စည်သူ
ရန်ကုန် -၂၀၂၀ ဩဂုတ် ၁၁ (မော်ကွန်း)
မြန်မာနိုင်ငံမှာ COVID -19 ရောဂါပိုးကို ပြည်ပက ပြန်လာသူများထံမှာပဲတွေ့ရှိနေပြီး ပြည်တွင်းကူးစက်မှု မရှိတာ ၂၅ ရက်ရှိပြီးဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ စာရင်းတွေအရသိရပါတယ်။
ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ အသွားအလာကန့်သတ်ထားရာကနေ ဇူလိုင် ၁၆ ရက်မှာ ရောဂါပိုးတွေ့ရှိခဲ့တဲ့ လူနာနံပါတ် ၃၃၉ ဟာ ပြည်တွင်းကူးစက်မှု နောက်ဆုံးပဲဖြစ်ပါတယ်။
ဒါပေမယ့် ပေါ့ဆနေလို့မရသေးဘူးလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။
“နိုင်ငံတကာပြန်ကြည့်မယ်ဆိုရင် အရမ်းကြောက်စရာကောင်းတယ်။ ကျွန်တော်တို့နိုင်ငံကလည်း ပေါ့လို့မရသေးဘူး၊ အချိန်မရွေး ဘယ်လိုဖြစ်နိုင်တယ်ဆိုတာ ပြောလို့မရသေးဘူး၊ လူစုမယ်ဆိုရင် အင်မတန်အန္တရာယ်များတယ်။ ဒီမှာတွေ့နေတဲ့ ပိုးတွေ့လူတွေကလည်း ၆၀ရာခိုင်နှုန်းက ရောဂါလက္ခဏမပြဘူး။ အဲ့လိုမျိူး ပိုးရှိတဲ့ လူတွေကလည်း ပိုးတွေကို ဖြန့်ဖြူးတဲ့အနေအထားဖြစ်နိုင်တယ်” လို့ မော်ကွန်းကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ စုစုပေါင်း၃၆၀ဦး၊ ကုသမှုခံယူလျက်ရှိသူ ၄၆ဦး ပြန်လည်ကောင်းမွန်လာပြီး ဆေးရုံးဆင်းသူ ၃၀၂ဦးနဲ့ သေဆုံးသူ ၆ဦးရှိပြီးဖြစ်ပါတယ်။
ဒေါက်တာမြင့်ဦး(ဂျီပီ) ကလည်း“ အရင်တော်တော်များများ လိုက်နာထားတာရှိတဲ့အတွက် ကျွန်တော်နိုင်ငံမှာ အထိနည်းတာပေါ့၊ အုပ်စုလိုက် အခမ်းအနားကြီးတွေ၊ ပွဲေတော်ကြီးတွေ၊ လူထုအစည်းအဝေးပွဲကြီးတွေ လုပ်နိုင်တဲ့ အဆင့်တော့မရောက်သေးဘူး။ ဒါက အန္တရာယ်ကို ဖိတ်ခေါ်သလိုဖြစ်မှာ”လို့ မော်ကွန်းကိုပြောပါတယ်။
လက်ရှိအချိန်မှာရောဂါအတည်ပြုလူနာ ကင်းစင်သွားတဲ့ တိုင်းနဲ့ပြည်နယ် ၁၀ ခုရှိပြီး ကယားပြည်နယ်မှာတော့ အတည်ပြုလူနာ လုံးဝမတွေ့ရှိခဲ့ပါဘူး။
ဓါတ်ပုံ – စည်သူ
ပုံစာ – ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ကျောက်မြောင်းရှိ သံသယလူနာအား ဧပြီလအတွင်းက လူမှုကူညီကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်)က လာရောက်ခေါ်ဆောင်စဉ်။
#Dailynews