ကျော်ဇေယျ
ရန်ကုန်-၂၀၂၀ မတ် ၂၉ (မော်ကွန်း)
COVID-19 ရောဂါပိုးကူးစက်ခံရသူရှစ်ဦးနဲ့ ထိတွေ့ခဲ့သူဦးရေဟာ ၄၇၀ ကျော်ရှိပြီး ထိုသူတွေကို အသွားအလာ ကန့်သတ် စောင့်ကြည့်မှု ပြုလုပ်နေတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။
ဒီကနေ့ နေပြည်တော်မှာ ဗီဒီယိုကနေတဆင့်ကျင်းပတဲ့ ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့်လုပ်ငန်း ညှိနှိုင်း အစည်းအဝေး (၄၄/၂၀၂၀) မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောတာပါ။
ထိုရှစ်ဦးကတော့ ရန်ကုန်တိုင်းဒေသကြီးမှာ ငါးဦး၊ မန္တလေးတိုင်းဒေသကြီးမှာတစ်ဦး၊ ချင်းပြည်နယ်မှာတစ်ဦးနဲ့ နေပြည်တော်ကောင်စီက တစ်ဦး တို့ကို COVID-19 ရောဂါပိုး ကူးစက်ထားတာ ဖြစ်ပါတယ်။
ဒါအပြင် ထိုင်းနိုင်ငံကနေ ပြည်တွင်းကို ပြန်လည်ဝင်ရောက်လာသူတွေကို အသွားအလာကန့်သတ်စောင့်ကြည့်နေတဲ့ မြို့နယ်အလိုက် မြေပုံတွေ ရေးဆွဲ ဆောင်ရွက်ရမယ်လို့ ဝန်ကြီးက အစည်းအဝေးမှာ တာဝန်ရှိသူတွေကို မှာကြားပါတယ်။
ဒါအပြင် ပြည်ပကနေ ပြန်ဝင်လာသူတွေများပြားတဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရန်ကုန်တိုင်းဒေသကြီးတွေမှာ ရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်း အားဖြည့်ဆောင်ရွက်နိုင်ဖို့ ဗဟိုအဆင့် တာဝန်ရှိသူတွေကို စေလွှတ်ပေးထားတယ်လို့ သူက ပြောတယ်။
မတ်လ ၂၈ ရက်အထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးတွေ့ရှိသူ ရှစ်ဦးအထိ ရှိနေပြီး ထိုအထဲက ခြောက်ဦးဟာ ရောဂါ သက်သာကောင်းမွန်လာကာ နှစ်ဦးကို အထူးကြပ်မတ်ကုသပေးနေတယ်လို့ ဒီနေ့ည ၈ နာရီမှာ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ပုံစာ- ဗိုင်းရပ်စ်ပိုးကာကွယ်ရေးလုပ်ငန်းဆောင်ရွက်နေပုံ
#Dailynews