ဦးကျော်နိုင် စွမ်းအင်မူဝါဒဆိုင်ရာ လေ့လာသုံးသပ်သူ

ဦးကျော်နိုင် စွမ်းအင်မူဝါဒဆိုင်ရာ လေ့လာသုံးသပ်သူ

၂ဝ၁၈၊ နိုဝင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၉)မှ သတင်းဆောင်းပါး  ဖြစ်ပါသည်။

ကျော်ဇေယျ တွေ့မေးသည်။

ကုန်သွယ်မှုလိုငွေ အမြဲလိုလိုပြနေပြီး သွင်းကုန် များလွန်းနေတဲ့ ဒီနိုင်ငံမှာ စက်သုံးဆီဟာလည်း အရေးကြီး သွင်းကုန်ပစ်္စည်း တစ်မျိုးပါ။ အခုတော့ သမိုင်းတစ်လျှောက် ဒီကုန်ပစ်္စည်းဟာ စံချိန်တင် အမြင့်ဆုံးဈေးနှုန်းကို ရောက်ရှိနေပါပြီ။ စက်သုံးဆီဈေးနှုန်းမြင့်တက်လာခြင်းနဲ့အတူ အထွေထွေ ကုန်ပစ်္စည်းသယ်ယူပို့ ဆောင်ရေးစရိတ်တွေလည်း မြင့်တက်လာသလို အခြေခံကုန်ဈေးနှုန်းတွေ လည်း တိုးမြင့်လာနေပါတယ်။

လက်ရှိ စက်သုံးဆီဈေးနှုန်းတွေ တက်နေရတာဟာ စက် သုံးဆီတင်သွင်းသူတွေပြောသလို အမေရိကန်ဒေါ်လာ ဈေးနှုန်း တက်နေတာကြောင့်ဆိုတာ ဖြစ်နိုင်သလား။ အစိုးရအနေနဲ့ရော စက်သုံးဆီကဏ္ဍမှာ ဘယ်လို ဖြေရှင်းဆောင်ရွက်သင့်သလဲ။ အများပြည်သူအပေါ်မှာ တိုက်ရိုက်သက်ရောက်တဲ့ ဒီစက်သုံးဆီ ကဏ္ဍ အကျပ်အတည်းကို ရေရှည်မှာ ဘယ်လိုဖြေရှင်းသင့်သလဲ ဆိုတာတွေကို  စွမ်းအင်မူဝါဒဆိုင်ရာ လေ့လာသုံးသပ်သူဖြစ်တဲ့ အလွတ်တန်းအကြံပေး တစ်ဦးဖြစ်သူ ဦးကျော်နိုင်ကို မော်ကွန်း မဂ်္ဂဇင်းက တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

မော်ကွန်း။  ။ ဒီမှာက အမေရိကန်ဒေါ်လာဈေး တက်လာရင် စက် သုံးဆီဈေးနှုန်းက တက်လာတယ်၊ ဒါပေမဲ့ အမေရိကန်ဒေါ်လာ ဈေး ပြန်ကျသွားရင်တော့ စက်သုံးဆီဈေးနှုန်းက မကျတော့ဘူး။ ဒီလိုဖြစ်ရတာဟာ ဘယ်လို အခြေခံတွေကြောင့်ပါလဲ။

ဦးကျော်နိုင်။  ။ နိုင်ငံတကာမှာတော့ ဒီရေနံကုန်ကြမ်းပေါ့၊ ဒါက အနာဂတ်ကိုကြည့်ပြီး အရောင်းအဝယ်လုပ်ကြပါတယ်။ (အနာဂတ်ကိုကြိုတင်အရောင်းအဝယ်လုပ်တယ်ဆိုတာ ရေနံစိမ်းကုန် ကြမ်းကို နေ့စဉ် ရောင်းဝယ်တာမျိုး မဟုတ်ဘဲ ဥပမာ ခြောက် လစာ၊ တစ်နှစ်စာစသဖြင့် ကြိုတင်စုဆောင်းဝယ်ယူပြီး ချက်လုပ် ရောင်းချတဲ့ အရောင်းအဝယ်စနစ်ကို ဆိုလိုတာပါ) အနာဂတ်ကို ကြိုတင်အရောင်းအဝယ်လုပ်ကြတဲ့အတွက် လတ်တလော ဒေါ်လာဈေးတက်တာကြောင့် ရေနံ သို့မဟုတ် ရေနံနဲ့ ဆက်စပ် ပစ်္စည်းဖြစ်တဲ့ ဒီလိုစက်သုံးဆီဈေးနှုန်းတွေ တက်ကြတာဟာ တိုက်ရိုက်သက်ဆိုင်မှုမရှိဘူးလို့ ပြောနိုင်တယ်။ ရေနံအရောင်း အဝယ်ဟာ အနာဂတ်ဈေးနှုန်းကို ကြိုတင်အရောင်းအဝယ်လုပ် ကြတဲ့ ဈေးကွက်သာလျှင်ဖြစ်ပါတယ်။

နိုင်ငံတကာ ရေနံရောင်းဝယ်ရေး ဈေးကွက်မှာတော့ မြန်မာက ပါဝင်မနေပါဘူး။ ဘာကြောင့်လဲဆိုရင် မြန်မာ့ ရေနံ ထုတ်လုပ်မှုက နည်းပါးပြီး သက်ရောက်မှုလည်း မရှိပါဘူး။ တင် သွင်းရတဲ့သူပေါ့။ (က်္ဘာလုံးဆိုင်ရာစွမ်းအင်အရင်းအမြစ်ကော် မတီရဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံဟာ တစ်နှစ်ကို ရေနံ စိမ်း တန်ချိန် ရှစ်သိန်းခန့်သာ ထုတ်လုပ်နိုင်ပြီး လိုအပ်ချက်က တစ်နှစ်ကို တန်ချိန် သုံးသန်းခန့်ရှိတယ်လို့ ဆိုပါတယ်)

နောက် က်္ဘာ့ဈေးကွက်အရ ဒေါ်လာဈေးနှုန်းအတက် အကျနဲ့ ရေနံဈေးနှုန်းကလည်း အဆက်အစပ်ကြီး သိပ်ရှိလှတာ မဟုတ်ပါဘူး။ လက်ရှိ အမေရိကန်ဒေါ်လာဈေးနှုန်းတွေ ဖြစ်ပေါ် နေရတာက အမေရိကန်နဲ့ တရုတ်တို့ ဖြစ်နေတဲ့ ကုန်သွယ်ရေး စစ်ပွဲကြောင့် ဖြစ်ပေါ်နေရတဲ့ ဈေးပေါ့။ ဒါက ဖြစ်လေ့ဖြစ်ထရှိတဲ့ ဟာဖြစ်ပြီး က်္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံတွေရဲ့ စီးပွားရေး တည်ငြိမ်မှုမရှိရင် မရှိသလို ငွေကြေးကလည်း မတည်ငြိမ်တာ တွေက သာဓကအများကြီးပါ။

ရေနံဈေးနှုန်းကတော့ ဝယ်လိုအားများရင် ဈေးတက် တယ်။ ဝယ်လိုအားကျရင်ဈေးကျတယ်။ နောက် ရေနံထုတ်လုပ် တင်ပို့ ရောင်းချတဲ့ နိုင်ငံတွေက နိုင်ငံရေးအရ ရေနံဈေးကို ကစား တဲ့အခါမှာ ဈေးနှုန်း၊ အတက်အကျတွေဖြစ်တတ်တယ်။ ဥပမာ ရေနံထုတ်လုပ်မှုကို လျှော့ချပစ်လိုက်တာတို့၊ ဘာတို့ပေါ့။

ကုန်ခဲ့တဲ့ နှစ်တွေထဲက ဈေးနှုန်းကို ပြန်ကြည့်ရင် ရေနံဈေး က အကျဘက်မှာပဲ ရှိတယ်။ ဆိုလိုတာက အနာဂတ်ဈေးကွက်ကို ကြိုတင်ချိန်ဆလုပ်ကိုင်ကြတဲ့ ဒီဝန်းကျင်မှာ ဈေးနှုန်းက တက် စရာမရှိဘူးပေါ့။ ပြောချင်တာက နိုင်ငံတကာ အလေ့အကျင့်အရ ဆိုရင် ရေနံဈေးနှုန်း အတက်အကျနဲ့ ဒေါ်လာဈေးအတက်အကျ ဟာ သက်ဆိုင်မှုမရှိဘူး။ မပတ်သက်ဘူး။

သို့သော် မြန်မာနိုင်ငံအနေနဲ့ ဘာကြောင့် ပတ်သက်နေ သလဲဆိုတော့ တင်သွင်းနေရတဲ့အတွက် အမေရိကန်ဒေါ်လာကို ပြည်တွင်းမှာ ရှာဖွေဝယ်ရတယ်၊ ပြီးမှ တင်သွင်းရတယ်။

ဒီလို အမေရိကန်ဒေါ်လာကို ရှာဖွေဝယ်ယူပြီး တင်သွင်းရ တာကြောင့် ဈေးနှုန်းတက်ရတယ်ဆိုရင် ဖြစ်သင့်တဲ့ စက်သုံးဆီ ဈေးနှုန်းတွေက မြန်မာငွေကြေးနဲ့ အမေရိကန် ဒေါ်လာငွေကြေး ကြားမှာ ငွေဈေးကွာဟမှု ရာခိုင်နှုန်းအထိပဲ ဈေးနှုန်းက တက် သင့်တယ်။

ဥပမာ- အမေရိကန်ဒေါ်လာဟာ မြန်မာငွေထက် ငါးရာခိုင် နှုန်းဈေးမြင့်လာတယ်ဆိုရင် စက်သုံးဆီ ဈေးနှုန်းလည်း လိုက်မြင့် မယ်။ ဒေါ်လာက ငါးရာခိုင်နှုန်း ပြန်ကျလာမယ်ဆိုရင် သူလည်း လိုက်ကျရမယ်။ ဒါဆိုရင် သင့်တင့်မျှတတယ်လို့ ပြောလို့ရမယ်။

အစိုးရက ဒေါ်လာငွေကြေးကစားသူတွေကို အရေးယူမှု တွေ မလုပ်ခင်အထိ မြန်မာငွေတန်ဖိုးဟာ တောက်လျှောက် ကျဆင်းခဲ့ရတယ်။ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေကျပ် ၁,၆၀၀ ကျော်လောက်အထိ ဖြစ်ခဲ့ရတယ်။ အဲဒီကာလမှာ စက်သုံးဆီဈေးကွက်ကိုပြန်ကြည့်ရင် အမေရိကန်ဒေါ်လာတန်ဖိုး တက်နှုန်းထက်ကို စက်သုံးဆီဈေးနှုန်း တက်တာက ပိုမြင့်တယ်။  အခုဆိုရင် မြန်မာကျပ်ငွေက အမေရိကန်ဒေါ်လာနဲ့ ယှဉ်ရင် ပြန် တက်လာပြီ(အောက်တိုဘာ ဒုတိယအပတ်)၊ ပြန်မာလာပြီပေါ့။ အတက်ဘက်ကို ရောက်လာပြီ။ ဒါပေမဲ့ စက်သုံးဆီဈေးနှုန်းက ဆက်တက်နေတုန်းပဲ။

စက်သုံးဆီ တင်သွင်းသူတွေဘက်က ဆင်ခြေကတော့ အရင်တုန်းက ဈေးကြီးပေးဝယ်ခဲ့ရတဲ့အတွက်ကြောင့်ဖြစ်တာ လို့ဆိုတယ်။ ဒီလိုဆိုရင် ပြည်သူတစ်ယောက်အနေနဲ့ မေးချင်တာ က သူတို့ အဲဒီဆီတွေကို နေ့စဉ်၊ တစ်ရက်ချင်း ဝယ်တာလား။ မဟုတ်ဘူးလေ။ ကာလတစ်ခုမှာ ဝယ်ပြီး၊ သူတို့ သယ်လာပြီး၊ ဒီမှာ သိုလှောင်ရောင်းချတာပဲလေ။ ပြီးတော့ ဈေးတက်တယ်ဆို တာလည်း အကန့်အသတ်တစ်ခုတော့ ရှိသင့်တယ်။ အဲဒီလို မဟုတ်ဘဲ နေ့တိုင်း အတက်ချည်း လုပ်နေတာကတော့ အခြေ အနေကို အခွင့်ကောင်းယူပြီး ဒီဆီသွင်းခွင့်ရထားတဲ့လူတွေမှာ ဘာအစီအစဉ်ရှိမလဲပေါ့လေ။

ရိုးရိုးအကြံအစည်ဖြစ်တဲ့ ငွေအမြတ်များများလိုချင်လို့ပဲလား၊ ဒါမှမဟုတ် နိုင်ငံရေးအရ အစီအစဉ်တွေရော ရှိနေတာလား ဆိုတာ မေးစရာပဲ။ ဘာကြောင့် နိုင်ငံရေးအရ အစီအစဉ်တွေ ရှိ မနေနိုင်ဘူးလားလို့ မေးခွန်းထုတ်ရသလဲဆိုတော့ နိုင်ငံတကာမှာ ဆိုရင် အမေရိကန်ဒေါ်လာနဲ့ ရေနံဈေးနှုန်းအတက်အကျသည် သိပ်ပြီး ဆက်စပ်မှု မရှိသော်လည်း ရေနံဈေးနှုန်းအတက်အကျနဲ့ နိုင်ငံရေးကတော့ တိုက်ရိုက်ဆက်စပ်တယ်။

ဥပမာ-မလေးရှားမှာဆိုရင် အခု အနိုင်ရထားတဲ့ အစိုးရ ဟာ သူတို့သာ အနိုင်ရရင် ရေနံဈေးနှုန်းကို တည်ငြိမ်အောင် လုပ်ပေးမယ်ဆိုပြီး မဲဆွယ်ခဲ့တာရှိတယ်။ အခြားဥပမာတွေလည်း နိုင်ငံတကာမှာ အများကြီးရှိတယ်။ နိုင်ငံရေးနဲ့ ရေနံဈေးနှုန်းဟာ တိုက်ရိုက်ဆက် စပ်တယ်ဆိုတာ။

ဘာကြောင့် အခြားကုန်ပစ်္စည်းတွေကမဖြစ်ဘဲ ရေနံကျမှ ဘာကြောင့် (နိုင်ငံရေးနဲ့)ဆက်နွှယ်သလဲဆိုတော့ တခြားကုန် ပစ်္စည်းတွေက ဥပမာ- ရန်ကုန်မှာဆိုရင် မကြာသေးခင်က နိုင်ငံ ခြားအရက်တွေ မရောင်းရဘူးလို့ သတ်မှတ်လိုက်တယ်။ ဒီ သတ်မှတ်ချက်ကြောင့် ထိခိုက်သက်ရောက်မှာက ဒီလို အရက် မျိုးကို ဝယ်ယူသောက်သုံးနိုင်တဲ့ လူတန်းစားတစ်လွှာကိုသာ ထိ ခိုက်သက်ရောက်မှုရှိတယ်။ ကျန်သူ လူတန်းစားကို သက်ရောက် မှု မရှိဘူး။

ထိုနည်းတူပဲ မြန်မာနိုင်ငံမှာ ကုန်ခဲ့တဲ့နှစ်တုန်းက အဲ ယားကွန်းစက်တွေကို ဇိမ်ခံပစ်္စည်းလို့ သတ်မှတ်ပြီး အခွန်ကို ၁၀ ရာခိုင်နှုန်း တိုးမြှင့်လိုက်တယ်။ အဲယားကွန်းဈေးနှုန်းတွေ တက် သွားတယ်။ သို့သော် ဒီသက်ရောက်မှုခံရတာက အဲယားကွန်း သုံးနိုင်တဲ့ လူတန်းစားတွေကိုသာ ထိခိုက်တာဖြစ်တယ်။ ကျေး လက်နေလူတန်းစား၊ နဂိုကတည်းက လျှပ်စစ်မီးမရတဲ့ လူတွေ အတွက် သက်ရောက်မှုမရှိဘူး။ ဆိုလိုချင်တာက တခြားမည် သည့်ကုန်ပစ်္စည်းမျိုးမဆို ဈေးနှုန်း အတက်အကျ၊ အပြောင်းအလဲ ဖြစ်တာသည် သူတို့နဲ့ဆက်စပ်တဲ့ လူတန်းစား၊ အလွှာတစ်ခုကိုပဲ သက်ရောက်တာမျိုး ဖြစ်တယ်။

ဒါပေမဲ့ ရေနံထွက်ပစ်္စည်းနဲ့ ဆက်စပ်ပြီး ဈေးနှုန်း အပြောင်းအလဲ၊ အတက်အကျကတော့ အထွေထွေလူထုကို ထိ ခိုက်ခံရတယ်။ ဘာကြောင့်လဲဆိုတော့ သယ်ယူပို့ဆောင်ရေး စရိတ်တွေကို ထိခိုက်သွားတာကြောင့်။

ရေနံဈေးနှုန်းတွေကို တက်လိုက်တာနဲ့ ချမ်းသာတဲ့၊ ကိုယ် ပိုင်ကားစီးနိုင်တဲ့ လူလည်း ထိခိုက်တယ်။ အငှားယာဉ်မောင်း လည်း ထိခိုက်တယ်။ အငှားကားစီးတဲ့ လူတန်းစားလည်း ထိ ခိုက်တယ်။ ပြီးတော့ သယ်ယူပို့ဆောင်ကူးသန်းရောင်းဝယ်တဲ့ အခြေခံစားကုန်တွေ အကုန်လုံးလည်း ဈေးတွေ တက်ကုန်တယ်။ ဒီတော့ ရေနံကြောင့် တစ်နိုင်ငံလုံးကို ထိခိုက်ရတယ်လို့ ပြော နိုင်တာပေါ့။ ဒါကြောင့်နိုင်ငံတကာမှာဆိုရင် ရေနံဈေးနှုန်း၊ လောင်စာဆီဈေးနှုန်းကို အစိုးရတွေဟာ ရွေးကောက်ပွဲ လက် နက်တစ်ခုသဖွယ် အသုံးချကြလေ့ရှိတယ်လို့ ပြောကြတာပေါ့။

မော်ကွန်း။  ။ အခုဆိုရင် စက်သုံးဆီဈေးနှုန်းဟာ အတက်ဘက်ကို သွားနေတယ်။ မြန်မာငွေတန်ဖိုးပြန်တက်လာပေမယ့် စက်သုံးဆီ ဈေးနှုန်းက ဆက်တက်နေတုန်းပဲ။ ဒီရဲ့ အလားအလာနဲ့ အကျိုး ဆက်တွေက ဘာတွေများ ဖြစ်ပေါ်နိုင်သလဲ။

ဦးကျော်နိုင်။  ။ ကျွန်တော်တို့ စိုးရိမ်တာက ၂၀၀၇ ရွှေဝါရောင် အရေးအခင်းပေါ့။ ဒီအရေးအခင်းဘာကြောင့်ဖြစ်သလဲဆိုတာ အားလုံး အသိပဲ။ ဓာတ်ဆီဈေးနှုန်းတွေ တက်လိုက်တဲ့အခါမှာ နေ့ချင်း၊ ညချင်း ဘတ်စ်ကားခတွေဈေးတက်၊ သယ်ယူ ပို့ဆောင် ခတွေ ဈေးတက်ပြီး လူတွေအားလုံး ဒုက်္ခရောက်ခဲ့ကြရတယ်။

အခုတော့ တစ်ခု ကံကောင်းတာက လက်ရှိ အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်တစ်ခုဖြစ်တဲ့ ဘတ်စ်ကားစနစ်တစ်ခု လုံးက အရင်လို မထသ(မော်တော်ယာဉ်လိုင်းပေါင်းစုံထိန်းသိမ်း ရေးကော်မတီ) လက်ထဲမှာ မဟုတ်ဘဲနဲ့ြှ (့ညေါသည ကြျ ှနမလငခန) ဖြစ်နေတယ်။ တစ်နည်းအားဖြင့် အစိုးရ တိုက်ရိုက် ထိန်းထားတဲ့ သဘောပေါ့။ ဒီတော့ အခု ဆီဈေး တက်လာပေမယ့် လည်း ဘတ်စ်ကားခကို မတက်အောင် ထိန်းထားနိုင်တာ တွေ့ ရတယ်။

ဒီလို မတက်အောင် ထိန်းထားပေးတဲ့အတွက် လူတွေက အလုပ်သွားဖို့တော့ အခုထိ ပိုက်ဆံကုန်ကျစရိတ်က ပြဿနာ မရှိဘူး။ ၂၀၀၇ တုန်းကကျတော့ ဈေးနှုန်းတွေ တက်လာတဲ့ အတွက် အလုပ်သွားဖို့အတွက်ကို လမ်းစရိတ် မလောက်တော့ တာမျိုးတွေ ချက်ချင်းဖြစ်သွားတော့။ လူတွေရဲ့ ဒေါသဖြစ်မှုဟာ ထိုးတက်သွားတာပေါ့။ အခုကျတော့ ဘတ်စ်ကားခလို အခြေခံ ကျတဲ့ ကုန်ကျစရိတ်တွေဟာ မတက်သေးဘူး။ ထိန်းထားနိုင်  သေးတယ်။

နောက်တစ်ခုက လူထုက လက်ရှိအစိုးရအပေါ် အမြင်နဲ့ နားလည်မှု၊ ၂၀၀၇ အစိုးရအပေါ် အမြင်နဲ့ နားလည်မှုက အတော် လေးကွာတယ်။ ဟိုတုန်းကတော့ လူထုဟာ စိတ်တို၊ ဒေါသတွေ ထွက်နေတဲ့အချိန်။ ဒီမှာကျတော့ လူထုက အစိုးရကို နားလည်၊ သည်းခံမှုထားပေးနေတဲ့အချိန်။ ပြည်သူတွေက ဒီလိုဖြစ်နေရတာ တွေရဲ့ နောက်ကွယ်မှာ လက်မည်းတွေများ ရှိနေမလား။ တို့တွေ လမ်းပေါ်ထွက်လိုက်ရင် သူတို့ဆင်တဲ့အကွက်ထဲ ဝင်သွားမလား လို့ ချင့်ချိန်နေကြတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ကျွန်တော်အမြင်ကတော့ အခုလို စက်သုံးဆီဈေးနှုန်းတွေ မြင့်လာတာဟာ ပြည်သူကို လမ်းပေါ်ထွက်လာအောင် တွန်းပို့ နေတာလို့ သံသယတော့ဖြစ်မိတယ်။ လာမည့် နိုဝင်ဘာကြား ဖြတ်ရွေးကောက်ပွဲကြောင့်တော့ ဒီလိုလုပ်တာမျိုး မဟုတ်ပါဘူး။ အဓိကက အစိုးရကို မတည်မငြိမ်ဖြစ်အောင်၊ ပြည်ပဖိအားတွေ ရင်ဆိုင်နေရတဲ့အစိုးရကို ပြည်တွင်းဖိအားပါ တိုးအောင် တွန်းပို့ နေကြသလားလို့ သံသယတော့ဖြစ်မိပါတယ်။  နည်းမျိုးစုံနဲ့ လုပ် နေကြပေမယ့် ဒီတစ်ခေါက် အလှည့်ကျလာတာက စက်သုံးဆီ ဈေးအလှည့်ပေါ့လေ။

မော်ကွန်း။  ။ အခုဆိုရင် စက်သုံးဆီဈေးနှုန်းတက်လာခြင်းနဲ့ အတူ ကုန်ဈေးနှုန်းတွေကလည်း တက်လာတယ်ပေါ့။ ကျွန်တော် တို့ရဲ့ ဝယ်နိုင်စွမ်းအားဟာ ကျုံ့လာပြီ။ ဝင်ငွေတွေ လျော့သွားပြီ။ ဒီအပေါ်မှာ ပြည်သူက သည်းခံပေးနေပါတယ်ဆိုပြီး အစိုးရ တစ် ရပ်ဟာ ဒီအတိုင်းငြိမ်နေသင့်သလား။ ဖြေရှင်းမှုတစ်ခုခု စတင် လုပ်မပေးသင့်ဘူးလား။

ဦးကျော်နိုင်။  ။ ပြည်သူတွေက အစိုးရကို နားလည်ခွင့်လွှတ်ပေး နိုင်သလို အစိုးရက ဒီအပေါ်မှာအခွင့်ကောင်းယူပြီးတော့ ျွနူထေ (အေးအေးဆေးဆေး) လုပ်မနေသင့်ပါဘူး။ သူ့တာဝန်ကို သူယူ ရမယ်။ သူ့တာဝန်ကို သူ ယူရမယ်ဆိုရာမှာ ဘာကို ကိုးကားပြော ချင်သလဲ ဆိုတော့ ၂၀၀၈ အခြေခံဥပဒေကို ကိုးကားပြောချင် ပါတယ်။

ဒီအခြေခံဥပဒေရဲ့ ပုဒ်မ ၃၅ မှာ နိုင်ငံတော်ရဲ့ စီးပွားရေးစနစ် သည် ဈေးကွက်စီးပွားရေးစနစ်ဖြစ်သည်လို့ ကြေညာထားတယ်။ နောက် ပုဒ်မ ၃၆(ခ) မှာ ဘာပြောထားသလဲဆိုရင် ပြည်တွင်းမှာ လွတ်လပ်စွာ ယှဉ်ပြိုင်မှုကို ထိပါးစေမယ့် လူပုဂ်္ဂိုလ်တစ်ဦး၊ သို့ မဟုတ် အစုအဖွဲ့တစ်စုက ဈေးကွက်ကို ခြယ်လှယ်တာ၊ ချုပ် ကိုင်တာ၊ လွှမ်းမိုးတာတွေ လုပ်ပြီးတော့ ပြည်သူလူထု အကျိုး စီးပွားထိခိုက်အောင်လုပ်ရင် နိုင်ငံတော်က ကာကွယ်တားဆီးရ မယ်လို့ ပြောထားပြီးသား။

လက်ရှိ စက်သုံးဆီဈေးနှုန်းတွေ တက်နေတာသည် အခြေခံဥပဒေပုဒ်မ ၃၆(ခ)မှာ ပြဋ္ဌာန်းထားတဲ့ ပြည်သူလူထု အကျိုးစီးပွားကို ထိခိုက်လာပြီလေ။ တစ်နိုင်ငံလုံးကို ထိခိုက်လာ ပြီလေ။ ဒီလို ထိခိုက်လာနေရတာကလည်း ဒီပုဒ်မမှာ ပါဝင်တဲ့ အစုအဖွဲ့တစ်ခုက လုပ်နေတာကြောင့် ဖြစ်နေတာ။ စက်သုံးဆီ လုပ်ငန်းရှင်ကြီးများအသင်း ဆိုတဲ့ အစုအဖွဲ့တစ်ခုကနေပဲ ဒီ ဈေးနှုန်းတွေကို ထိန်းချုပ်ခြယ်လှယ်နေတာ ဖြစ်တယ်။

ဒီလိုဖြစ်နေတာတွေကို ကာကွယ်တားဆီးဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အစိုးရကို တာဝန်ပေးထားပေမယ့် မဖော် ဆောင်ပေးတာသည် အစိုးရတစ်ရပ်အနေနဲ့ တာဝန်မကျေဘူးလို့ သာ ပြောရမှာဖြစ်တယ်။ ပြည်သူလူထုကို ကာကွယ်ဖို့အတွက် အခြေခံဥပဒေမှာ ပေးထားပြီးသား။

မော်ကွန်း။ ။ နိုင်ငံတကာမှာဆိုရင် ဒီကဏ္ဍဟာ နိုင်ငံရေးအရ ကစားလို့ ကောင်းတဲ့၊ ကစားကြတဲ့ ကဏ္ဍလို့ ဆိုတယ်။ အခု အစိုးရအနေနဲ့ ဒီကဏ္ဍအပေါ် ကိုင်တွယ်ဖြေရှင်းနေပုံတွေအပေါ်မှာရော ဘယ်လို မြင်ပါသလဲ။

ဦးကျော်နိုင် ။ ။ လက်ရှိအစိုးရ ပြောဆိုနေတာတွေဟာ ဝိနည်း လွတ်၊ ဆင်ဝှေ့ရန်ရှောင်တွေချည်းဖြစ်တယ်။ ဆိုပါတော့ နိုင်ငံ တကာ ကုမ်္ပဏီတွေအနေနဲ့ ဒီနိုင်ငံမှာ စက်သုံးဆီဆိုင်လုပ်ငန်း လာရောက်လုပ်ကိုင်တာကို မတားမြစ်ထားဘူးလို့ အစိုးရက ပြောတယ်။ သို့သော် အဲဒီလိုင်စင်ရရှိဖို့အတွက်  လျှပ်စစ်နှင့် စွမ်း အင်ဝန်ကြီးဌာနထံကနေ ပါမစ်ယူဖို့ လိုတယ်။

အစိုးရကတော့ မတားမြစ်ဘူးလို့ ပြောတယ်။ ဒါပေမဲ့ ဝန်ကြီးဌာနက ပါမစ်မပေးရင် လုပ်မရပြန်ဘူး။ အစိုးရက ချမှတ် ထားတဲ့ မူဝါဒကို ဝန်ကြီးဌာနက အကောင်အထည်ဖော်ပေးရမှာ မဟုတ်လား။ အခုက အစိုးရ ဖွင့်ပေးထားပါတယ်လို့ ပြောရင် အောက်မှာရှိတဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကော်မရှင်တို့က တက်တက်ကြွကြွ ဆောင်ရွက် ကြရမှာ မဟုတ်ဘူးလား။ ဒီလို နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေ လာချင်အောင် သူတို့က အခွင့်အလမ်းတွေကို ဖန်တီးပေးရမှာ မဟုတ်ဘူးလား။

အစိုးရအနေနဲ့ ဖြစ်သင့်တာက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနက ပါမစ်ပေးရင်ရမယ် ဆိုတာမျိုး မဖြစ်ရဘူး။ လုပ်ချင်တဲ့သူ လာလျှောက် ရကို ရရမယ်လို့ အာမခံပေးနိုင်ရမယ်။ ဥပမာ- သတ်မှတ်ချက်တွေ ပြဋ္ဌာန်းထုတ်ပြန်ပြီး ဒီအချက်တွေနဲ့ ညီတဲ့ ဘယ်နိုင်ငံတကာကုမ်္ပဏီမဆို ဝင်ရောက်ရင်းနှီးမြှုပ်နှံနိုင်တယ် လို့ ထုတ်ပြန်ထားမယ်ဆိုရင် ပိုကောင်းတာပေါ့။ ပါမစ်အတွက် အကန့်အသတ်ဆိုတာလည်း ပြေပျောက်သွားတာပေါ့။

ဒီလူတွေလာမှ ဈေးကွက်ယှဉ်ပြိုင်မှုတွေ ပေါ်ထွန်းလာမှ ဒီစက်သုံးဆီဈေးနှုန်းတွေက ကျဆင်းသွားမှာလေ။ ဒီလို ဈေးနှုန်း တွေ ကျလာမှ ပြည်သူ့အကျိုးစီးပွားမထိခိုက်မှာ။ အစိုးရ အနေနဲ့ ပြည်သူ့အကျိုးစီးပွားကို ဖော်ဆောင်ရာ ရောက်မှာလေ။ ရုံးခန်း တံခါးဖွင့်ထားရုံနဲ့ တံခါးဖွင့်ထားပါတယ်လို့ ပြောလို့ မရဘူး။

မော်ကွန်း။  ။ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်ရင် ဒီနိုင်ငံမှာ တိုင်း ရင်းသားလုပ်ငန်းရှင် အကျိုးစီးပွား ကာကွယ်ရေး ဆိုတာမျိုးနဲ့ အစိုးရအဆက်ဆက်က ကျင့်သုံးခဲ့ကြတယ်။ အကျိုးဆက်အဖြစ်  ပြည်သူတွေသာ နောက်ဆုံး ခါးစည်းခံရတာချည်းပဲ။ ဒီအစိုးရ လက်ထက်မှာရော ဒီလို အစဉ်အလာတွေဟာ ရှိသင့်သေး သလား။

ဦးကျော်နိုင်။  ။ မရှိသင့်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ နိုင်ငံ တော်အနေနဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ရမယ် လို့ ဆိုတဲ့အခါမှာ နိုင်ငံသားလက်တစ်ဆုပ်စာရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့မဟုတ်ဘူး။ နိုင်ငံသားအများစုရဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးရမှာ ဖြစ်တယ်။ ဆုံးဖြတ်ချက်တွေ ချရတဲ့အခါ လက်တစ်ဆုပ်စာလူစုနဲ့ အများစုရဲ့ အကျိုးစီးပွား ထိပ်တိုက်တွေ့ မှုတွေ ဖြစ်လာတဲ့အခါ အစိုးရက အများစုဘက်က ရှေးရှုရပ်တည် ပေးသင့်တယ်။ မဟုတ်ဘဲနဲ့ လက်တစ်ဆုပ်စာ လူတစ်စုအကျိုး စီးပွားကို ကာကွယ်ရင်းနဲ့ ကျန်တဲ့အများစုကြီး ထိခိုက်နစ်နာရ မယ်ဆိုရင်ကတော့ အစိုးရရဲ့ ရပ်တည်ချက်ဟာ မမှန်ဘူးလို့ ပြောရမယ်။

ဒီလို (လူတစ်စုအတွက်) ရပ်တည်ပေးခဲ့တာဟာလည်း အစိုးရအဆက်ဆက်ပဲ။ ၁၉၈၈နောက်ပိုင်းက စလို့ ၂၀၁၅ ရွေး ကောက်ပွဲမတိုင်မီအထိ အစိုးရတွေဟာ ဒီလူတစ်စုစာအတွက် သာ အကာအကွယ်ပေးခဲ့ကြတာ။ ဒါကြောင့် လက်ရှိ အစိုးရကို ပြည်သူအများစု ရွေးချယ်ခဲ့တာဟာလည်း ဒီအစိုးရကတော့ ငါတို့ကို ဒီလိုလူတွေလက်ကနေ အကာအကွယ်ပေးမှာပါလို့ ယုံကြည်မျှော်လင့်ချက်နဲ့ ရွေးချယ်ခဲ့ကြတာပါ။

အပြောင်းအလဲတွေဟာ နေ့ချင်းညချင်းဖြစ်လာစရာ အကြောင်းမရှိဘူးဆိုတဲ့ စကားက မှန်ပါတယ်။ သို့သော် အစိုးရရဲ့ လုပ်ဆောင်ချက်တွေဟာ၊ တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက်နေမှု တွေဟာ လက်တစ်ဆုပ်စာလူစုရဲ့ အကျိုးစီးပွားကို ကာကွယ် တာမဟုတ်ဘဲ အများစုသော ပြည်သူတွေရဲ့ အကျိုးစီးပွားကို ကာ ကွယ်နေတာပါဆိုတဲ့ လုပ်ရပ်တွေကို မြင်နေရရင် ပြည်သူတွေက စောင့်ဖို့အတွက် စိတ်ရှည်ပါဦးမယ်။

အခုတော့ မြင်နေရတာက မူဝါဒတွေ၊ ဝန်ကြီးဌာနတွေရဲ့ လုပ်ရည်ကိုင်ရည်တွေက အများစုသောပြည်သူတွေရဲ့ အကျိုး စီးပွားထက်၊ လက်တစ်ဆုပ်စာသော လူစုရဲ့ အကျိုးစီးပွားကို ကာကွယ်နေတယ်ဆိုတဲ့ အနေအထားတွေပဲ ဖြစ်နေတဲ့အတွက် ကျွန်တော်အနေနဲ့ပြောရရင် အစိုးရကို အားမလိုအားမရတော့ ဖြစ်မိပါတယ်။

မော်ကွန်း။ ။ ကျွန်တော်တို့မှာ ရေနံချက်စက်ရုံတွေအဖြစ် သန် လျင်ရေနံချက်စက်ရုံရယ်၊ သံပရာကန်ရေနံချက်စက်ရုံရယ် ဆိုပြီး စက်ရုံနှစ်ရုံ ရှိပါတယ်။  ပြည်ပကနေ ရေနံစိမ်းကို ဝယ်ပြီး ဒီစက်ရုံ တွေမှာ ချက်လုပ်၊ ပြည်တွင်းကို ဖြန့် ဖြူးပေးရင်ရော မဖြစ်နိုင်ဘူး လား။ နောက်တစ်ခုက ၂၀၁၅ အမျိုးသားစွမ်းအင်မူဝါဒထဲမှာဆို ရင် သံပရာကန် ရေနံချက် စက်ရုံဝင်းထဲမှာ တစ်ရက်ကို ဆီပေပါ ၂၀,၀၀၀ ကျ ရေနံချက်စက်ရုံတစ်ရုံ တည်ထောင်မည်ဆိုပြီး အတိ အလင်း မူဝါဒ ချထားတယ်။ ဒါလည်း အခုအထိ မတွေ့ရဘူး။ အခု တော့ ပြည်တွင်းစက်သုံးဆီဈေးတွေကလည်း မြင့်သထက်မြင့် လာသလို ဒီအပေါ်မှာ အစိုးရက ကိုင်တွယ်ဖေးမပေးမယ့် အစီ အမံတွေလည်း မတွေ့ရပါဘူး။ ဒီအပေါ်မှာရော ဘယ်လို သုံးသပ် ချင်ပါသလဲ။

ဦးကျော်နိုင် ။ ။ ဒီအတွက် တာဝန်အရှိဆုံးကတော့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးပါပဲ။ အခုလို သူများနိုင်ငံက ချက်လုပ်ပြီးသား စက်သုံးဆီတွေကို ဝယ်ယူမယ့်အစား ရေနံစိမ်းကို ဝယ်ယူတဲ့ အတွက် ဈေးနှုန်းဟာ ပိုသက်သာမယ်။ အခုချက်လုပ်ပြီးသား ဝယ်သုံးနေတော့ စင်ကာပူက ချက်လုပ်မှုကုန်ကျစရိတ်တွေပါ ထည့် တွက်ချက်ရောင်းလိုက်တာလေ။ ကိုယ့်စက်ရုံနဲ့ကိုယ်ရေနံစိမ်းဝယ်ချက်မယ်ဆိုရင် ချက်လုပ်ရောင်းချမှုအတွက် အမြတ် တင်ထားတဲ့ စရိတ်တွေကို လျှော့ချနိုင်မယ်လေ။

တကယ်တမ်းပြောရရင်တော့ ဒီကစက်ရုံတွေဟာ သံချေးတောင်တက်နေပြီလားမသိနိုင်ဘူး။ တကယ်သာ ဒီလို ချက်လုပ် နိုင်မယ်ဆိုရင် စက်ရုံလည်ပတ်နိုင်မယ်၊။ ပြည်သူတွေလည်း အလုပ်အကိုင်ရမယ်။ ပြီးတော့ စက်ပစ်္စည်းတွေအဆင့်မမီလို့ ဒါကို အဆင့်မြှင့်မယ်ဆိုရင်လည်း ဒီကဏ္ဍမှာ ရင်းနှီးမြှုပ်နှံချင်တဲ့ နိုင်ငံတကာလုပ်ငန်းတွေကို ပေးလုပ်မယ်ဆိုရင် ဒါက စီးပွားရေး အရရော၊ လူမှုရေးအရရော ကောင်းမယ့်၊ လုပ်သင့်တဲ့လုပ်ငန်းလို့ မြင်ပါတယ်။

ဘာကြောင့်မလုပ်ကြသလဲတော့ မသိဘူး။ စာရွက်ပေါ်မှာ မူဝါဒကို ချရေးထားပြီး အကောင်အထည်ကြတော့ မဖော်ဘူးလို့ ပြောရမှာပေါ့။ ဘာကြောင့် မဖော်နိုင်သလဲ ဆိုတာကိုလည်း ပြည် သူက မသိရဘူး ဖြစ်နေတယ်။ ဒီအဖြစ်အပျက်ကို ဝန်ကြီးဌာန အနေနဲ့ အပြည့်အဝတာဝန်ယူသင့်တယ်။

မော်ကွန်း။  ။ နောက်တစ်ခုက ကျွန်တော်တို့က ရေနံမကြွယ်ဝပေ မယ့် သဘာဝဓာတ်ငွေ့ အများအပြားရှိပါတယ်။ အများပြည်သူနဲ့ သက်ဆိုင်တဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ ရေနံထွက်ပစ်္စည်း တွေကို သုံးနေမယ့်အစား ဒီသဘာဝဓာတ်ငွေ့ကို သုံးလို့ ရလျက်နဲ့ အသုံးမချနိုင်တာကရော ဘာကြောင့်လို့ ထင်ပါသလဲ။ အများ ပြည်သူနဲ့ သက်ဆိုင်တဲ့ ဒီလို စက်သုံးဆီကဏ္ဍမှာ အစိုးရက အာရုံ မရှိတာလား။ သို့မဟုတ် စက်သုံးဆီကဏ္ဍကို လူတစ်စု၊ အစုအဖွဲ့ တစ်ခုကိုပဲ လုံး၀ လွှဲအပ်ထားသလား။ ဘယ်လိုမြင်ပါသလဲ။

ဦးကျော်နိုင် ။ ။ သံသယဖြစ်စရာက စက်သုံးဆီတင်သွင်းဖြန့်ဖြူးမှုအပိုင်းနဲ့ပတ်သက်ရင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှာ ရှိတဲ့ မူဝါဒ ချမှတ်သူတွေဟာ အကျိုးစီးပွားဆိုင်ရာ ပဋိပက်္ခတွေ မကင်းရှင်းကြဘူးလို့ ကျွန်တော်မြင်ပါတယ်။

မကင်းရာမကင်းကြောင်းတွေ ရှိနေတာကြောင့်လည်း လုပ်သင့်လုပ်ထိုက်တာတွေ မလုပ်ဘဲနဲ့ မလုပ်သင့်မလုပ်ထိုက် တာတွေကို လုပ်နေကြတယ်လို့ မြင်ရတယ်။  ဟိုအရင်တုန်းက ဆိုရင် သဘာဝဓာတ်ငွေ့နဲ့ မောင်းတဲ့ကားတွေ အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ အများကြီးပေါ်ထွက်လာတယ်။ အခု ဘာကြောင့် ဒါကို ဆက်မလုပ်ကြတော့တာလဲ။ အရင်တုန်း က လုပ်နိုင်ခဲ့ပြီး အခုတော့ ဘာကြောင့် မလုပ်နိုင်ရသလဲဆိုတာ တကယ်ကို မေးစရာကောင်းတဲ့ မေးခွန်းပဲ။

သဘာဝဓာတ်ငွေ့နဲ့သာ လုပ်နိုင်ရင် သယ်ယူပို့ဆောင်ရေး စရိတ်က အများကြီးသက်သာသွားမှာပဲ။ အစားထိုးလောင်စာ ရှိနေပြီဖြစ်တဲ့အတွက် ဆီလုပ်ငန်းရှင်တွေလည်း အခုလို ဈေး နှုန်းမြင့်မားအောင် လုပ်ဆောင်တာတွေ လုပ်လို့ရမှာ မဟုတ် တော့ဘူး။

ဝန်ကြီးဌာနထဲက မူဝါဒချမှတ်နိုင်ခွင့် ရှိတဲ့လူတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်အကျိုးစီးပွားတွေ ရှိကောင်းရှိနေနိုင်လိမ့်မယ်။ အများပြည်သူသက်သာဖို့ဆိုတာကို သူတို့က စဉ်းစားချင်မှ စဉ်း စားမယ်။

မော်ကွန်း။ ။ စက်သုံးဆီဈေးနှုန်းကတော့ အမြင့်ဆုံးဈေးကို  သမိုင်းဝင်ရောက်ရှိနေပြီ။ ဒီဟာ ပြန်ကျသွားဖို့အတွက် ဘာတွေ လုပ်လို့ရမလဲ။ ဘာတွေများ အစိုးရအနေနဲ့ လုပ်သင့်သလဲ။

ဦးကျော်နိုင် ။ ။ ဒီနိုင်ငံကို ဆီတင်သွင်းနိုင်တဲ့ ကုမ်္ပဏီတွေဟာ လက်တစ်ဆုပ်စာပဲ ရှိပါတယ်။ လက်ရှိ ဆီရောင်းချနေတဲ့ ဆီဆိုင် တွေအားလုံးသည် ဆီတင်သွင်းနိုင်ခြင်း မရှိကြဘူး။ ဘာကြောင့် လဲဆိုရင် ဆီသယ်သင်္ဘောနဲ့ လာတာက တန်ချိန် သောင်းချီ တင် လာတာ။ ဆီဆိုင်တွေရဲ့ ရောင်းအားက အဲဒီလောက်မရှိတော့ သူ တို့ ကိုယ်တိုင် မတင်သွင်းနိုင်ပါဘူး။ အခု စက်သုံးဆီဈေးတက်နေ တာသည် အပြင်က သွင်းတဲ့ဈေးနှုန်းကြောင့်လို့ တင်သွင်းခွင့်ရသူ တွေက အော်နေတာဆိုတော့ အဲဒီအပြင်က ဆီသွင်းတဲ့လုပ်ငန်း ကို အစိုးရ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဘာကြောင့်ဝင် မလုပ်တာလဲ။

ဖွဲ့စည်းပုံအခြေခံဥပဒေ ၃၆(ခ)မှာကိုက အများပြည်သူ အကျိုးစီးပွားအလို့ငှာ အစိုးရဟာ စီးပွားရေးဆိုင်ရာ ပြည်သူတွေ ရဲ့ ထိခိုက်နစ်နာမှုကို တားဆီးကာကွယ်ပေးရမည်လို့ ပြောပြီး သား။ ဒီလိုပေးထားလျက်နဲ့ ဘာကြောင့် ဝင်မလုပ်သလဲ။ အပြင် က သွင်းတဲ့ အလုပ်ကို အစိုးရအချင်းချင်း ချိတ်ဆက်ပြီး တင် သွင်းပေးလိုက်မယ်။ ဒီရောက်မှ ဆီဆိုင်တွေကို ဈေးနှုန်း သတ် မှတ်ဖြန့်ဖြူးပေးလိုက်မယ်ဆိုရင် အခုလို ဆီဈေးနှုန်းပြဿနာ တွေလည်း ပြေလည်သွားလိမ့်မယ်။

အခုလို ဘယ်ဈေးနဲ့ ဝယ်နေရတဲ့အတွက် ဘယ်လောက် ဖြန့်နေရပါတယ်ဆိုတာမျိုးတွေ ပြောနေစရာ မလိုတော့ဘူး။ အစိုးရသာ အပြင်က ဆီသွင်းနေတာကို ဝင်ကိုင်ပေးလိုက်ရင် ဖြန့် ချိတဲ့ ဈေးကို အစိုးရက လုပ်ပေးနေပြီဖြစ်တဲ့အတွက် ဈေးနှုန်းကို လည်း လိမ်လို့မရတော့ဘူး။ ဒီအလုပ်က ချက်ချင်း မြန်မြန် လုပ် သင့်တဲ့အလုပ်ပဲ။ အစိုးရမှာ လက်ရှိလှောင်ကန် မရှိသေးဘူးလား။ ပုဂ်္ဂလိကလှောင်ကန်ပိုင်ရှင်တွေကို အငှားခပေးပြီး လှောင်ပေါ့။ တန်ရာတန်ကြေးပေါ့။ အစိုးရဖြစ်နေတဲ့အတွက် မင်းတို့ဟာကို အလကားယူမယ်ဆိုတာမျိုးတော့ မပြောနဲ့ပေါ့။

ဒါပေမဲ့ ရေရှည် ကောင်းမွန်လာဖို့အတွက်ကတော့ နိုင်ငံ   ခြားရင်းနှီးမြှပ်နှံမှု ကုမ်္ပဏီတွေ လာကိုလာအောင် လုပ်ရမယ်။ ဒီ တော့ တကယ်လာလုပ်နိုင်အောင် အခြေအနေတွေ၊ အခွင့်အရေး တွေ ဖန်တီးပေးဖို့တော့ လိုမယ်။ ဝန်ကြီးဌာနမှာရှိတဲ့ တာဝန်ရှိသူ ဆိုသူတွေက ရုံးခန်းထဲမှာထိုင်၊ တံခါးလေးဖွင့်ထားပြီး ကျွန်တော် တို့ တံခါးဖွင့်ထားပါတယ်ဗျာလို့ အော်နေရင်တော့ အလကားပဲ။ လာမှာမဟုတ်ဘူး။

မော်ကွန်း။  ။ နိုင်ငံတကာစက်သုံးဆီရောင်းချတဲ့ လုပ်ငန်းရှင်ကြီး တွေ လာမယ်ဆိုရင်တောင်မှ၊ ဝန်ကြီးဌာနက ခွင့်ပြုချက်ပေး တယ်ဆိုရင်တောင်မှ ဆီဆိုင်တွေ ဖွင့်ဖို့အတွက် မြေနေရာအကန့် အသတ်တွေရှိပါတယ်။ ရှိပြီးသား အစိုးရပိုင်မြေနေရာအများစု ကလည်း ပုဂ်္ဂလိကလက်ထဲ ရောက်နေပြီဆိုတော့ ဒီဟာအပေါ် ရော ဘယ်လိုမြင်ပါသလဲ။

ဦးကျော်နိုင် ။ ။ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေ မလာချင်တဲ့ အကြောင်းရင်းထဲမှာ ဒီဟာက တစ်ချက်အပါအဝင် ဖြစ်ပါလိမ့် မယ်။ ဒါပေမဲ့  လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကနေ ကြားထဲ ကနေ ညှိနှိုင်းသူအဖြစ် ပြည်တွင်းလုပ်ငန်းရှင်တွေနဲ့ နိုင်ငံတကာ ကုမ်္ပဏီတွေအကြား ကြားဝင်ဆောင်ရွက်ပေးမယ်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။

ဒီလုပ်ငန်းအတွက် အဓိကကတော့ ဆိုင်နေရာတွေပေါ့ လေ။ ဒီလိုဆိုင်တွေဆိုတာက မြို့ပြင်အဝေးကြီးတွေမှာထက် မြို့ တွင်းမှာလည်း ရှိမှရမှာ။ ယာဉ်မောင်းသူတွေ လက်လှမ်းမီတဲ့ နေရာတွေမှာ ရှိနေရမှာ။ ပြီးတော့ ဒီလိုဆိုင်တွေက ဆောက်ချင် တိုင်းလည်း ဆောက်လို့ရတာမဟုတ်ဘူး။ လုံခြုံရေးအကြောင်း ပြချက်တွေက ရှိသေးတယ်။

ဒီတော့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ လက်ရှိ စက်သုံးဆီဆိုင် ပိုင်ဆိုင်ပြီးသား ကုမ်္ပဏီတွေနဲ့ နိုင်ငံတကာ ကုမ်္ပဏီတွေကြား အကျိုးတူ စာချုပ်တွေ ချုပ်နိုင်အောင် လုပ်ပေး မယ်။ အကျိုးစီးပွားဆိုင်ရာ သတ်မှတ်ချက်တွေ၊ အသုံးအနှုန်း တွေကို ကြားဝင် ညှိပေးမယ်ဆိုရင် ဖြစ်လာနိုင်ပါတယ်။ ဆီဆိုင် နေရာမရှိရင်တော့ ဘယ်ကုမ်္ပဏီမှ ဆီလာရောင်းမှာ မဟုတ်ဘူး။ ဒီတော့ ဆီဆိုင်ရှိတဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေနဲ့ ဆီရှိတဲ့ပြည်ပလုပ်ငန်းရှင်တွေကြား ပေါင်းစပ် လုပ်ငန်း ဆောင်ရွက်နိုင်အောင် ဝန်ကြီးဌာနက စီစဉ်ပေးလို့ရတယ်။ ဒီလိုလုပ်ပေးမှပဲရမယ်။ နေရာကောင်းတွေမှာရှိတဲ့ အစိုးရဆီဆိုင်အများစုဟာလည်း ပုဂ်္ဂလိကလက်ထဲရောက်သွားပြီ။

မော်ကွန်း။ ။ ဒီပြဿနာကိုမဖြေရှင်းဘဲ စက်သုံးဆီဈေးတက်နေ တာကို ဝင်မထိန်းဘဲ ဆက်လွှတ်ထားမယ်ဆိုရင် အစိုးရအနေနဲ့ အကျိုးဆက်အဖြစ် ဘာတွေများ ရင်ဆိုင်ကြုံတွေရနိုင်ပါသလဲ။

ဦးကျော်နိုင်။ ။ အကျိုးဆက်ကတော့ ပြည်သူရဲ့ ဒဏ်ခတ်တာကို ခံရမှာပဲ။ ၂၀၀၇ တုန်းကလို လမ်းပေါ်ထွက်ပြီး ဆန့်ကျင်တာမျိုး တော့ ဖြစ်ချင်မှဖြစ်လိမ့်မယ်။ ရေနံဟာ နိုင်ငံရေးနဲ့ ဆက်စပ်တယ် လို့ အထက်မှာ သာဓကတွေနဲ့ ပြောခဲ့သလိုပဲ ဒီမှာလည်း သရုပ်ခွဲ ကြည့်ရအောင်။၂၀၁၅ တုန်းက NLD ကို မဲပေးခဲ့တဲ့လူတွေကို အုပ်စုခွဲကြည့်ရအောင်။

တစ်မျိုးက NLD အမာခံပေါ့။ ဘာပဲဖြစ်ဖြစ် NLD ဆိုတဲ့ မဲပေးသူတွေပေါ့။ နောက်တစ်မျိုးကကျတော့ အပြောင်းအလဲကို လိုလားတဲ့၊ စဉ်းစားတွေးခေါ်နိုင်စွမ်း ရှိကြတဲ့ လူတန်းစားအလွှာ။ သူတို့က NLD မှ NLD တော့ မဟုတ်ကြဘူး။ အဲဒီ မဲပေးတဲ့ ကာလမှာ ရှိသမျှ ပါတီတွေကိုကြည့်ပြီးမှ NLD အစိုးရ ဖြစ်သွား ရင်၊ NLD သာ အပြောင်းအလဲ လုပ်နိုင်တဲ့ မဲအရေအတွက်ရရင် ပြောင်းလဲမှုကို မြင်တွေ့ရမယ်လို့ ထင်ပြီးပေးတဲ့ လူတန်းစား။ နောက်ဆုံးတစ်စုကတော့ အခြေခံလူတန်းစားတွေ။ ဒီလူတွေက တော့ နိုင်ငံရေးဘာညာတွေကို စဉ်းစားသုံးသပ်မှာမဟုတ်ဘူး။ သူတို့ဗိုက်ကိုပဲ သူတို့ကြည့်မှာ။ ၂၀၁၅ မတိုင်မီတုန်းကဆိုရင် ဒီလူ တွေရဲ့ ဗိုက်တွေဟာ မဝတစ်လှည့်၊ ဝတစ်လှည့်ဖြစ်နေကြလိမ့်မယ်။ ဒီလို မဝတစ်လှည့်၊ ဝတစ်လှည့်ကနေ နပ်မှန်မှန်စားရကောင်းနိုး ရယ် ဆိုပြီး NLDကို မဲထည့်ခဲ့ကြတာ။ ဒါက NLDအပိုင်းပေါ့။

အခြား အဓိကအတိုက်အခံဖြစ်တဲ့ USDP  ကို ကြည့်ရ အောင်။ ၂၀၁၅ မှာ USDP မဲပေးခဲ့တဲ့သူတွေဟာ သူ့ရဲ့ အမာခံ တွေပဲ။ သေချာတယ်၊ ဒီလူတွေဟာ  ၂၀၂၀ မှာလည်း USDP ကိုပဲ မဲပေးကြလိမ့်မယ်။ ဒီနှုန်းက ၂၀၁၅ နဲ့ ၂၀၂၀ မှာလည်း သိပ် မပြောင်းလဲနိုင်ဘူး။

တကယ်လို့ ဒီလို အများပြည်သူအကျိုးစီးပွားနဲ့ သက်ဆိုင် တဲ့ စက်သုံးဆီလို ကိစ်္စမျိုးကို အစိုးရအနေနဲ့ အသေအချာ မကိုင် တွယ်နိုင်ဘူးဆိုရင် ပြည်သူတွေဟာ ဒီဒဏ်ကို ခါးစည်းခံရတယ် ဆိုရင် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ရဲ့ အမာခံတွေက တော့ မဲဆက်ပေးနေဦးမှာပါပဲ။ ဒါပေမဲ့ စဉ်းစားတွေးခေါ်နိုင်တဲ့ အလွှာက လူတွေကတော့ အစိုးရရဲ့ အခု လုပ်ရည်ကိုင်ရည်တွေ ကြောင့် စိတ်ပျက်ကောင်းစိတ်ပျက်ကြလိမ့်မယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတုန်းက NLD တွေ ထင်တိုင်းမပေါက်ခဲ့တာဟာ တိုင်းရင်းသားတွေ အား ကောင်းလာလို့လည်း မဟုတ်ဘူး။ USDP အားကောင်းလို့လည်း မဟုတ်ဘူး။ စဉ်းစားတတ်တဲ့အလွှာက မဲပေးသူတွေ ချင့်ချိန်တွေ ဝေသွားလို့ပဲ။ အဲဒီမှာဆိုရင် မဲပေးသူအရေအတွက်လည်း အရမ်း နည်းသွားတယ်လေ။

နောက် အများစုသော အခြေခံလူတန်းစားတွေ။ ငတ်တစ် လှည့်၊ ပြတ်တစ်လှည့်ဖြစ်နေလို့ နပ်မှန်လာမလား အထင်နဲ့ မဲ ထည့် ခဲ့ကြတဲ့ နိုင်ငံရေးမသိတဲ့ ဒီလူတွေကတော့ ငတ်တစ်လှည့်၊ ပြတ်တစ်လှည့် ဖြစ်နေရတုန်းပဲဆိုရင် အဲဒီ (၂၀၂၀ကာလ)အချိန် မှာ တစ်ဖက်အင်အားစုက မက်လုံးတွေပေးပြီး ဆွယ်ခဲ့ရင် ပါသွား ကြမှာပါပဲ။ သူတို့ စဉ်းစားတာက ဗိုက်ပြည့်ဖို့ ဘယ်သူက လုပ်ပေး မှာလဲဆိုတဲ့ အပေါ်မှာ စဉ်းစားတာဖြစ်တယ်။

ဆိုလိုတာက စက်သုံးဆီဈေးနှုန်းဆက်တက်လာလို့ အများ ပြည်သူက အထိနာလာတာနဲ့အမျှ အစိုးရဟာလည်း ပြန်လည် ထိခိုက်မှုတွေ ဖြစ်နိုင်တာပါပဲ။ စောင့်ကြည့်ရမှာပေါ့။

မော်ကွန်း။ ။ အစိုးရမှာ အရန်စက်သုံးဆီမူဝါဒလည်း ရှိပုံမရဘူး။ အဲဒါကရော ဘယ်လောက်အရေးကြီးသလဲ။

ဦးကျော်နိုင်။  ။ မရှိဘူး။ အရန်ဆီမပြောနဲ့ အရန်ဆန်တောင် ရှိပုံ မရဘူး။ အဲဒါက အရမ်းအရေးကြီးတယ်။ အမေရိကန်က ရေနံ ထုတ်လုပ်ရောင်းချတဲ့ နိုင်ငံများအသင်း(OPEC)ကို ဘာကြောင့် အာခံနိုင်သလဲဆိုရင် သူရဲ့ အရန်ဆီအင်အားဟာ အရမ်းကြီး တယ်။ (OPEC) က ရေနံဈေးနှုန်းကို တင်ချင်သလောက်တင်၊ လနဲ့ ချီပြီးတော့ကို သူ့ပြည်တွင်းက ရေနံဈေးနှုန်းကို သူတို့ထိန်းထား နိုင်ကြတယ်။ အမေရိကန်ဆိုတာကတော့ စီးပွားရေးအင်အားက လည်း ကြီးတော့ သူက မဖြစ်မနေ လုပ်ထားရတဲ့ သဘောပေါ့။

      ကျွန်တော်တို့က အမေရိကန်လောက် မဟုတ်ပေမယ့် ကိုယ့်မှာလည်း ကိုယ့်အထွာနဲ့ကိုယ် အရန်စက်သုံးဆီဟာ ရှိကို ရှိနေရမယ်။ အခုထိ မရှိသေးဘူး။ မူဝါဒအမှားတွေကြောင့်       အကောင်အထည်မဖော်နိုင်သေးဘူးဆိုရင် အခုချက်ချင်း အဲဒါ ကို စတင်သင့်တယ်။

မော်ကွန်း။  ။ ဘာများ ဖြည့်စွက်ချင်ပါသေးသလဲ။

ဦးကျော်နိုင်။ ။ စက်သုံးဆီဈေးနှုန်း လက်ရှိ တက်နေတဲ့နှုန်းဟာ ဖြစ်ကို မဖြစ်သင့်တဲ့ နှုန်းထားပဲ။ လက်ရှိ ဆီတင်သွင်းခွင့် ရထား တဲ့သူတွေက စီးပွားရေးအကျိုးအမြတ် လိုချင်လို့ လုပ်နေကြ တယ်လို့ အညှာဆုံး တွေးပေးလို့ ရသလို လက်ရှိအစိုးရကို နိုင်ငံ ရေးအခက်အခဲဖြစ်အောင် တမင်များ လုပ်နေသလားလို့လည်း တွေးလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ ရေနံဈေးနှုန်း အပြောင်း အလဲတွေဟာ လူထုတစ်ရပ်လုံးကို ထိခိုက်တာ။ ရေနံဈေးနှုန်းတွေ ဆိုတာ နိုင်ငံတကာမှာလည်း နိုင်ငံရေးနဲ့ ဆက်စပ်နေတဲ့အရာတွေ ချည်းပဲ။ အခု စက်သုံးဆီဈေးနှုန်းကို ဆွဲတင်နေသူတွေက ၂၀၀၇ တုန်းက ကြုံခဲ့သလို ဖြစ်စေချင်လို့ လုပ်နေကြသလားပေါ့။

ပြီးတော့ အစိုးရအပိုင်းကို ကြည့်ရင်တော့ ၂၀၀၇ တုန်းက လို မဖြစ်နိုင်ပါဘူး၊ ပြည်သူက နားလည်ပေးထားတယ်ပေါ့။ ဒါ ပေမဲ့ ပြည်သူရဲ့ သည်းခံပေးမှုနဲ့ နားလည်ပေးမှုအပေါ်မှာ အစိုးရ ဟာ အခွင့်ကောင်းယူလွန်းအားကြီးတယ်လို့ ကျွန်တော်ကတော့ မြင်တယ်။ အခု ပြည်သူတွေ အကျပ်ရိုက်နေချိန်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အစိုးရအနေနဲ့ လုပ်ပေးဖို့ တာဝန်ရှိနေပေ မယ့် လုပ်မပေးဘူး။ ပြီးတော့ နိုင်ငံခြားဆီ ရောင်းသူတွေ ဝင်လာ ဖို့က ချက်ချင်းကြီးတော့ လုပ်လို့မရဘူး။ အချိန်တစ်ခုတော့ စောင့်ရမယ်။ ဒီတော့ အစိုးရအနေနဲ့ ချက်ချင်းလုပ်ပေးနိုင်တာက အခု ဈေးနှုန်းမြှင့်နေတဲ့ လူတွေနဲ့ အပြိုင် စက်သုံးဆီ တင်သွင်းပြီး တော့ ဈေးဖွင့်ရောင်းပေးလိုက်။ ဒါက ချက်ချင်းလုပ်ပေးလို့ ရတယ်။

 

#MawKunMagazine

ဆက်သွယ်မှာယူနိုင်စေရန်…….

         

OFFICE    : No.121, 4th Floor, Corner or 49 Street and Anawrahta Street, Pazundaung Township, Yangon, Myanmar.   

: 0931340239

: 09791663065

 

website: www.mawkun.com

 

facebook: @mawkunmagazine

mawkun.chronicle@gmail.com

 

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."