အောင်ထူးနိုင်
ရန်ကုန်-၂၀၂၀ စက်တင်ဘာ ၁၈ (မော်ကွန်း)
COVID – 19 ရောဂါ အတည်ပြုလူနာ နှစ်ဦးကို ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) အုတ်ဖိုမြို့နယ်တွင် ပထမဆုံးအကြိမ် တွေ့ရှိခဲ့ပြီး ပြည်ဆေးရုံတွင် ကုသမှုခံယူရန် ပို့ဆောင်လိုက်ပြီဟု မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန့်ဇော်မောင်က ပြောသည်။
အတည်ပြုလူနာ နှစ်ဦးအနက် အသက် ၄၁ နှစ် အမျိုးသမီးသည် ဆီမီးတောက်ကုန်းရွာသူဖြစ်ပြီး စက်တင်ဘာ ၁၃ ရက်က စာပို့ရထားဖြင့် ရန်ကုန်မှ ပြန်လာသူဖြစ်သည်။ ၎င်းကို ချမ်းမြသာမြေရပ်ကွက် အ.လ.က စာသင်ကျောင်းရှိ Quarantine Center တွင် ထားရှိသူဖြစ်သည်ဟု ဒေါက်တာသန့်ဇော်မောင်က ပြောသည်။
နောက်ထပ်အတည်ပြုလူနာတစ်ဦးသည် အသက် ၅၁ နှစ် အမျိုးသားဖြစ်ပြီး တိမ်မြုတ်ကျေးရွာသို့ စက်တင်ဘာ ၄ ရက်တွင် ရန်ကုန်မှပြန်လာသူဖြစ်ပြီး Home Quarantine ထားရှိသူ ဖြစ်သည်ဟု ဒေါက်တာသန့်ဇော်မောင်က ရှင်းပြသည်။
အဆိုပါ အတည်ပြုလူနာနှစ်ဦးနှင့်အတူ အခြားပြည်ပပြန်များနှင့် အခြားဒေသပြန် ၃၁ ဦး၏ အာခေါင်၊ နှာခေါင်း တို့ဖတ်နမူနာများကို စက်တင်ဘာ ၁၄ ရက်တွင် ရယူစစ်ဆေးခဲ့သည်။
ထို့အပြင် မိုးညိုမြို့နယ်မှ ပိုးတွေ့လူနာနှင့်ထိစပ်ခဲ့သူ အုတ်ဖို့မြို့နယ် တက်ဆွဲကျေးရွာနေ နှစ်ဦး၏ ပထမအကြိမ် စစ်ဆေးချက်အဖြေမှာလည်း ပိုးမတွေ့ရှိကြောင်း ဒေါက်တာသန့်ဇော်မောင်က ဆိုသည်။
“ပိုးတွေ့လူနာရဲ့ မိသားစုတွေနဲ့ ထိစပ်ခဲ့သူတွေကို ကျန်းမာရေးဌာနနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းစဉ်တွေကို ဆက်လက်ဆောင်ရွက်နေပါတယ်” ဟု ၎င်းက ပြောသည်။
အတည်ပြုလူနာနှစ်ဦးကို ဒေါက်တာသန့်ဇော်မောင်နှင့် Volunteer အဖွဲ့ခေါင်းဆောင် ဦးသိန်းတန်ရီတို့၏ စနစ်တကျ ကြီးကြပ်မှုဖြင့် ပို့ဆောင်ပေးမည့် ပရဟိတယာဉ်မောင်းများကို PPE ဝတ်စုံ ဝတ်ဆင်၍
ဓမ္မဝိဇယလူမှုကူညီရေးအသင်းမှ ကားနှစ်စီး၊ သန္တိသုခလူမှုကူညီရေးအသင်းမှ ကားတစ်စီးဖြင့် ယနေ့နံနက် ၁၀ နာရီတွင် အ.လ.က ချမ်းမြသာမြေ Quarantine Center မှ ပြည်မြို့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ပိုးတွေ့ လူနာနေထိုင်ခဲ့ရာ အဆောင်ကိုလည်း လူမှုကူညီရေးအသင်းများက ဆေးဖြန်းပြီးစီးကြောင်း အုတ်ဖိုမြို့နယ် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ သတင်းပြန်ကြားရေးက သတင်းထုတ်ပြန်သည်။
အတည်ပြုလူနာနှစ်ဦးအား ပို့ဆောင်မည်ယာဉ်တစ်စီးအားတွေ့ရစဉ်
ဓာတ်ပုံ-အုတ်ဖိုမြို့နယ် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ သတင်းပြန်ကြားရေး
#Dailynews

