ရေမြုပ်စပါး၊ရေငတ်စပါးနှင့် အနာဂါတ် စားနပ်ရိက္ခာ

၂၀၁၃၊စက်တင်ဘာလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၈)မှ သတင်းဆောင်းပါးဖြစ်ပါသည်။

နှင်းကိုရေးသည်။

နှစ်စဉ် မိုးစပါးစိုက်ပျိုးရခြင်းသည် အကျိုးအမြတ်မရှိဘဲ အရှုံးသာ ပေါ်တတ် သောကြောင့် ဇနီးသည်ကိုတောင် အသိမပေးဘဲ တိတ်တိတ်ပုန်း ပျိုးကျဲထားသည့် တောင်သူဦးလှဦး၏ စပါးခင်းများမှာ ဒီတစ်ကြိမ်လည်း ရေနစ်သွားခဲ့ပြန်ပြီဖြစ်သည်။

”ပြီးခဲ့တဲ့ နှစ်ကလဲ စပါးအကုန် သေသွားတယ်။ တစ်လုံး (စပါးတစ်စေ့)မျှ မရဘူး”ဟု အသက် ၅၁ နှစ် အရွယ်ရှိပြီဖြစ်သည့် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ရှင်စောပုရပ်ကွက်မှ တောင်သူ ဦးလှဦးက ဆိုသည်။အသက်၆၂ နှစ်အရွယ် တောင်သူကြီး ဦးအောင်ထွေးက လည်း သူ့ဘဝ လယ်လုပ်လာသည့် ကာလတစ်လျှောက် အကြီး မားဆုံးရေကြီး၊ ရေနစ်မြုပ်မှုနှင့် ကြုံတွေ့ရပုံကို ယခုလို ပြောသည်။

”အားလုံးသေကုန်ပြီ။ လယ်လုပ်လာတာ နှစ်လေးဆယ် ကျော်ပြီ။ လွန်ခဲ့တဲ့ အနှစ် ၂ဝ လောက်တုန်းက တစ်ခါ ရေကြီးဖူး တယ်။ ဒါပေမဲ့ ဒီတစ်ခါ အဲဒီထက်ပိုကြီးတယ်”ဒေသခံများအဆိုအရ ကျိုက်မရောမြို့နယ်မှ လယ်ကွင်း များသည် နှစ်စဉ် ရေမကြီး၊ ရေမနစ်သည့်နှစ်ပင် မရှိခဲ့ပေ။ ယခု နှစ်ရေကြီးမှုကြောင့် မွန်ပြည်နယ်တစ်ဝန်း ဆိုးဆိုးရွားရွား ထိခိုက် သွားသည့်မြို့နယ်မှာ ကျိုက်မရောမြို့နယ်ဖြစ်သည်ဟု မွန်ပြည် နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးဌာန ဝန်ကြီး ဦးမျိုးညွန့်က ပြောပြပါသည်။

သြဂုတ် ၁၅ ရက်အထိ မွန်ပြည်နယ်တစ်ခုလုံးတွင် ရေလွှမ်း ရေနစ်ဧက ၆၆,၄၇၅ ရှိခဲ့သည်ဟု ၎င်းကဆိုသည်။ ယခုအခါတော့ အားလုံးနီးပါး ပြန်ပေါ်လာပြီဖြစ်ပြီး အမှန်တကယ် ထိခိုက်သွား သည့် လယ်ဧကအရေအတွက်မှာ ၅,၅၉၅ ရှိသည်ဟု ဝန်ကြီး ဦးမျိုးညွန့်က ဆိုပါသည်။”ထိခိုက်တဲ့ နေရာမှာ နှစ်မျိုးရှိတယ်။ တစ်မျိုးကတော့ အပင်နာတာပေါ့။ (နောက်)တစ်မျိုးကတော့ လုံးဝကို မရတော့ ပြန်စိုက်ရမယ့် အခြေအနေပေါ့”ဟု ဝန်ကြီးက ပြောသည်။

မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မြစ်ရေတက်ခြင်း စသည်တို့ ကြောင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသ ကြီးတို့တွင် ရေနစ်သွားသော စပါးခင်း ဧကပေါင်း ၃၉ဝ,ဝဝဝ ကျော်အထိ ရှိနေကြောင်း စိုက်ပျိုးရေးဦးစီးဌာနက ဆိုပါသည်။နိုင်ငံတော်သမ္မတရုံး ထုတ်ပြန်ချက်တစ်ခုအရ ကရင်ပြည် နယ်အတွင်းရှိ ဘားအံ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြဝတီနှင့် ကမမောင်မြို့နယ်ခွဲများတွင် ရေလွှမ်းမိုးမှုဖြစ်ပေါ်ကာ လူသုံးဦးသေဆုံးသွားပြီး စပါးခင်းဧက ၃ဝ,၉ဝ၇အထိ ရေနစ်မြုပ် သွားသည်ဟုဆိုသည်။

ရေငတ်သည့် လယ်တွေက ငတ်

မြန်မာနိုင်ငံအောက်ပိုင်း စပါးကျီကြီးများအပါအဝင် တိုင်း ဒေသကြီးနှင့် ပြည်နယ်အချို့ ရေနစ်မြုပ်နေချိန်တွင် မြန်မာပြည် အလယ်ပိုင်းဒေသများဖြစ်သော မကွေး၊ စစ်ကိုင်းနှင့် မန္တလေး တိုင်းဒေသကြီးတို့၏ နေရာတော်တော်များများတွင် မိုးရွာသွန်း ခြင်းမရှိဘဲ ရေရှားပါးနေသောကြောင့် စပါးစိုက်ပျိုးနိုင်ခြင်း မရှိ သေးပါ။အထူးသဖြင့် ဆည်မြောင်းများမှ ရေမရရှိသော စပါးကွင်း များအတွက် စိုက်ပျိုးရန် ခက်ခဲနေဆဲဖြစ်သည်ဟု မန္တလေးတိုင်း ဒေသကြီး၊ သာစည်မြို့နယ် သာဂရ ရွာမှ တောင်သူဦးသိန်းအေးက ဆိုပါသည်။မိုးရေကိုသာ အဓိကအားကိုးပြီး စိုက်ပျိုးရသည့် သူ့လယ် မြေများနှင့်ပတ်သက်ပြီး ဦးသိန်းအေးက ”ဒီနှစ်တော့ စပါးစိုက်မှ စိုက်ရပါ့မလားမသိဘူး။ မိုးရေမရရင်တော့ ကျုပ်လယ်တွေက အလကားပဲ”ဟုဆိုသည်။

မြန်မာနိုင်ငံသည် ယခုနှစ် မိုးစပါးစိုက်ဧကကို ၁၆ သန်း အထိ လျာထားသော်လည်း ဇူလိုင် ၃၁ ရက်အထိ စိုက်ဧက ခုနစ် သန်းကျော်ကိုသာ စိုက်ပျိုးထားနိုင်သေးကြောင်း စိုက်ပျိုးရေး ဦးစီးဌာန မှတ်တမ်းများကို ကိုးကားပြီး မြန်မာနိုင်ငံတောင်သူ လယ်သမားအသင်း ဥက္ကဋ္ဌက ဒေါက်တာစိုးထွန်းက မော်ကွန်းသို့ ပြောပြပါသည်။ ထိုစိုက်ပျိုးထားပြီး ဧကထဲတွင်မှ ဧက သုံးသိန်း ကျော်သည် ရေနစ်မြုပ်မှု ခံခဲ့ရသည်ဟု ဥက္ကဋ္ဌက ပြောပါသည်။

”ဒါကို အစိုးရအနေနဲ့ အာရုံစိုက်ပြီး ဖြေရှင်းရင်တော့ မီသေးတယ်လို့ ပြောလို့ရတယ်။ သက်တမ်းတိုမျိုးစပါးတွေ စိုက် တာမျိုးပေါ့။ ဘာမှမဖြစ်လောက်ပါဘူးဆိုပြီး ထားလိုက်လို့တော့ မရဘူး။ လာမယ့်နှစ် ပြည်တွင်းစားနပ်ရိက္ခာအတွက် ပြဿနာ တစ်ခုအနေနဲ့ မြင်လာနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင်ဖို့တော့ လိုပါတယ်”ဟု ဒေါက်တာစိုးထွန်းက ဆိုပါသည်။

မြန်မာနိုင်ငံ စိုက်ပျိုးရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ၂ဝ၁၁-၂ဝ၁၂ခုနှစ်တွင် မိုးစပါးစိုက်ဧက ၁၅ သန်းနှင့် နွေစပါး စိုက်ဧက သုံးသန်း စုစုပေါင်း စပါးစိုက်ဧက ၁၈ သန်းအထိ စိုက် ပျိုးနိုင်ခဲ့ပြီး ပြည်ပဆန်တင်ပို့ရောင်းချမှုသည် နှစ်ပေါင်း ၄၆ နှစ် အတွင်း ထူးထူးခြားခြားအဖြစ် မတ်ထရစ်တန်ချိန် ၁ ဒသမ ၅ သန်းအထိ တင်ပို့နိုင်ခဲ့သည်။

ဒေါက်တာစိုးထွန်းအဆိုအရ ၂ဝ၁၂-၂ဝ၁၃ ခုနှစ်၏ လက် ကျန်ဆန်ပမာဏမှာ အနည်းငယ်သာရှိတော့သည်ဟု ဆိုပါသည်။”ဒီနှစ်မှာ စိုက်ဧကပြည့်မီအောင် မစိုက်နိုင်ဘူးဆိုရင် ဒါ လေး (ပြည်တွင်းစားနပ်ရိက္ခာပြဿနာ)ကို သတိပြု စဉ်းစားဖို့လို ပါလိမ့်မယ်။ အရန်ဆန်ဝယ်ထားတဲ့ အနေအထားမှာလည်း ပြီးခဲ့ တဲ့ နွေစပါးမှာလည်း ဝယ်ယူရရှိခြင်းမရှိဘူး”

နှစ်စဉ် ဖြစ်ရိုးဖြစ်စဉ်လို ဖြစ်နေသည့် ကုန်သည်များ ကစား လေ့ရှိသည့် စပါးဈေးနှုန်း မတည်ငြိမ်မှုကို ထိန်းညှိရန်၊ ပြည်ပဆန် တင်ပို့မှုကို မထိခိုက်စေရန်နှင့် အရေးပေါ် စားနပ်ရိက္ခာဖူလုံရေး အတွက် အရန်ဆန်ထားရှိရေး ကြီးကြပ်မှုကော်မတီကို နိုင်ငံ တော်က ဖွဲ့စည်းခဲ့ပြီး ယင်းအဖွဲ့က တောင်သူများလက်မှ စပါး များကို ဈေးနှုန်းတစ်ခု သတ်မှတ်ကာ နိုင်ငံတော်အရန်ဆန် အဖြစ် တိုက်ရိုက်ဝယ်ယူပေးလျက်ရှိပါသည်။

မြန်မာနိုင်ငံတစ်နိုင်ငံလုံး စိုက်ပျိုးထားပြီးဖြစ်သည့် မိုးစပါး စိုက်ဧကပေါင်းသည် လက်ရှိမှတ်တမ်းများအရ ၁၂ သန်းဝန်းကျင် အထိ စိုက်ပျိုးထားနိုင်ပြီဖြစ်ကြောင်း ဒေါက်တာစိုးထွန်းက စက်တင်ဘာ ၁ဝ ရက်တွင် ပြောပါသည်။

သာစည်မြို့နယ်သာဂရရွာအနီးရှိ လယ်မြေပပ်ကြားအက်နေပုံ

ရာသီဥတုပြောင်းလဲမှု ဂရုပြု ဆင်ခြင်

ကမ္ဘာတစ်ဝန်းတွင် ရာသီဥတုသည် ဖောက်လွဲဖောက်ပြန် ဖြစ်နေပါသည်။ မြန်မာနိုင်ငံတွင်လည်း တဖြည်းဖြည်း ပိုပိုဆိုးလာ ပါသည်။ ထိုအတွက် ကြိုတင်ပြင်ဆင်မှုအနေနှင့်ရော နိုင်ငံတော် ၏ မဟာဗျူဟာတစ်ရပ်အနေနှင့်ပါ စဉ်းစားပြုပြင်ရန် လိုအပ် နေပြီဖြစ်ကြောင်း ဒေါက်တာစိုးထွန်းက ထောက်ပြပါသည်။မြန်မာနိုင်ငံ စားနပ်ရိက္ခာဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့မှ အကြီးအကဲတစ်ဦးဖြစ်သူ ဒေါက်တာဒေါ်ဥမ္မာခိုင်ကလည်း အစိုးရအနေဖြင့် ပြောင်းလဲလာသော ရာသီဥတု၏ သက်ရောက် မှုများနှင့် စိုက်ပျိုးရေးကဏ္ဍကို အလေးထားစောင့်ကြည့်ပြီး ပြင်ဆင်ဆောင်ရွက်သင့်ကြောင်း အကြံပြုသည်။

မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ယခုနှစ် နှောင်းပိုင်းကာလအတွင်း တောင်သူလယ်သမားများ ကြုံတွေ့ နိုင်ရဖွယ် ရှိသည်များကို ယခုလို ဟောကိန်းထုတ်ပါသည်။”တောင်သူတွေအတွက် အခါလွန်မိုးတွေ သတိထားဖို့လို တယ်။ ရေကြီးဖို့တစ်ကြိမ် ကျန်သေးတယ်။ စက်တင်ဘာ၊ အောက်တို ဘာမှာ ရေကြီးဖို့ တစ်ကြိမ် ကျန်သေးတယ်။ အဲဒီ တော့ အဖျက်အဆီးအနေနဲ့ အဲဒီနှစ်ခုကို သတိထားပါ။ မိုးက တော့ အစောကြီးထွက်ပါလိမ့်မယ်”

အခါလွန်မိုးများသည် မြန်မာနိုင်ငံအရှေ့ပိုင်းနှင့် အောက် ပိုင်းဒေသများတွင် ရွာသွန်းနိုင်ပြီး အလယ်ပိုင်းဒေသတွင်တော့ တစ်ခါတလေ ရွာတတ်သည်ဟု ဒေါက်တာထွန်းလွင်က ဆိုသည်။ရေကြီးနိုင်မည့် နေရာများအဖြစ် မြန်မာပြည်အောက်ပိုင်း ဒေသ များဖြစ်သော သံလွင်မြစ်၊ စစ်တောင်းမြစ်၊ ဧရာဝတီ၊ ရွှေကျင်၊ ပဲခူးနှင့် ရန်ကုန်တိုင်းဒေကြီးတို့ကို ညွှန်းဆိုထားသည်။

”အောက်ပြည်အောက်ရွာ မိုးများတယ်။ ရေလိုတဲ့နေရာ မိုးမရွာဘူး။ လူတွေဟာ သဘာဝ ဖြစ်တဲ့အတိုင်း လိုက်လုပ်နေရ တယ်။ မိုးရွာအောင် ဆုတောင်းပြီး လွန်ဆွဲနေရသလိုမျိုး၊ မိုးလေး ကျမှ နှမ်းကျဲတဲ့အဖြစ်မျိုးပေါ့။ ဒီအတိုင်းဆက်သွားနေရင် ရေ ရှည်မှာ ပြဿနာတွေ ကြုံတွေ့လာနိုင်တယ်”ဟု ဒေါက်တာထွန်း လွင်က သတိပေးပါသည်။

မြန်မာနိုင်ငံသည် လက်ရှိအခြေအနေတွင် စားနပ်ရိက္ခာ အပိုင်းက ပြဿနာသိပ်မရှိဟု ဆိုနိုင်သော်လည်းပဲ ရာသီဥတု ပြောင်းလဲလာမှုအနေအထားကို ဂရုပြုဆောင်ရွက်သင့်သည်ဟု ဒေါက်တာစိုးထွန်းက ဆိုပါသည်။သူ၏ စိုးရိမ်ပူပန်မှုကို ယခုလိုလည်း ထပ်ပြောပါသည်။

”ကံကိုပုံချပြီး သဘာဝက ပေးတဲ့အတိုင်း ဆက်သွားမယ် ဆိုရင်တော့ တစ်နေ့ကျရင် ကျွန်တော်တို့တိုင်းပြည်ရဲ့ အခြေအနေ ဟာ ပြည်ပကနေ ဆန်ကိုဝယ်စားရမယ့် အနေအထားတွေ ရှိလာ လိမ့်မယ်”

ယမန်နှစ်၊ သြဂုတ်လက ထုတ်ပြန်လိုက်သော မြန်မာနိုင်ငံ ၏ ခေတ်ပြောင်းနိုင်ငံရေးအခြေအနေအပေါ် အာရှဖွံ့ဖြိုးရေး ဘဏ် (ADB) ၏ ဆန်းစစ်ချက်အစီရင်ခံစာတွင် အခွင့်အလမ်း များနှင့် စိန်ခေါ်မှုများကို ဖော်ပြရာ၌ စိန်ခေါ်မှုလေးခု ဖော်ပြခဲ့ ပါသည်။

ထိုအထဲတွင် ရာသီဥတုပြောင်းလဲခြင်းကို ဒုတိယနေရာ တွင် ဖော်ပြထားသည်။ ယခုနှစ် ဖေဖော်ဝါရီလထဲတွင်လည်း ဂျာမနီအခြေစိုက် လေ့လာရေးအဖွဲ့တစ်ခုက ထုတ်ပြန်သော ကမ္ဘာပေါ်မှာ ရာသီဥတုပြောင်းလဲမှု အဆိုးဆုံး ဆယ်နိုင်ငံစာရင်း တွင် မြန်မာနိုင်ငံကို ဒုတိယအဆင့်အဖြစ် ဖော်ပြခဲ့ပါသည်။

ထိုအချက်ကိုကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံသည် ရာသီ ဥတုပြောင်းလဲခြင်းနှင့် ယင်းကိုအကြောင်းပြုပြီးဖြစ်သည့် သဘာဝဘေးအ္တရာယ်ကျရောက်ခြင်းကို လျစ်လျူရှုထားရန် မသင့်တော့သည့် အနေအထားကို ရောက်ရှိနေကြောင်း ဒေါက်တာထွန်းလွင်က ယခုလိုထောက်ပြဝေဖန်ပါသည်။

”လျစ်လျူရှုတယ်ဆိုတဲ့ နေရာမှာ တည့်ပြောရင်တော့ အစိုးရက လုပ်ရမှာပဲ။ အစိုးရကလည်း မလုပ်ဘူး။ စိုက်ပျိုးရေး ဌာနဆို ပိုတောင် ဆိုးသေး။ ဒီ(ရာသီဥတု)အကြောင်း ထည့်တောင် မပြောဘူး။ ဒီလောက် လျစ်လျူရှုထားတာတော့ လွန် လွန်းအားကြီးတယ်”

ဒေါက်တာထွန်းလွင်၏ သုံးသပ်ချက်အရ မြန်မာနိုင်ငံ၏ ရာသီဥတုပြောင်းလဲခြင်းတွင် မုတ်သုံအဝင် နောက်ကျခြင်း၊ မုတ် သုံအထွက်စောခြင်း၊ မုတ်သုံကာလတိုတောင်းခြင်းနှင့် မုတ်သုံ ရာသီအတွင်း ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်သည့် မုန် တိုင်းများ လျော့နည်းခြင်းတို့၏ သက်ရောက်မှုများကို ယနေ့ တောင်သူများ ခံစားနေရသည်။

မုတ်သုံအဝင်နောက်ကျပြီး မုတ်သုံအထွက်စောသည့် အတွက် ယခင်က မိုးရာသီတွင် ရက်ပေါင်း ၁၄၅ ရက်ရှိခဲ့သော် လည်း ယနေ့ကာလတွင် ၁ဝ၅ ရက်သာ ရှိတော့သည်ဟု ဦးထွန်း လွင်က ဆိုသည်။ မိုးရာသီကာလ ရက် ၄ဝ ပျောက်ဆုံးသွားခြင်း ကြောင့် ယခင်ကာလများကဲ့သို့ သက်ကြီးစပါးများ စိုက်ပျိုးရန် အတွက် ခက်ခဲသွားပြီဟု ဒေါက်တာထွန်းလွင်က ဖြည့်စွက်ရှင်း ပြသည်။

သဘာဝအရ နှစ်ပတ်တစ်ကြိမ်ဖြစ်ရမည့် မုတ်သုံကာလ အတွင်း ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းများ မဖြစ်ခြင်းသည် မိုးရွာသွန်းမှုကို ကမောက်ကမ ဖြစ်စေသည်ဟု ဆိုသည်။ ထို့ အပြင် တောင်တရုတ်ပင်လယ်ထဲမှ မုန်တိုင်းများကလည်း မြန်မာ ပြည်ဘက်သို့ ဝင်ရောက်လေ့မရှိတော့သောကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းတွင် မိုးခေါင်လာသည်ဟု ဒေါက်တာထွန်းလွင်က ရှင်းပြသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ဆင်းရဲမွဲတေမှုလျှော့ချရေးကို အမှန်တကယ် အကောင်အထည်ဖော်နိုင်ဖို့အတွက် စိုက်ပျိုးရေး မိုးလေဝသပညာရပ်ကို ဖွံ့ဖြိုးအောင်လုပ်သင့်ကြောင်း အကြံပြု ထားသည့် ဒေါက်တာထွန်းလွင်က ”ကျေးလက်နေပြည်သူတွေ ရဲ့ စားဝတ်နေရေးအခြေခံက စိုက်ပျိုးရေးပဲ။ စိုက်ပျိုးရေးကို အဓိက ဒုက္ခပေးနေတာ မိုးလေဝသပဲ”ဟု ဆိုပါသည်။

နိုင်ငံတော်အနေဖြင့် စိုက်ပျိုးရေးကို အခြေခံသည့် ရာသီ ဥတုပြောင်းလဲမှုကို ကိုင်တွယ်မည်ဆိုပါက မြစ်ဝကျွန်းပေါ် ဒေသ နှင့် အလယ်ပိုင်းဒေသနှစ်ခုကို အထူးအာရုံစိုက် စောင့်ကြည့်ကာ ပြင်ဆင်သင့်သည်ဟု ၎င်းက အကြံပြုပါသည်။နှစ်စဉ် ရေတက်၊ ရေမြုပ်၊ ရေနစ်တတ်သည့် အစဉ်အလာကို တားဆီးဖို့ လမ်းစတောင် မမြင်သေးသည့် ကျိုက်မရောမြို့နယ် တွင်တော့ တောင်သူအရေအတွက်သည် ယခင်တုန်းကထက် စာလျှင် လျော့နည်းသွားပြီဖြစ်ကြောင်း ဒေသခံတောင်သူတို့က ဆိုပါသည်။

လယ်ဧက ၁၂ ဧကနီးပါးရေမြုပ်ပြီး ပျက်စီးသွားသည့် ရေ တွင်းကုန်းကျေးရွာက အသက်ခြောက်ဆယ်အရွယ် တောင်သူ ဦးရွှေပန်းကတော့ ရေမြုပ်ကျန် စပါးပင်ခပ်ကျဲကျဲလေးပေါ်က အမှိုက်သရိုက်တွေကို ထွန်ယက်ဖြင့် စိတ်ရှည်လက်ရှည် ရှင်းလင်း လျက် ယခုလို ညည်းရှာသည်။”ပြန်စိုက်ဖို့လည်း မျိုး(မျိုးစပါး)က ရှာရဦးမယ်။ လယ်စိုက်ဖို့တော့ စိတ်တောင် ကုန်ချင်လာပါပြီ။ ရှိတာကုန်တာပဲ” ။           ။

 

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."