၂ဝ၁၉၊ ဇန်နဝါရီလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆၁)မှ Analysis ဖြစ်ပါသည်။
ဒေါက်တာစိုးခိုင် ရေးသည်။
မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကစပြီး စား သောက်ကုန်ထုပ်ပိုးမှုတွေမှာ “ကုန်ဆုံးရက်၊ Expire Date ၊ Expiry Date ၊ Expiration Date ”” ဆိုတာကို ဖော်ပြလာသလို ဝယ်ယူစား သုံးသူတွေကလည်း ဖတ်တတ်တဲ့ အလေ့အထ တစ်ခု စပြီး ဖြစ်လာခဲ့ပါတယ်။
အဲဒီမှာတင် ဆီးယို၊ ပဲလှော်နဲ့ လက်ဖက်ကအစ အာလူး ကြော်မကျန် Expire Date ဆိုပြီး ကွန်ပျူတာစာစီနဲ့ တစ်မျိုး၊ ပုံနှိပ်စာလုံးနဲ့တစ်ဖုံ ဖော်ပြလာသလို လက်ရေးနဲ့ရေးထားတာ တွေတောင် ရှိလာပါတယ်။ တချို့ မုန့်ထုပ်တွေမှာဆို ထုတ်လုပ် ရက်စွဲ (Manufactured Date) က လက်ရှိရောင်းနေတဲ့ ရက်စွဲ ထက်တောင် နောက်ကျနေတာမျိုးတောင် တွေ့ရပါတယ်။ တကယ်တော့ အဲဒီ ကုန်ဆုံးရက်ဆိုတာကို ဘယ်လိုနည်းပညာ စံ ချိန်စံဩန်းစနစ် အခြေခံပြီး သတ်မှတ်ကြသလဲဆိုတာ ကုန်ပစ္စည်း ထုတ်လုပ်သူတိုင်း အသေအချာမသိကြသလို သက်ဆိုင်ရာ ဌာန အဖွဲ့အစည်းတွေက လိုအပ်သလို အသိပညာပေး ဟောပြောလေ့ ကျင့်ပေးတာလည်း အတော်ရှားပါးတာ တွေ့ရပါတယ်။
တစ်ခါက မြန်မာနိုင်ငံမှာ တိရစ္ဆာန်အစားအစာ ထုတ်လုပ် မှုနဲ့ ကြက်ဥ၊ ကြက်သား မွေးမြူထုတ်လုပ်မှုမှာ နာမည်ကျော်တဲ့ နိုင်ငံခြားကုမ္ပဏီတစ်ခုက ပေးပို့လာတဲ့ အေးခဲကြက်သား (Frozen Chicken Meat) ရဲ့ ထုပ်ပိုးခွံကို ဖတ်ကြည့်လိုက်တော့ ဖော်ပြထားတဲ့ ကုန်ဆုံးရက်က အခုပေးပို့တဲ့ရက်ပဲ ဖြစ်နေတာ တွေ့ရတော့ ကုမ္ပဏီကိုစာရေးပြီး မေးလိုက်ပါတယ်။ နောက်တစ် နေ့မှာပဲ ကုမ္ပဏီကပြန်ကြားစာ ရောက်လာပါတယ်။ သူတို့ ကုမ္ပဏီကပေးပို့တဲ့ အေးခဲကြက်သားရဲ့ ထုပ်ပိုးခွံပေါ်မှာ ဖော်ပြ ထားတဲ့ရက်စွဲဟာ ထုပ်ပိုးတဲ့ရက်စွဲ (Packed Date) ဖြစ်ပြီး -18°C မှာ ထားရင် သုံးလခံတဲ့အကြောင်း အသိပေးပြန်ကြား လာပါတယ်။
အဲဒီတော့ ကုန်ဆုံးရက်ဆိုတာကို သတ်မှတ်တဲ့ အချက် တွေအထဲမှာ ထားသိုမှု (Storage) နဲ့ ဆက်စပ်နေတဲ့ နေရာ (Place) ၊ အပူချိန် (Temperature) ၊ စိုထိုင်းဆ (Humidity) တွေနဲ့ သက်ဆိုင်ကြောင်း သိလာရပါတယ်။ ထားသိုသိမ်းဆည်း တဲ့ စနစ်(Storage System) နဲ့ ကိုင်တွယ်ယူဆောင်မှု (Handling Method) နဲ့လည်း ဆိုင်တယ်လို့ သိလာရပါတယ်။
ရန်ကုန်မြို့ လမ်းမ၊ လမ်းသွယ်၊ မြေညီထပ်တွေက စတိုး ဆိုင်တွေမှာ ရေသန့်ဘူး၊ ဖျော်ရည်ဘူးကတ်လိုက်ကို ပလက် ဖောင်းပေါ်မှာ စုပုံချထားပြီး မိုးရွာ၊ နေပူ ဒီအတိုင်းပဲ ထားထား တာဟာ ကုန်ပစ္စည်းရဲ့ အရည်အသွေး (Quality) နဲ့ ဘေး အန္တရာယ် ကင်းရှင်းမှုဆိုင်ရာ သန့်စင်မှု (Purity Related to Safety) ကို အများကြီး သက်ရောက်မှုဖြစ်ပြီး ပြောင်းလဲသွားစေ နိုင်ကြောင်း မသိကြပါဘူး။ အဲဒီမှာ ကုန်ဆုံးရက် သတ်မှတ်ဖော်ပြ ထားခြင်း အပေါ်မှာလည်း သက်ရောက်မှု ရှိလာပါတယ်။
တချို့နိုင်ငံတွေမှာ သက်ဆိုင်ရာဌာနရဲ့ သတ်မှတ်ချက်အရSelling Date ဆိုတာ သတ်မှတ်ပါတယ်။Sell by/ Display Until လို့လည်း ဖော်ပြပါတယ်။ ကုန်စည် လက်ကားဖြန့်ချိတဲ့Wholesale Market တွေမှာ ကုန်ပစ္စည်း (စားသောက်ကုန်) ထားသိုမှုကို မှန်ကန်စနစ်တကျ ဖြစ်စေဖို့ အထောက်အကူပြုတဲ့ အချက်ပါ။ ကုန်ဆုံးရက်မတိုင်မီမှာပဲ ဒီစားသောက်ကုန်တွေကို ကြိုပြီး ရောင်းချပစ်နိုင်ဖို့ နှိုးဆော်တာဖြစ်ပြီး ကုန်ပစ္စည်းရဲ့ အရည်အသွေးနဲ့ စားသုံးနိုင်မှုကတော့ မှန်ကန်နေဆဲ ဖြစ်ပါတယ်။ ရက်ကြီးခါကြီးတွေမှာ တွေ့နေရတတ်တဲ့ Clearance Sale ၊ Discount Sale ဆိုတာတွေဟာ ဒီစနစ်မျိုးဖြစ်ပါတယ်။ စူပါ မားကက်တွေ၊ Convenient Store တွေမှာလည်း စားသောက် ကုန်တွေကို ကုန်ဆုံးရက်အထိမထားဘဲ ရောင်းပစ်တာ၊ ပစ္စည်း အသစ်နဲ့ လဲပြီး တင်ထားတာတွေ လုပ်လေ့ရှိပါတယ်။
ကုန်တိုက်တွေ၊ ကုန်စုံဆိုင်တွေ အတော်များများ (တခြား နိုင်ငံမှာတော့ အားလုံး) ဟာ ကုန်ဆုံးရက်နီးတဲ့ စားသောက်ကုန် တွေကို ရှေ့မှာ ထားလေ့ရှိပြီး ကုန်ဆုံးရက်ဝေးတဲ့ ပစ္စည်းတွေကို အနောက်မှာ ထားတတ်ပါတယ်။ ဝယ်သူတွေကလည်း ရတနာ သိုက် ရှာသလို ရှာပြီး ကုန်ဆုံးရက်နီးတဲ့၊ ရှေ့မှာ ပြထားတဲ့ ပစ္စည်း ကို ဒီအတိုင်း ထားခဲ့ပြီး ကုန်ဆုံးရက်ဝေးတဲ့ စားသောက်ကုန်တွေ ကို ဦးစားပေး ယူသွားတတ်ပါတယ်။ အဲဒါကြောင့်Shelf Life Management လုပ်ဆောင်ရာမှာ ဒီစနစ်ကို ကျင့်သုံးလာရုံသာ မက ကုန်ဆုံးရက်ကိုလည်း တစ်မျိုးတစ်ဖုံ ဖော်ပြလာပြန်ပါတယ်။ အဲဒါတွေကတော့Best before ? Use by ဆိုတာတွေပါပဲ။
Best before ဆိုတာက စားသောက်ကုန် သို့မဟုတ် ဆေး ဝါး၊ အလှကုန်ပစ္စည်းကို သတ်မှတ် ဖော်ပြရက်အတွင်းမှာ သို့ မဟုတ် မတိုင်မီမှာ အသုံးပြုရင်၊ စားသုံးရင် သူ့ရဲ့ အရည်အသွေး၊ စံချိန်စံဩန်း၊ အာနိသင်၊ အနံ့အရသာ၊ ဘေးအန္တရာယ်ကင်းရှင်း လုံခြုံမှုဟာ အကောင်းဆုံးအနေအထားမှာ ရှိတယ်လို့ ပြောတာ ပါ။ Best before date ကို ကျော်လွန်သွားလည်းပဲ စားသုံးနိုင်၊ အသုံးပြုနိုင်ပါတယ်။ သိုလှောင်သိမ်းဆည်းမှုကတော့ စနစ်ကျရ မှာပေါ့။ တချို့ စားသောက်ကုန်တွေမှာဆိုရင် “refrigerate after open” “consume within the best before date mentioned” ဆိုတဲ့ သတိပေး စာတန်းတွေ ပါရင်တော့ အဲဒီ ရက်မတိုင်မီ စားသုံးတာ အကောင်းဆုံးနဲ့ ဘေးအန္တရာယ်အကင်း ဆုံး ဖြစ်ပါတယ်။ “Use by” ကတော့ ဆေးဝါးတွေ၊ အလှကုန် တွေ၊ လျှပ်စစ်နဲ့ အီလက်ထရောနစ်ပစ္စည်းတွေမှာ တွေ့ရတတ်ပြီး ဆံပင်ဆိုးဆေးနဲ့ ခေါင်းလျှော်ရည်တချို့မှာလည်း ဖော်ပြတတ်ပါ တယ်။ အထူးသဖြင့် အပင်၊ အရွက်၊ အသီးအဖုနဲ့ စီမံဖော်စပ်ထား တဲ့Indigenous Medicine တွေမှာ အမှားမခံတဲ့ အာနိသင်ကို အပြည့်အ၀ ရရှိစေပြီး အလွန်တိကျတင်းကျပ်တဲ့ စည်းကမ်းချက် တွေနဲ့ ထားသို စီမံ စားသုံးရမှာ ဖြစ်တာကြောင့် အဲဒီ Use by ဆိုတာကို အတိအကျ ဖော်ပြပြီး လိုက်နာဖို့လည်း သတိပေးထား တာ တွေ့ရတတ်ပါတယ်။
Best before သတ်မှတ်ရက်ကို ကျော်လွန်ပြီး ထားသို ရောင်းချတဲ့ အစားအသောက်တွေဟာ အန္တရာယ်ဖြစ်စေလိမ့်မယ် လို့ တစ်ထစ်ချ သတ်မှတ်လို့ မရပါဘူး။ ဒါပေမဲ့ လတ်ဆတ်မှု (Freshness) ၊ ပါဝင်အာဟာရ ပြည့်ဝမှု (Nutrition Value)၊ အရသာ(Taste) ကတော့ အနည်းနဲ့ အများ ထိခိုက်လျော့နည်း မှု ရှိနိုင်ပါတယ်။
ဒီနေရာမှာ ကြက်ဥတွေကတော့တစ်မျိုး ဖြစ်ပါတယ်။ ကြက်ဥတွေဟာ ထားသိုမှုနဲ့ အပူချိန်ပေါ် မူတည်ပြီး Salmo-nella Bacteria ကူးစက်ခံရတတ်ပြီး အဲဒီပိုးမွှားဟာလည်း အချိန်နဲ့အမျှ ဆပွား များပြားလာတတ်တာကြောင့် ကြက်ဥ၊ ဘဲဥ တွေကို ဖော်ပြပေးတဲ့ Best before သတ်မှတ်ရက်မတိုင်မီ စား သုံးပစ်ဖို့ လိုအပ်ပါတယ်။ မစားမီမှာလည်း ကြက်ဥခွံပေါ်မှာ ကပ် နေတဲ့ ဖုန်မှုန့်၊ ရွှံ့နှစ်နဲ့ ကြက်ချေးတွေကို ပြောင်စင်အောင် သန့် ရှင်းပစ်ဖို့ လိုပါတယ်။ အဲဒါကို Consume before specific date လို့ ခေါ်ပါတယ်။
တချို့ စားသောက်ကုန်တွေမှာ Open dating သတ်မှတ် ထားပြီး ဖွင့်ဖောက်ပြီး ဘယ်နှရက် (တစ်ပတ်၊ တစ်လ)အတွင်း မှာ စားသုံးဖို့ ညွှန်ကြားသတိပေးထားတာ ရှိပါတယ်။
ဆက်လက်ဖော်ပြပါမည်။…..
- #Soe_Khaing
- #mawkun
- #magazine
- #chronicle