CRPH နဲ့ NUG ဒုတိယအကြိမ် ပြည်သူ့ညီလာခံပြီးဆုံးအောင်မတက်ရောက်

CRPH နဲ့ NUG ဒုတိယအကြိမ် ပြည်သူ့ညီလာခံပြီးဆုံးအောင်မတက်ရောက်

ရန်ကုန် – ၂၀၂၄ ဧပြီ ၉ (မော်ကွန်း)

တော်လှန်ရေးအင်အားစုတွေပါဝင်တဲ့ ပြည်သူ့ညီလာခံအတွင်း သဘောထားကွဲလွဲမှုတွေကြောင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နဲ့ တော်လှန်ရေးအစိုးရ (NUG) တို့က ညီလာခံငါးရက်မြောက်နေ့မှာ ဆက်လက်မတက်ရောက်တော့ပါဘူး။

တချို့သော ကိုယ်စားလှယ်တွေဟာ ညီလာခံက ချမှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေကို လေးစားလိုက်နာဖို့ပျက်ကွက်တာကြောင့် ဆက်လက်မတက်ရောက်နိုင်တော့ဘူးလို့ CRPH က ညီလာခံကိုအကြောင်းကြားစာတစ်စောင် မနေ့ကရက်စွဲနဲ့ပေးပို့ခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ဦးဆောင်ကျင်းပတဲ့ ဒုတိယအကြိမ်မြောက် ပြည်သူ့ညီလာခံကို ယခုလ ၄ ရက်က စတင်ကျင်းပခဲ့တာဖြစ်ပြီး မူလက သုံးရက်ကြာကျင်းပမယ်လို့ ကြေညာထားပေမယ့် ညီလာခံဟာ ဒီနေ့ခြောက်ရက်မြောက်နေ့မှာ ကျင်းပပြီးစီးခဲ့တာပါ။

CRPH နဲ့ NUG ကိုယ်စားလှယ်တွေဟာ ညီလာခံ လေးရက်မြောက်နေ့အထိ တက်ရောက်ခဲ့ပေမယ့် ငါးရက်မြောက်နေ့မှာ မတက်ရောက်တော့ပါဘူး။

အဖွဲ့တချို့ရဲ့ နိုင်ငံရေးဆွေးနွေးမှုတွေက အစွန်းမလွတ်တာတွေပါဝင်ခဲ့ပြီး နိုင်ငံရေးအရ ပွတ်တိုက်မှုတွေလည်း ရှိခဲ့တယ်လို့ ပြည်သူ့ညီလာခံ ကျင်းပရေးကော်မတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုမိုဃ်းသွေးက မော်ကွန်းကိုပြောပါတယ်။

“ညီလာခံမကျင်းပနိုင်ခဲ့တဲ့ နှစ်နှစ်လောက်အတွင်း အဖြစ်အပျက်အပြောင်းအလဲတွေ အများကြီးရှိခဲ့တယ်။ အဲဒီအခြေအနေတွေမှာ ဒီလိုတော်လှန်ရေးအင်အားစုတွေအကြား ဆုံးရှုံးမှု၊ နစ်နာမှု၊ ထိခိုက်မှုတွေ အများကြီးရှိခဲ့တယ်။ ဖိအားတွေများ၊ စိတ်တွေ မွန်းကြပ်လာတဲ့ အခြေအနေမှာ ပွတ်တိုက်မှုတွေဖြစ်လာတယ်။ တချို့သော အဖွဲ့တွေက သူတို့ရဲ့ စိုးရိမ်မှုတွေနဲ့ အစွန်းမလွတ်တဲ့ ပြောဆိုတာတွေ ရှိတာပေါ့” လို့ ၎င်းက ပြောပါတယ်။

ညီလာခံ ငါးရက်မြောက်နေ့ဖြစ်တဲ့ ဒီနေ့မှာ CRPH နဲ့ NUG မပါဝင်ဘဲ ကျန်ရှိတဲ့ ကိုယ်စားလှယ်တွေနဲ့ ဆက်လက်ကျင်းပနေပြီး ညီလာခံမှာ ဆွေးနွေးအတည်ပြုခဲ့တဲ့ရလဒ်တွေကို မကြာခင်ထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။

တချို့အဖွဲ့တွေရဲ့ ဆွေးနွေးချက်တွေဟာ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း (၂) ပါ ပြဋ္ဌာန်းချက်တွေကိုကျော်လွန်ကာ ဆွေးနွေးဆုံးဖြတ်အတည်ပြုချက်ရယူဖို့ လုပ်ဆောင်မှုတွေရှိလာတာ၊ ကြိုတင်ဖြန့်ဝေထားတဲ့ အစီအစဉ်တွေကိုကျော်လွန်ပြီး ဆွေးနွေးဆုံးဖြတ်အတည်ပြုချက်ရယူဖို့ လုပ်ဆောင်မှုတွေရှိလာတာ၊ သဘာပတိက မှတ်တမ်းတင်ဖို့ဆုံးဖြတ်ခဲ့ပြီးသား အကြောင်းအရာကို နောက်အစီအစဉ်တစ်ခုမှာ ပြန်လည်ပြင်ဆင်ဆုံးဖြတ်အတည်ပြုဖို့ ဆောင်ရွက်လာတာ အစရှိတဲ့ အချက်တွေကြောင့်ဖြစ်တယ်လို့ CRPH ပေးပို့လာတဲ့ အကြောင်းကြားစာမှာဖော်ပြထားပါတယ်။

လက်ရှိ CRPH က ထုတ်ပြန်ခဲ့တဲ့ အချက်တွေကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) အနေနဲ့ ပြန်လည်သုံးသပ်သွားမှာဖြစ်ပြီး ဆက်လက်ညှိနှိုင်းသွားဖို့ရှိတယ်လို့ ကိုမိုဃ်းသွေးက ပြောပါတယ်။

“အခု မပြေလည်တာတွေကို ဘယ်လောက်ထိလည်းဆိုတာ ပြန်ပြီးပြင်ဆင်ညှိနှိုင်းသွားမှာပါ။ အခုက သူတို့က ညီလာခံကနေ နုတ်ထွက်တာ၊ သပိတ်မှောက်တဲ့ သဘောထားမျိုးတော့ မဟုတ်ပါဘူး၊ ဒါကလည်း မပြီးသေးတဲ့ အချက်တွေ ဆက်ပြီးညှိနှိုင်းရပါဦးမယ်” လို့ သူက ပြောပါတယ်။

စစ်တပ်ကအာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အဖွဲ့အစည်းတွေနဲ့ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ရဲ့ ပထမအကြိမ် ပြည်သူ့ညီလာခံကို ၂၀၂၂ ဇန်နဝါရီက ပြုလုပ်ခဲ့တာဖြစ်ပြီး နှစ်နှစ်ကျော်မှာမှ ဒုတိယအကြိမ်ညီလာခံကို ကျင်းပနိုင်တာပါ။

ပထမအကြိမ်ညီလာခံမှာတော့ တော်လှန်ရေးအစိုးရ NUG ဖွဲ့စည်းမှုကို အတည်ပြုခြင်းအပါအဝင် ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဉ်အစိတ်အပိုင်း (၁) နဲ့ (၂) ကိုအတည်ပြုခြင်း ၊ ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အခြေခံမူတွေ ချမှတ်ခြင်းတွေကို လုပ်ဆောင်ခဲ့ပါတယ်။

လက်ရှိကျင်းပနေတဲ့ ဒုတိယအကြိမ်မြောက် ပြည်သူ့ညီလာခံကိုတော့ နွေဦးတော်လှန်ရေးမှာ တိုက်ပွဲဝင်နေကြတဲ့ အင်အားစုတွေထဲက ရွေးကောက်ခံကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေ၊ တော်လှန်ရေးအင်အားစုတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ကိုယ်စားလှယ်တွေနဲ့ ကြားကာလ ပြည်နယ်/ဖက်ဒရယ်ယူနစ် ကောင်စီတွေက ကိုယ်စားလှယ်တွေအပါအဝင် စုစုပေါင်း ညီလာခံ ကိုယ်စားလှယ် ၂၄၀ ကျော်နဲ့ အထူးဖိတ်ကြားထားသူတွေ၊ လေ့လာသူတွေ ပါဝင်တက်ရောက်ကြတယ်လို့ NUCC က ထုတ်ပြန်ထားပါတယ်။

ပုံစာ – ဒုတိယအကြိမ် ပြည်သူ့ညီလာခံ ပထမနေ့မှာ မိန့်ခွန်းပြောကြားနေတဲ့ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်
ဓာတ်ပုံ – CRPH

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."