အောင်ပိုင်
ရန်ကုန် – ၂၀၂၀ မတ် ၃၀ (မော်ကွန်း)
COVID – 19 ဓါတ်ခွဲအတည်ပြုလူနာအမှတ် ၈ ဧည့်လမ်းညွှန်အဖြစ်ဆောင်ရွက်ခဲ့သည့် ပြင်သစ်နိုင်ငံသားသုံးဦးနှင့် ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားတစ်ဦးတွင် COVID – 19 ရောဂါပိုးထပ်မံတွေ့ရှိရသောကြောင့် စုစုပေါင်း ၁၄ ဦးရှိလာပြီဖြစ်သည်။
လူနာအမှတ် ၈ လမ်းညွှန်ခဲ့သည့် ပြင်သစ်နိုင်ငံသားလေးဦးအား ရန်ကုန်မြို့ရှိဟိုတယ်တစ်ခုတွင် အသွားအလာကန့်သတ်စောင့်ကြပ်ကာ မနေ့က ဓါတ်ခွဲနမူနာရယူစစ်ဆေးခဲ့ရာ သုံးဦးတွင် ရောဂါပိုးတွေ့ရှိရခြင်းဖြစ်သည်ဟု ယနေ့ည ၇:၃၀ က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ဓါတ်ခွဲအတည်ပြုလူနာ အမှတ် ၁၄ မှာ ထိုင်းနိုင်ငံဘန်ကောက်မြို့မှ တာချီလိတ်မြို့သို့ မတ် ၂၅ တွင် ရောက်ရှိပြီး နှစ်ညတည်းခိုခဲ့သည်။ ထိုမှတစ်ဆင့် မန္တလေးသို့လေကြောင်းဖြင့်လည်းကောင်း၊ ထိုမှတစ်ဆင့် ကျောက်မဲမြို့သို့ ကားဖြင့်လည်းကောင်းပြန်လည်ရောက်ရှိခဲ့ပြီး မတ် ၂၈ ရက်တွင် အန်ခြင်း၊ ချောင်းဆိုးခြင်းများဖြစ်ပေါ်သောကြောင့်ကျောက်မဲဆေးရုံသို့ ရောက်ရှိစစ်ဆေးခဲ့ရာမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။
မတ် ၂၈ ထိ မြဝတီ – မဲဆောက်တံတားမှတစ်ဆင့် ထိုင်းနိုင်ငံမှပြန်လည်ဝင်ရောက်လာသူ ၂၃,၀၀၀ ကျော်ရှိနေပြီး မြန်မာနိုင်ငံအနှံ့အပြားသို့ရောက်ရှိနေသောကြောင့် အသွားအလာကန့်သတ်စောင့်ကြည့်မှုများ ပြုလုပ်နေသည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယမန်နေ့ကထုတ်ပြန်ထားသည်။
#Dailynews