သဇင်လတ်
ရန်ကုန်၊ ၂၀၂၀ ဧပြီ ၈ (မော်ကွန်း)
ဝေဘာဂီဆေးရုံမှာ ကုသမှုခံယူနေတဲ့ လူနာအမှတ် ၁၆ ကွယ်လွန်သွားပြီလို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၎င်းရဲ့ Facebook Live ဆွေးနွေးမှုပြီးကာနီးမှာ အတည်ပြုပြောကြားခဲ့ပါတယ်။
“မြောက်ဥက္ကလာဆေးရုံမှာ အသက် ၆၃ နှစ်၊ တင်ထားတဲ့တစ်ယောက်ကလည်း ဆုံးသွားပါပြီ၊ သူ့မှာ အခြေခံအားဖြင့် ဆီးချိုနဲ့ သွေးတိုးရှိပါတယ်” လို့ ယနေ့မနက်ပိုင်းကထုတ်လွှင့်တဲ့ Live ပြီးဆုံးကာနီးမှာ နောက်ဆုံးရသတင်းအချက်လက်ကို ထည့်သွင်းပြောကြားခဲ့တာပဲဖြစ်ပါတယ်။
ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးကလည်း “လူနာနံပါတ် ၁၆ ဝေဘာဂီဆေးရုံတွင် သေဆုံးသည်မှာ မှန်ကန်ပါသည်” လို့ ၎င်းရဲ့ Facebook မှာ ရေးသားထားပြီး ဒီမနက် ၁၀း၀၅ မှာ ကွယ်လွန်တယ်လို့လည်း အတည်ပြုထားပါတယ်။
ကွယ်လွန်သူဟာ ဒူဘိုင်းကပြန်လာတဲ့သားကို လေဆိပ်မှာသွားကြိုခဲ့ကာ မြောက်ဥက္ကလာက တည်းခိုခန်း တစ်ခုမှာ ခေတ္တတည်းခိုနေစဉ် နေမကောင်းဖြစ်တာကြောင့် ဆေးရုံတက်ကုသစစ်ဆေးခဲ့ရာမှာ COVID -19 တွေ့ရှိခဲ့တာပါ။
ပြည်မြို့ဆေးရုံမှာ ကုသမှုခံယူခဲ့တဲ့ လူနာအမှတ် ၁၇ ဟာလည်း ဒီနေ့မနက်အစောပိုင်းက ကွယ်လွန်ခဲ့တာကြောင့် မြန်မာနိုင်ငံမှာ ပိုးတွေ့အတည်ပြုလူနာ ၂၂ ဦး၊ ကွယ်လွန်သူ သုံးဦးရှိပြီဖြစ်ပါတယ်။
#Dailynews