ဖြစ်ခဲ့ကြပုံရတယ်။ မျှော်လင့်ချက်လည်း ထားသင့်တာ ထက် ပိုပိုသာသာ ထားခဲ့ကြမှာလည်း အသေအချာပါပဲ။ ကျွန်တော်က သာမြင်ညောင်ည သူလိုကိုယ်လို မောင်ဥယျာဉ်မျှသာဆို တော့ ကျွန်တော့်မိဘတွေခမျာလည်း အရပ်ထဲ ရင်ကော့ခေါင်း မော့အောင် မစွမ်းဆောင်နိုင်ခဲ့ဘူး။ ခေါင်းငုံ့မျက်နှာချိုမသွေးရ တာ တော်သေးတာပေါ့လေဆိုပြီး ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်ရ ပေါင်းလည်း မနည်းတော့ဘူး။ ဒါတွေ ထားလိုက်ပါတော့။

ဓာတ်ပုံတစ်ပုံဟာ စကားလုံးပေါင်းတစ်ထောင်နဲ့ ညီမျှ သတဲ့။ ကျွန်တော့်ဘဝမှာ အမှတ်ရမိနေတဲ့ ပုံတွေရှိတယ်။ သိပ် များများစားစားတော့လည်း မဟုတ်ပါဘူး။ မူလတန်းကျောင်း သားဘဝ ကျောင်းဆုပေးပွဲတွေမှာ ဘိုကေအသစ်ကျပ်ချွတ်ကို အုန်းဆီရွှဲရွှဲလိမ်းပြီး ပိပြားနေအောင်ဖြီးလို့ မီးပူတိုက်ထားတဲ့ ကျောင်းဝတ်စုံ အဖြူအစိမ်းလေးနဲ့ ရိုရိုကျိုးကျိုး ဆုယူနေတာ ကျွန်တော်ပေါ့။ (ကြွားတယ်လို့ မထင်ကြစေလိုပါ။) ကျွန်တော် နှစ်နှစ်သားလောက်က အဘွားတို့အလှူမှာ သင်္ကန်းစည်းတော့ ပုတီးလည်ပင်းဆွဲပြီး ဓာတ်ပုံအရိုက်ခံခဲ့တာလည်း ကျွန်တော် ပါပဲ။

ပတ်စ်ပို့ပုံလို့ခေါ်ကြတဲ့ ကိုယ်တစ်ပိုင်းပုံဓာတ်ပုံတွေ ရိုက် ကူးခဲ့တာကလည်း အမှတ်ရစရာတွေချည်းပါပဲ။ ပထမဆုံး ပတ်စ် ပို့ဓာတ်ပုံရိုက်ခွင့်ရတာက ငါးတန်းတက်မယ့်နှစ်။ မူလတန်း ကျောင်းသားဘဝတုန်းကတော့ ပတ်စ်ပို့ပုံ မရိုက်ခဲ့ရဘူး။ ကျောင်း အပ်တာလည်း ဘာဓာတ်ပုံမှ မလိုဘူး။ ကျောင်းသားကတ်ဆိုတာ လည်း လေးတန်းအထိ တစ်ခါမှ မကိုင်ဖူးဘူး။ အရင်က ပတ်စ်ပို့ပုံ ရိုက်စရာကလည်း အကြောင်းမရှိခဲ့ဘူးလေ။ ငါးတန်းတက်ရမယ့် နှစ်ရောက်ပါမှ ကျောင်းဝင်ခွင့်လျှောက်လွှာမှာ ပတ်စ်ပို့ဓာတ်ပုံ ကပ်ရမယ်လို့ ဖြစ်လာတာကိုး။ ဓာတ်ပုံရိုက်ဖို့ ဓာတ်ပုံဆိုင်ကို အမေက လိုက်ပို့ရတာ အမှတ်ရမိတယ်။ စက်ချုပ်ဆိုင်က လောလောလတ်လတ် ရွေးယူလာတဲ့ ကော်နံ့တသင်းသင်း ရှပ်အင်္ကျီ အသစ်စက်စက်ရယ်၊ ဘိုကေပြောင်ပြောင်ရယ် အမေ့လက်ဆွဲပြီး ဓာတ်ပုံဆိုင် လိုက်ခဲ့ရတယ်။ ဓာတ်ပုံဆိုင်ရောက်တော့ ဓာတ်ပုံ ဆရာက စတူဒီယိုအခန်းထဲ ကျွန်တော့်ကို ခေါ်သွားတယ်။ လေးချောင်းထောက် သစ်သားကုလားထိုင်မှာ ထိုင်ခိုင်းလိုက်ပြီး မီး ခလုတ်တွေကို ဖွင့်လိုက်တယ်။ စူးရှတဲ့ မာကျူရီမီးရောင်ကြောင့် မျက်လုံးတွေ ကျိန်းစပ်ကုန်တယ်။

ဓာတ်ပုံဆရာက ကင်မရာကြီးလွယ်ပြီး ကင်မရာချောင်း ကြည့်ပေါက်ကနေ သေချာချိန်တယ်။ ကျွန်တော့်မှာ မီးရောင် ကြောင့် နဖူးချွေးတွေ စို့နေပြီ။ ဓာတ်ပုံဆရာက စိတ်တိုင်းကျသေး ဟန်မတူ။ ကျွန်တော့်ဆီရောက်လာပြီး အင်္ကျီတွေ ဆွဲဆန့်တယ်။ ခန္ဓာကိုယ်ကို တည့်မတ်ပေးပြန်တယ်။ မေးစေ့ကကိုင်ပြီး အောက် ငိုက်နေတဲ့ ကျွန်တော့်မျက်နှာကို မော့ပေးတယ်။ စိတ်တိုင်းကျပြီ ဆိုမှ ဖလင်မောင်းတံကို ဂျစ်ခနဲဆွဲပြီး မောင်းတင်လိုက်တယ်။ စိတ်အိုက်လူအိုက်ဖြစ်နေတဲ့ကျွန်တော် ကင်မရာကို ရှူတည် တည်ကြည့်ဖြစ်ချိန်မှာပဲ ချောက်ခနဲ ကင်မရာမောင်းသံ ထွက် လာတယ်။ ဓာတ်ပုံရွေးဖို့ ဘောက်ချာဖွင့်ပေးလိုက်တယ်။

ဓာတ်ပုံဆိုင်က ဓာတ်ပုံရွေးရမယ့်ရက်မှာ ဘောက်ချာထဲက ရက်ချိန်းအတိုင်း ကျွန်တော် သွားရွေးဖြစ်တယ်။ ဓာတ်ပုံရွေးဖို့ တစ်ပတ်၊ ဆယ်ရက်လောက်ခွာပြီး ချိန်းတယ်ထင်တာပဲ။ အဲဒီ တုန်းက အခုခေတ်လို ၁၅ မိနစ်အမြန်ဆိုတာလည်း မရှိသေးဘူး။ ဓာတ်ပုံရိုက်ကြသူတွေ ကြိတ်ကြိတ်တိုး စည်ကားနေတာလည်း မဟုတ်ပါဘဲ ဘာကြောင့် ရက်တွေအများကြီး ခွာချိန်းမှန်း စဉ်း စားမရဘူး။ ဓာတ်ပုံဆရာက သူ့ပညာတန်ဖိုးတက်အောင် တမင် အချိန်ဆွဲတယ် ထင်တာပဲ။ သံဘူးပြားပြားဝိုင်းဝိုင်းလေးထဲက တစ်လက်မပတ်လည် အဖြူအမည်းပတ်စ်ပို့ဓာတ်ပုံတွေထဲမှာ ကိုယ့်ပုံကို မနည်းပြန်ရှာရတယ်။ ကျွန်တော့်ဓာတ်ပုံကို ကျွန် တော်က မတွေ့ဘဲ ဓာတ်ပုံဆရာက ရှာတွေ့သွားခဲ့တယ်။ ကျွန် တော့်ဘဝရဲ့  ပထမဆုံးပတ်စ်ပို့ဓာတ်ပုံက မိတ်ဆွေတို့ရဲ့ ပထမဆုံး ပတ်စ်ပို့ပုံတွေလို ထူးမခြားနားပါဘဲ။ မှုန်တေတေ ရှူသိုးသိုးနဲ့ ကင်မရာကို ခပ်တည်တည်ကြည့်နေတဲ့ပုံလေ။

နောက်ပိုင်းနှစ်တွေမှာ ပတ်စ်ပို့ပုံတွေ မကြာခဏရိုက်ဖို့ ကြုံခဲ့သေးတာပေါ့။ ကျောင်းသားကတ်တွေအတွက် ရိုက်တော့ လေးယောက်တန်းပြီး ရိုက်ခဲ့ကြတာ မှတ်မိတယ်။ ကျွန်တော်နဲ့ တွဲရိုက်ခဲ့ကြတဲ့ သူငယ်ချင်းတွေထဲက တချို့ဆို မန်နေဂျာအဆင့် ရာထူးနဲ့ ဟန်ကျပန်ကျ ဖြစ်နေကြသူတွေ ရှိနေပြီ။ တချို့လည်း လောကဓံအထုအထောင်းဒဏ်ခံရင်း ဘဝပင်လယ်ပြင်ကြီးထဲမှာ ခြေကုန်လက်ပန်းကျလုနီးပါး ကူးခတ်နေကြသူတွေလည်း ရှိတာပဲ။

မှတ်ပုံတင်ရိုက်တုန်းကလည်း ပတ်စ်ပို့ဓာတ်ပုံ အရိုက်ခံခဲ့ရ တာပေါ့။ မှတ်ပုံတင်ထဲက ကျွန်တော့်ပုံက ဆယ်ကျော်သက် အရွယ်။ အရာရာကို စူးစမ်းနေတဲ့ တက်ကြွတောက်ပနေတဲ့ မျက် လုံးတွေနဲ့။ ဆန္ဒရှိမယ်ဆိုရင် ကမ္ဘာကြီးကို ပြောင်းလဲနိုင်တယ်ဆိုတဲ့ ယုံကြည်ချက်အပြည့်။ အခုတော့ ကမ္ဘာလောကကြီး မဆိုထားနဲ့၊ ကိုယ့်ကိုယ်ကိုယ်တောင် ကောင်းသောပြောင်းလဲမှုဘက်ကို ပြောင်းလဲဖို့ဆိုရင် အတော်အားထုတ်ယူရတယ်ဆိုတာ သဘော ပေါက်စ ပြုလာပါပြီ။

အလှဓာတ်ပုံတွေ၊ အမှတ်တရပုံတွေ အရိုက်အများဆုံး အချိန်က အသက် ၁၅ နှစ်နဲ့ ၂၅ နှစ်အတွင်းက ပုံတွေ ဖြစ်တယ်။ ကာလာတွေနဲ့ပုံပေါ့။ တက္ကသိုလ်ကျောင်းသားဘဝမှာ မန္တလေး တက္ကသိုလ် ပင်မအဆောက်အအုံကြီး နောက်ခံထားလို့ သူငယ် ချင်းတွေနဲ့ ရိုက်ဖြစ်ခဲ့သေးတယ်။ တိုင်လုံးကြီးခြောက်လုံးက မန္တလေးတက္ကသိုလ်ရဲ့ အထင်ကရနေရာ မဟုတ်လား။ ကျောင်း သားဘဝ အိတ်ကားရှင်း (လေ့လာရေး)တွေ ထွက်ဖြစ်ပြန်တော့ ချောင်းသာ၊ ကျိုက်ထီးရိုး၊ ပုဂံ ခရီးစဉ်တွေမှာ သူငယ်ချင်းတွေနဲ့ Group Photos တွေ ရိုက်ဖြစ်ပြန်တယ်။ ပြန်တွေးကြည့်တော့ လွတ်လပ်ပျော်ရွှင် နှစ်ကာလများ ဆိုပါတော့။ တောင်သမန် အင်းက ဦးပိန်တံတားပေါ်မှာ သြင်္ကန်မိုးရုပ်ရှင်ထဲမှာပါတဲ့ ဒုတိယ ကမ္ဘာစစ်ခံ အတုမရှိကျောင်းကြီးထဲမှာ၊ သူငယ်ချင်းမင်္ဂလာ ဆောင်မှာ၊ မန္တလေးတောင်ပေါ် မှာ၊ စစ်ကိုင်းတောင်ပေါ်မှာ စတဲ့ နေရာစုံမှာ ဓာတ်ပုံတွေ တော် တော်များများ ရိုက်ဖြစ်ခဲ့တယ်။

ကျွန်တော့်မိဘများက ကျွန်တော်တို့ ညီအစ်ကိုတွေကို အလှူပေးတော့ အဖေနဲ့ အမေ က သူတို့သား ကျွန်တော့်ကို ဆံချတော့ ပိတ်ဖြူ စနှစ်ဖက်ကိုင် လို့ ပျော်ရွှင်နေတဲ့ မျက်နှာတွေ က ဖုံးမနိုင်ဖိမရ ပေါ်လွင်နေ တယ်။ ကျွန်တော်တို့ မိသားစု အတွက် တော့ အဲဒီဆံချနေတဲ့ပုံ က မိသားစု သမိုင်းဝင်ဓာတ်ပုံပါ ပဲ။ မိသားစုတိုင်းမှာ သူတို့မိသား စုနဲ့ သက်ဆိုင်တဲ့ သမိုင်းဝင် ဓာတ်ပုံတွေ ရှိကြမှာပဲလို့ ကျွန် တော် တွေးမိတယ်။ အလှူ အတန်းလုပ်တဲ့ ဓာတ်ပုံတွေ ပါ ဝင်နိုင်သလို သားသမီးဘွဲ့ယူ တုန်း အမှတ်တရ ရိုက်တဲ့ပုံတွေ လည်း ဖြစ်နိုင်တာပေါ့။ မင်္ဂလာ ဆောင်ဓာတ်ပုံ၊ မွေးနေ့ပွဲ ဓာတ်ပုံ၊ ခရီးထွက်ကြတဲ့ ဓာတ်ပုံတွေလည်း ဖြစ်နိုင်တာပဲလေ။ ရှားတောင့်ရှားပါး မိသားစု စုံစုံညီညီရှိတုန်းရိုက်ထားဖြစ်တဲ့ပုံက  တစ်သက်တာ အမှတ်တရပုံလည်း ဖြစ်သွားနိုင်တာပေါ့။

နိုင်ငံနဲ့ချီတဲ့ သမိုင်းဝင်ဓာတ်ပုံတွေလည်း ဆင်းရဲချမ်းသာ မရွေး နိုင်ငံတိုင်းမှာ ရှိနိုင်တယ်။ ကျွန်တော် အမှတ်ရမိတဲ့ သမိုင်း ဝင်ဓာတ်ပုံတွေ ရှိတယ်။ ၁၉၆ဝ ပြည့်လွန်နှစ်တွေမှာ ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆိုတဲ့ အသံတွေ သောသောညံနေခဲ့တဲ့ ကာလတွေထဲက တစ်ခုသောနေ့ ဖြစ်မှာပေါ့။ ဆရာကြီးသခင် ကိုယ်တော်မှိုင်းဆီ တောတွင်းလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က တပည့်သားမြေးတွေလာပြီး ဂါရဝပြုကြတယ်။ အခုခေတ်လို ပါ မစ်လိုချင်လို့ လာဂါကြတာ မဟုတ်ဘူး။ ရိုသေလေးစားမှုနဲ့ မြို့ ပေါ်ရောက်တုန်း ဝင်ပြီးဂါရဝပြုကြတာပါ။ ဆရာကြီးဆီလာပြီး ကန်တော့ကြသူတွေ ယူလာတဲ့ ကန်တော့ပစ္စည်းတွေကလည်း ကြည့်လိုက်ဦး။ ချက်လက်မှတ်မဟုတ်၊ စိန်တစ်ဆင်စာ မဟုတ်၊ အိမ်ဂရန် မဟုတ်၊ တောထဲက ဖမ်းလာတဲ့ ဒေါင်းတစ်ကောင်နဲ့ ပျားရည်တစ်ပုလင်းတဲ့။ အဲဒီဓာတ်ပုံကို ကြည့်ပြီး ကန်တော့ခံသူ  ငြိမ်းချမ်းရေးဖခင်ကြီးရော၊ ကန်တော့ကြတဲ့ တပည့်သားမြေး တွေရော ကန်တော့ပစ္စည်းတွေ ပါကြည့်ပြီး ရင်ထဲ တလှိုက်လှိုက် ခံစားရတယ်။

နောက်ထပ်တစ်ပုံကလည်း အဲ ဒီကာလတွေမှာပဲ ရှေ့သို့ စာ စောင်မျက်နှာဖုံးမှာ ဖော်ပြခဲ့တဲ့ ဓာတ်ပုံ။ ပုဆိုးကိုယ်စီမလို့ ချောင်း ထဲကို ဖြတ်ကူးနေကြတဲ့ပုံကို နောက်ကျောကနေ ရိုက်ထား တဲ့ပုံ။ ပုံမှာရေးထိုးထားတဲ့ ပုံ စာက သူတို့ပြန်ကြလေပြီတဲ့။ တောတွင်းလက်နက်ကိုင်တွေ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး ကိုယ့်ရပ်ဌာနေ ပြန်သွားကြတဲ့ပုံ ပါ။ တိုင်းပြည်ချစ်ကြတာချင်း တူပါရဲ့၊ လုပ်ပုံကိုင်ပုံ ကွဲလွဲရတာ ကြောင့် ညီအစ်ကိုချင်း စစ်ခင်း ခဲ့ကြရတယ်။ တိုင်းပြည်လည်း စစ်စရိတ်ထောင်းခဲ့ရပြီး ကာလ ရှည် ပြည်တွင်းစစ်မီး မငြိမ်းနိုင် အောင်ဖြစ်ခဲ့ရတယ်။ အဲဒီကာ လက ငြိမ်းချမ်းရေးဆွေးနွေးပွဲ လည်း ပျက်ခဲ့ရတယ်။ ၁၉၈၈ ခုနှစ် အရေးတော်ပုံကာလအတွင်းမှာ ဆရာဝန်နှစ်ယောက်က သွေးသံ ရဲရဲ အမျိုးသမီးငယ်လေး သယ်ပြေးတဲ့ပုံကလည်း အရေးတော်ပုံရဲ့ သမိုင်းဝင်ပုံပါပဲ။

ကမ္ဘာ့သမိုင်းမှာလည်း ပူလစ်ဇာဆုရခဲ့ကြတဲ့ သမိုင်းဝင် ဓာတ်ပုံတွေ ရှိတာပေါ့။ အစာရေစာ ငတ်မွတ်ခေါင်းပါးမှု ကြုံတွေ့ နေရတဲ့ ကလေးငယ်လေးရှေ့မှာ ကလေးငယ်လေး သေဆုံးခဲ့ရင် စားမလို့ ချောင်းနေတဲ့ လင်းတတစ်ကောင်။ ကံဆိုးစွာပဲ အဲဒီ ကလေး အာဟာရပြတ်ပြီး သေဆုံးခဲ့ရတယ်။ ဓာတ်ပုံဆရာလည်း အဲဒီပုံနဲ့ပဲ ပူလစ်ဇာဆု ရခဲ့တယ်။ ဒါပေမဲ့ ကံဆိုးစွာပဲ ဓာတ်ပုံဆရာ က အဲဒီပုံအတွက် စိတ်ထိခိုက်နာကျင်ခဲ့ပြီး တစ်သက်လုံး ယူကျုံး မရ ဖြစ်ခဲ့ရတယ်။ ကျင့်ဝတ်နဲ့ ပရော်ဖက်ရှင်နယ်ကြားမှာ လူပြော သူပြောအများဆုံး True Story တစ်ပုဒ်။

ဒီနေ့ခေတ်မှာတော့ ဓာတ်ပုံပညာ အမျိုးအစားကွဲတွေက များပြားလှတယ်။ နာမည်ပေး ကင်ပွန်းတပ်အလှူ မင်္ဂလာ မှတ် တမ်းပုံကအစ လမ်းဖွင့်ပွဲ၊ တံတားဖွင့်ပွဲအလယ် ကိုယ့်ပုံကိုယ်ရိုက် Selfie ပုံအဆုံး အမျိုးမျိုး ရိုက်နေကြတော့တယ်။ တချို့ကလည်း Documentary ဆိုတဲ့ မှတ်တမ်းပုံတွေ ရိုက်ကြတယ်တဲ့။ ဓာတ်ပုံ ဆရာ ငြိမ်းချမ်းစိမ်းလန်းကတော့ အကြောက်တရားကင်းဖို့ Street Photos တွေ များများရိုက်ဖို့ သူ့မိတ်ဆွေတွေကို တိုက် တွန်းတယ်။ သတင်းဓာတ်ပုံ အားသန်ကြသူတွေကလည်း သတင်း ပုံတွေ့ရင် မနေနိုင်ဘူး။ ကင်မရာပါရင် ကင်မရာနဲ့ မှတ်တမ်းတင် တယ်။ ကင်မရာမပါခဲ့ရင် ဖုန်းနဲ့မှတ်တမ်းတင်ဖို့ ဝန်မလေးဘူး။ ပေါ့ထရိတ်ကြိုက်တဲ့ မိတ်ဆွေတွေရှိသလို လန်းစပေ့အားသန်ကြ သူတွေလည်း ကျွန်တော့်အပေါင်းအသင်းတွေထဲမှာ ရှိတယ်။ ကျွန်တော့်မိတ်ဆွေ ကင်မရာမန်းအချို့က ဓာတ်ပုံပြိုင်ပွဲတွေမှာ ဝင်ပြိုင်ကြတယ်။ ဆုရတဲ့အခါလည်းရှိ၊ ဆုနဲ့ လွဲချော်တဲ့အခါလည်း ရှိတာပဲ။ သူတို့ထဲက ဖိုတိုရှော့ (ဓာတ်ပုံပြင်တဲ့ ဆော့ဖ်ဝဲလ်) လက် ခံသူရှိသလို ငြင်းပယ်သူလည်း ရှိတယ်။ ကျွန်တော်ကတော့ လို အပ်ရင် ဖိုတိုရှော့ သုံးစေချင်တယ်။ သို့သော် အတတ်နိုင်ဆုံး ဖိုတို ရှော့မသုံးဖြစ်အောင် ကြိုးစားစေချင်တယ်။

ဓာတ်ပုံ ပုံကောင်းတစ်ပုံရဖို့ဆိုတာ တကယ်တော့ မလွယ် လှဘူး။ နည်းပညာခေတ်လို့ ဆိုပေမယ့် စက်ပစ္စည်းအကောင်းတွေ သုံးနေရုံနဲ့လည်း ဓာတ်ပုံကောင်း မရနိုင်ဘူး။ စက်ပစ္စည်းအပြင် အတတ်ပညာ၊ အနုပညာ၊ သဘာဝအခြေအနေ အလုံးစုံကောင်း ပါမှ ပုံကောင်းတစ်ပုံ ရနိုင်တာပါ။ တချို့က ပုံလေးသိပ်ကောင်းနေ လို့ ဓာတ်ပုံဆရာဆီသွားပြီး ဘာကင်မရာအမျိုးအစားနဲ့ ရိုက် တာလဲလို့ မသိသားဆိုးဝါး သွားမေးကြတာ ရှိတယ်။ အဲဒီလို မေး ခွန်းမျိုး အမေးခံရရင် ဓာတ်ပုံဆရာတွေက သိပ်အသည်းပေါက် တာ။ ပီကာဆိုတို့၊ ဗန်ဂိုးတို့ ပန်းချီကားတွေကို ဘယ်သူကမှ ခင် ဗျား ဘယ်စုတ်တံသုံးပြီး ဘယ်ဆေးအမျိုးအစားနဲ့ ဆွဲတာလဲလို့ မမေးရဲဘူး။ ကျုပ်တို့များ ကံအားလျော်စွာ ပုံကောင်းလေးတစ်ပုံ ရပြီဆိုရင် ဘယ်ကင်မရာအမျိုးအစားသုံးသလဲဆိုတဲ့ မေးခွန်း အမေးခံရတော့တာပဲလို့ ရင်ဖွင့်တယ်။

အခုခေတ်မှာတော့ စမတ်ဖုန်းလေးတစ်လုံးရှိနေရင် အလုပ်ဖြစ်ပြီ။ ရောက်လေရာ မှတ်တမ်းတင် နာမည်ကြီးသူတွေနဲ့ ဓာတ်ပုံတွဲရိုက်၊ လူမှုကွန်ရက်မှာ ပုံတွေတင် ဟန်ကျချက်တော့။ ရိုက်သမျှဓာတ်ပုံတိုင်း ကူးစရာလည်း မလို၊ ကွန်ပျူတာထဲထည့်၊ စိတ်တိုင်းကျပြီဆိုမှကူး။ စိတ်တိုင်းမကျခဲ့ရင် စိတ်ကြိုက်ပြင်ဆင် နိုင်တဲ့ အခွင့်အရေးကလည်း ရှိသေး။ ဓာတ်ပုံတွေ ပြင်ဆင်တာနဲ့  ပတ်သက်လို့ တစ်နှစ်တုန်းဆီက အုတ်အော်သောင်းနင်း ဓာတ်ပုံ တစ်ပုံ ရှိခဲ့ဖူးတယ်။ ဌာနဆိုင်ရာ အကြီးအကဲ အမျိုးသမီးဝန်ထမ်း ခရီးလှည့်လည်တော့ ဘေးနားက ဝန်ထမ်းက ထီးမိုးပေးတာ ဖိုတို ရှော့ဆော့ဖ်ဝဲလ်သုံးပြီး ထီးပုံကို ဖျက်လိုက်တယ်လေ။ ဖြစ်ချင် တော့ ထီးအရိပ်ကို မဖျက်မိခဲ့ဘူး။ ကံအားလျော်စွာ အဲဒီပုံကို ကိုယ်ပျောက်ထီး တီထွင်နိုင်ပြီဆိုပြီး ဝိုင်းသြဘာပေးခဲ့ကြသေး တာ ဘာကြာသေးလို့တုံး။

ရှုခင်းပုံရိုက်တဲ့ လန်းစပေ့ ဓာတ်ပုံဆရာတွေက ‘တ’ ငါးလုံး  ပါအောင် ရိုက်ကြတယ်။ တိမ်၊ တောင်၊ တဲ၊ တော၊ တံတား ပါ အောင် ရိုက်ကြတယ်။ ကောင်းကင်တစ်ခွင်မှာ တိမ်တွေ သိပ်လှ နေပြီဆိုရင် ဓာတ်ပုံဆရာတွေ ခတ်ကွင်းပြင်ကြပြီ။ တံတားကြိုက် တဲ့ ဓာတ်ပုံဆရာတွေအတွက် ဦးပိန်က မော်ဒယ်လ်ကောင်း။ တချို့က တဲတွေ၊ တောင်တန်းတွေ အထူးပြုရိုက်ကြတယ်။ ဘယ် သူရိုက်ရိုက်၊ ဘယ်လိုရိုက်ရိုက် အနုပညာအားကောင်းရင်၊ သဘာဝ အခြေအနေတွေ ပေးရင် အတတ်ပညာပိုင်နိုင်ရင် ပုံကောင်းရမှာ မလွဲမသွေပဲ မဟုတ်လား။ ကျွန်တော်လိုလူမျိုး ဓာတ်ပုံရိုက်ရင် ဘယ်လို ကင်မရာအမျိုးအစားနဲ့ ရိုက်ရိုက် ပုံကောင်းရဖို့ မသေ ချာ။ ဓာတ်ပုံပညာနဲ့ ပတ်သက်ရင် ကင်မရာနောက်ဘက်က အယ်လ်စီဒီထဲ အရုပ်ပေါ်ရင် ခလုတ်နှိပ်တတ်ရုံသာ။

ဘာပဲဖြစ်ဖြစ် ကျွန်တော့်မှာ အိပ်မက်တစ်ခုရှိတယ်။ DSLR ကင်မရာ အသင့်အတင့်တစ်လုံး ဝယ်မယ်။ ခရီးတွေ ထွက်မယ်။ မှတ်တမ်းဓာတ်ပုံတွေ ရိုက်မယ်။ အထူးသဖြင့် မှတ် တမ်းမှတ်ရာ မလုပ်ရသေးတဲ့ လုပ်ငန်းတွေ၊ ယဉ်ကျေးမှုတွေ၊ ဓလေ့ထုံးစံတွေ၊ လူမှုစီးပွားတွေကို တတ်နိုင်သလောက် မှတ် တမ်းတင်သွားမယ်။ အဆောက်အအုံဟောင်းတွေ၊ လူတွေ၊ ကုန် ထုတ်လုပ်ငန်းတွေ၊ ရိုးရာယဉ်ကျေးမှုတွေလည်း ပါမှာပေါ့။ အခြေ အနေပေးရင် ဓာတ်ပုံပြပွဲတစ်ပွဲပါ လုပ်ဖို့ ရည်ရွယ်ထားတယ်။ မိတ်ဆွေတို့ စိတ်ဝင်စားရင် လိုက်ခဲ့ကြဗျာ။ ကျွန်တော့်ကို မော် ကွန်းမဂ္ဂဇင်းက တစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။ ခြေခင်းလက် ခင်းသာတဲ့ တစ်နေ့ ဓာတ်ပုံတွေ ထွက်ရိုက်ကြသေးတာပေါ့။     ။

၂၀၁၆-နိုဝင်ဘာလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၀)မှ အမေ့ခံ ဆောင်းပါးဖြစ်ပါသည်။

မောင်ဥယျာဉ် ရေးသည်။

 

 

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."