အောင်ပိုင်
ရန်ကုန် – ၂၀၂၀၊ မတ် ၁၈ (မော်ကွန်း)
တရုတ်အစိုးရက ထောက်ပံ့သော လူနှစ်ထောင်ကျော်အတွက် COVID-19 ဓာတ်ခွဲစစ်ဆေးကိရိယာများကို အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) တွင် ထားရှိကာ စစ်ဆေးသွားမည်ဟု ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောသည်။
ဒါတွေက အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနမှာပဲ ထားပြီး ရောဂါပိုးကို စမ်းသပ် စစ်ဆေးသွားရမှာပါ။ Rappid Test Kit (အမြန်စစ်ကိရိယာ) မဟုတ်တော့ တခြားနေရာတွေမှာ ဖြန့်ဝေသုံးစွဲသွားရမှာမဟုတ်ဘူးဟု ၎င်းကပြောသည်။
လူဦးရေ ၂,၀၁၆ ဦးအတွက် COVID-19 ဗိုင်းရပ်စ်ပိုးဓာတ်ခွဲစစ်ဆေးကိရိယာများသည် မတ် ၁၇ ရက် ညတွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ယနေ့ညနေပိုင်းက ဖော်ပြထားသည်။
လက်တလောတွင်လည်း အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သည် တိုင်းနှင့် ပြည်နယ် ဆေးရုံအသီးသီးမှ COVID-19 ရောဂါ စောင့်ကြည်လူနာများထံမှ ဓာတ်ခွဲနမူနာများကို စစ်ဆေးပေးလျက်ရှိသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မတ်လ ၁၇ ရက် ညနေပိုင်းအထိ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ မတွေ့ရသေးဘဲ စောင့်ကြည့်သံသယလူနာ ၁၄၄ ဦး၊ ပိုးမတွေ့လူနာ ၁၃၅ ဦး ရှိပြီဖြစ်သည်။
မတ်လ ၁၇ ရက်အထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည့် နိုင်ငံပေါင်း ၁၅၂ နိုင်ငံအထိ ရှိလာပြီဖြစ်ကာ ရောဂါကူးစက်ခံရသူ ၁၇,၉၀၀ ကျော်နှင့် သေဆုံးသူ ၇,၄၀၀ ကျော် ရှိလာပြီ ဖြစ်သည်။
ဓါတ်ပုံ-တရုတ်သံရုံးဖေ့ဘွတ်ခ်
#Dailynews