ရန်ကုန် – ၂၀၂၅ မတ် ၆ (မော်ကွန်း)
ကရင်နီတောင်ပိုင်းဒေသတွေမှာ စစ်ကောင်စီစစ်ကြောင်းထိုးလာနေပြီး နှစ်ဖက်စစ်ရေးတင်းမာလာတာကြောင့် ဒီးမော့ဆို-မော်ချီး ကားလမ်းကို ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (Karenni State Interim Executive Council – IEC) က ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်ပါတယ်။
ဘော်လခဲကနေ တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ဒေသတွေကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာတာကြောင့် ဒီလမ်းပိုင်းမှာ ကုန်စည်ကူးသန်းရောင်းဝယ်နေတဲ့ မော်တော်ယာဉ်နဲ့ မော်တော်ဆိုင်ကယ်တွေ မသွားလာကြဖို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က မနေ့က ထုတ်ပြန်ခဲ့တာပါ။
ကရင်နီတော်လှန်ရေးအင်အားစုတွေဟာ မယ်စဲ့၊ ရှားတော၊ မော်ချီး၊ ဒီးမော့ဆို၊ နန်းမယ်ခုံနဲ့ မိုးဗြဲမြို့တွေကို သိမ်းပိုက်ထားတာပါ။
လက်ရှိမှာ စစ်ကောင်စီတပ်ဟာ မိုးဗြဲမြို့ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အဲဒီဒေသမှာလည်း တိုက်ပွဲနေ့စဉ်ဖြစ်နေတာပါ။
ဒါ့အပြင် အခုလ ၄ ရက်မှာ စစ်ကောင်စီတပ်ဟာ ဒီးမော့ဆို-မော်ချီးလမ်းပိုင်းမှာရှိတဲ့ ဘော်လခဲမြို့ကနေ တန်ပြန်ထိုးစစ်ဆင်လာပြီး ဒီလမ်းပိုင်းမှာ တိုက်ပွဲတွေပြန်ဖြစ်လာတယ်လို့ ကရင်နီဒေသတွင်း သတင်းရင်းမြစ်တချို့က ပြောပါတယ်။
ကရင်နီဒေသရဲ့ ဒုတိယခရိုင်မြို့ဖြစ်တဲ့ ဘော်လခဲမြို့မှာ စစ်ကောင်စီတပ်ရဲ့ ဘော်လခဲအခြေစိုက် အခြေချစစ်ဗျူဟာစခန်းအပါအဝင် တိုက်ခိုက်ရေးတပ်တွေနဲ့ လက်ရုံးတပ်တွေအခြေစိုက်ထားတဲ့အပြင် လက်ရှိမှာလည်း အင်အားအများအပြား ထပ်မံဖြည့်တင်းထားတာပါ။
ဒီလမ်းပိုင်းဟာ ထိုင်းနယ်စပ် မယ်စဲ့ကနေ ကရင်နီပြည်ကို ဆက်သွယ်ထားတာကြောင့် အခုလို လမ်းပိတ်လိုက်တဲ့အတွက် ဒေသတွင်းမှာ ကုန်ဈေးနှုန်းတွေ မြင့်တက်လာနိုင်တယ်လို့ ကရင်နီစစ်ဘေးရှောင်တစ်ဦးကပြောပါတယ်။
“ကုန်ဈေးနှုန်းတော့ တက်လာဖို့ရှိတယ်။ ဒီလမ်းပိုင်းကပဲ စားသောက်ကုန်၊ လူသုံးကုန်နဲ့ ရိက္ခာတွေကအစပေါ့နော် စီးဆင်းနေတာပါ။ စစ်ဘေးရှောင်တွေကအစ ဒီလမ်းကိုပဲအားထားနေရတာ။ အကြာကြီးပိတ်ရင်တော့ အဆင်မပြေဖြစ်လာနိုင်တယ်” လို့ ၎င်းက ပြောပါတယ်။
ဒီလမ်းပိုင်းအတွင်း ထိတွေ့တိုက်ပွဲတွေရှိလာနေပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းပစ်ခတ်မှုတွေကြောင့် ဒေသခံတွေထိခိုက်နိုင်လာနိုင်တဲ့အတွက် ဒီလမ်းကိုပိတ်ထားရတာလို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ တာဝန်ရှိသူတစ်ဦးကတော့ ဒေသတွင်းသတင်းဌာနတချို့ကို ပြောထားပါတယ်။
ဒါ့အပြင် IEC အနေနဲ့ နောက်ထပ် အမိန့်တစ်စုံတစ်ရာ မထုတ်ပြန်ရသေးတဲ့အချိန်ထိ ဒီလမ်းကို ဖြတ်သန်းသွားလာခြင်းမပြုဖို့ အသိပေးထားတာပါ။
မနေ့က မနက်ပိုင်းကလည်း ဒီးမော့ဆို အရှေ့ခြမ်းက စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် စာသင်ကျောင်းတစ်ကျောင်း ပျက်စီးခဲ့ပါသေးတယ်။
စစ်ကောင်စီဟာ ဒီနှစ်ဆန်းပိုင်းစတင်ကာ စစ်မှုထမ်းသင်တန်းသားသစ်တွေနဲ့ ကရင်နီစစ်မြေပြင်ကို အင်အားဖြည့်တင်းနေပြီး တော်လှန်ရေးတပ်တွေသိမ်းပိုက်ထားတဲ့နေရာတွေကို ပြန်လည်ထိုးစစ်ဆင်လာတာပါ။
ပုံစာ – လမ်းပိုင်းတစ်နေရာမှာ စစ်ဆေးနေတဲ့ ကရင်နီအုပ်ချုပ်ရေးကောင်စီတပ်ဖွဲ့ဝင်များ
ဓါတ်ပုံ – IEC

