ရန်ကုန်-၂၀၂၀ မတ် ၃၁ (မော်ကွန်း)
COVID-19 လူနာအမှတ်(၅)၊ အသက် (၆၉) အရွယ် အမျိုးသားသည် ယနေ့နံနက်ပိုင်းက ဝေဘာဂီဆေးရုံကြီးတွင် ကွယ်လွန်ခဲ့သည်။
အဆိုပါလူနာသည် နှာခေါင်းကင်ဆာရောဂါအခံရှိသူဖြစ်ပြီး ကွယ်လွန်သည့်ရောဂါအား အတည်ပြုရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနာ ပြောခွင့်ရသူ ဒေါက်တာခင်ခင်ကြီးနှင့် ရန်ကုန်တိုင်း လူမှုရေးဝန်ကြီးတို့အား ဖုန်းဖြင့်ဆက်သွယ်ရာ မရရှိခဲ့ပေ။
သို့သော် အဆိုပါ ပုဂ္ဂိုလ်နှစ်ဦး၏ Facebook လူမှုကွန်ရက် စာမျက်နှာများတွင် လူနာအမှတ်(၅) ကွယ်လွန်ကြောင်း ရေးသားထားကြသည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် တရားဝင်ထုတ်ပြန်ခြင်းမရှိသေးပေ။
ယမန်နေ့ကလည်း လူနာအမှတ်(၅) သေဆုံးကြောင်း သတင်းများထွက်ပေါ်ခဲ့သော်လည်း အတည်ပြုရန် ၎င်းနေထိုင်သည့် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖို့မြေရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းထွန်းက သတင်းအမှားသာဖြစ်ကြောင်း မော်ကွန်းကို ဖြေကြားခဲ့သည်။
လက်ရှိအချိန်တွင် COVID – 19 ကူးစက်ခံရသူ စုစုပေါင်း ၁၄ ဦးရှိပြီး တစ်ဦး ကွယ်လွန်သွားပြီဖြစ်သည်။
#Dailynews