အောင်ပိုင်
ရန်ကုန် – ၂၀၂၀ အောက်တိုဘာ ၁၄ (မော်ကွန်း)
COVID-19 ကာလအတွင်း ဆန်နှင့်ဆီကို အများဆုံးဝယ်ယူခဲ့သည်ဟု စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ထုတ်ပြန်သည့် ‘၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် COVID-19 Economic Relief Plan (CERP) အတွက် ကျပ်သန်း ၁၀၀ အထက် ဝယ်ယူရေးဆိုင်ရာ အချက်အလက်များ’ တွင်ဖော်ပြသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ကျပ်သန်းပေါင်း ၃၂,၀၀၀ ကျော်သုံးစွဲ၍ အရေးပေါ်ဆန် ကျပ်သန်း ၁၈,၉၀၀ ကျော်ဖိုးနှင့် အရေးပေါ်ဆီ ကျပ်သန်း ၁၃,၅၀၀ ကျော်ဖိုးကို ဝယ်ယူခဲ့သည်ဟု ထိုစာရင်းတွင်ဖော်ပြသည်။
အရေးပေါ်ဆန်ဝယ်ယူရာတွင် ပြည်ပတင်ပို့မှု လိုင်စင်များအပေါ်တွင် ၁၀ ရာခိုင်နှုန်းပေးသွင်း၍ တင်ပို့သူများထံမှ ဝယ်ယူစုဆောင်းခဲ့ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။
ထိုစာရင်းအရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အများဆုံးဝယ်ယူသုံးစွဲသည့် ဝန်ကြီးဌာနဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ဒုတိယအများဆုံး ဝယ်ယူသည့် ဝန်ကြီးဌာနဖြစ်သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် COVID – 19 ကာကွယ်ကုသရန် PPE ဝတ်စုံများ၊ အသက်ရှုစက်များ၊ လူနာကုတင်များအပါအဝင် အခြားသော ကျန်းမာရေးဆိုင်ရာပစ္စည်းများကို ကျပ်သန်းပေါင်း ၂၇,၆၀၀ ဖိုးအထိ ဝယ်ယူခဲ့ကြောင်း စာရင်းတွင်တွေ့ရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ စီမံကိန်း ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ စိုက်ပျိုး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စသည့်ဝန်ကြီးဌာန ခုနစ်ခုက စုစုပေါင်းကျပ်သန်းပေါင်း ၇၆,၃၈၀.၇၈၉ ဖိုး အထိ ဝယ်ယူခဲ့ခြင်းဖြစ်သည်။
ပုံစာ – ဗိုလ်တထောင်ဆိပ်ကမ်းတွင် သြဂုတ်လဆန်းပိုင်းက ရေကြောင်းမှတင်ဆောင်လာသော ဆန်အိတ်များအား အလုပ်သမားများက သယ်နေသည့် မြင်ကွင်း။
ဓါတ်ပုံ – ဂေထော
#Dailynews

