ကျွန်တော် အတိုင်အပင်ခံ(၁)

ကျွန်တော် အတိုင်အပင်ခံ(၁)

အောက်တိုဘာလထုတ်-၂ဝ၁၄၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၇)မှ သရော်စာဆောင်းပါးဖြစ်ပါသည်။

ရန်လိုကျွှဲ ရေးသည်။

ဂျာနယ်တိုက်ကပေးသော ဆံထုံးတော်ကြီးတမာသီးလစာ ကို အားကိုးရလျှင်ဖြင့် သတင်းထောက်တစ်ယောက်အဖို့ မြို့ကြီး ရန်ကုန်တွင် ရှင်သန်ရခက်ခဲလှသည်။ ထို့ကြောင့် ‘အပိုဝင်ငွေ ရှာ ဖွေရေး ဒို့အရေး’ ကြွေးကြော်သံကို လက်ကိုင်ထားပြီး သတင်း ထောက် ရန်လိုကျွဲ အချိန်ပိုင်းလုပ်ကိုင်ရန် ရွေးချယ်လိုက်သည်က အတိုင်ပင်ခံဟူသောအလုပ်ဖြစ်သည်။ ဘိုလိုပြောရပါက Consultant ဟူသတည်း။

ဤအလုပ်မှာ နှယ်နှယ်ရရမဟုတ်။ လူရိုသေရှင်ရိုသေ၊  ဝါရင့်၊ ကျွမ်းကျင်အဆင့်သို့ရောက်ပါက တစ်ရက်ဝင်ငွေသည် သတင်းသမားလစာထက် များသည် ဟူသတတ်။ မက်စရာ ပမာဏဖြစ်ပေသည်။ အတိုင်ပင်ခံဆိုသူတို့၏အလုပ်မှာ စကား များများပြော လေပေါရခြင်းပင်။ လေဟူသည်မှာ ကိုင်တွယ်၍၊ ပွတ်သပ်၍ မရသော်ငြားလည်း ဖောဖောသီသီ၊ အခမဲ့ ရရှိနေ သောကြောင့် အရင်းအနှီးမရှိသလောက်ပင်။ လေပေါသည့်ငနဲ၊ စကားဖွာလွန်းသည့်ကောင်၊ စကားများများသတင်းသမားဟု တချို့သောသူတို့ မလိုတမာဆိုကြခြင်းကို မကြာခဏ ခံနေရသည့် ရန်လိုကျွဲအတွက်တော့ ဤအလုပ်က ဟန်ကျနိုင်မည်မဟုတ်လော။

အတိုင်ပင်ခံအလုပ်များ လက်ခံရရှိရေးအတွက် ဦးစွာ ပထမ လုပ်ကိုင်ရသည်မှာ ကိုယ့်ကို အများသိအောင် ကြော်ငြာရ ခြင်းပင်တည်း။ မည်သို့ ကြော်ငြာရမည်နည်း။

ကိုယ့်ကို လူသိရေးအတွက် အကြံအိုက်နေစဉ် မော်ကွန်း မဂ္ဂဇင်းအယ်ဒီတာဉာဏ်လင်းက ‘လစဉ်ထုတ်မဂ္ဂဇင်းတွေရောင်း အားကျလွန်းနေတယ်။ အရောင်းသွက်အောင် ဘယ်လိုလုပ်ကြ မလဲ’ဆိုတဲ့ ခေါင်းစဉ်နဲ့ ပွဲတစ်ပွဲ ဦးဆောင်လုပ်လိုက်၊ ဒါဆို ညီ လေးကို အနည်းနဲ့အများ လူတွေ သတိထားလာကြလိမ့်မယ်ဟု အကြံပြုလာလေ၏။

ဤသို့ဖြင့် ရန်လိုကျွဲလည်း အလုပ်ရုံဆွေးနွေးပွဲဟု တလွဲ ဘာသာပြန်ထားကြသော Workshop တစ်ခု အရင်းပြုပြီး ကိုယ့် ကိုယ်ကိုယ် အစွံထုတ်ရလေ၏။

မဂ္ဂဇင်းအရောင်းသွက်ရေး မဟာဗျူဟာ ဆွေးနွေးပွဲကို ရန် ကုန်တွင် ပြုလုပ်ရာ မော်ကွန်း၊ စုံနံ့သာ၊ ခေတ်ရနံ့၊ မိုးမခ အစရှိ သော မဂ္ဂဇင်းတို့မှ အယ်ဒီတာလူကြီးမင်းများ တက်ရောက်ကြ လေသည်။

ဆွေးနွေးပွဲက မြိုင်ဆိုင်လှ၏။ အစွမ်းကုန် ဦးနှောက်မုန် တိုင်းဆင်ကြ၏။ ငြင်းကြခုံကြ၏။ မီဒီယာသမားများဖြစ်သော ကြောင့် ရေပက်မဝင်အောင် ပြောကြ၏။

မဂ္ဂဇင်းများ အရောင်းထိုင်းရခြင်း အကြောင်းရင်းဟူသော ကဏ္ဍနှင့် ပတ်သက်ပြီး မိုးမခအယ်ဒီတာ မောင်ရစ်က စာဖတ်ကဲ ကြသည့် မြို့တော်ရန်ကုန်တွင်ပင် အရောင်းထိုင်းလွန်းလှသည်ဟု ဆိုလာသည်။

”ဘကြီးမိုးစကား ငှားသုံးရရင် မဂ္ဂဇင်းရောင်းအားက ရန် ကုန်ပတ်လည် အုပ် ၆ဝ ဖြစ်နေပြီ”

မောင်ရစ်က ပြောလည်းပြော၊ ဒေါသလည်း ထွက်ပြီး စားပွဲ ကို လက်သီးနှင့်ထုထုနေသဖြင့် ဘေးမှ မိုးမခ အယ်ဒီတာမြင့် ကျော်က လှမ်းဆွဲထားရ၏။ အယ်ဒီတာမြင့်ကျော်က ကိုးကားရ မည့် စာအုပ်စာတမ်း အများအပြား ပွေ့ပိုက်ပြီး ရောက်လာခြင်း ဖြစ်သော်လည်း ဆွေးနွေးရခြင်းမရှိ။ မောင်ရစ်၏ စိတ်လိုလက် ရမ်းမှုကို ထိန်းသိမ်းရန် လာရောက်ထိုင်နေရသူလို ဖြစ်နေ၏။ သူက မောင်ရစ်အနီး ရေပုလင်း၊ ဖန်ခွက်တို့ မရှိစေရေးကိုလည်း စီစဉ်ရ၏။

ဆွေးနွေးပွဲတွင် အစွာဆုံး၊ အပြောဆုံး၊ လေကြောအရှည် ဆုံးသူမှာ စုံနံ့သာမဂ္ဂဇင်းအယ်ဒီတာ ဘုန်းသက်ပိုင်ဖြစ်သည်။ သူ့ လေကြောရှည်လျားလွန်းသောကြောင့် သူတို့တိုက်မှ အယ်ဒီတာ ဇော်လူစိမ်းက သူ့ကို မကြာခဏ လက်တို့ဟန့်တားနေရသည်။ တစ်ချီတစ်ချီ ထပြောလျှင် အနည်းဆုံး ကွမ်းတစ်ယာညက်ခန့် ကြာတတ်သဖြင့် တစ်ကြိမ်တွင် ဇော်လူစိမ်းက ပုဆိုးလှမ်းဆွဲ သတိပေးရာ ပုဆိုးကျွတ်ကျသွားသည်။ ဒါလည်း ဘုန်းသက်ပိုင်က ကမန်းကတန်း ပုဆိုးပြန်ဆွဲကိုင်ပြီး ဆက်လက် ဆွေးနွေးလေသည်။

”ရန်ကုန်ပတ်လည် အုပ် ၆ဝ ဆိုတာက ဖြန့်ချိရေးဆိုင်တွေရဲ့ အပြစ်ပဲ။ ခင်ဗျားတို့ စဉ်းစားကြည့်လေ၊ စာအုပ်ဆိုင်ဆိုတာမျိုးက နေ့စဉ်ဝင်ထွက်နေတဲ့သူပေါင်း ရာထောင်ချီပြီး ရှိတယ်။ ဆိုင်ထဲ ဝင်လာတာဟာ စာအုပ်ဝယ်ချင်လို့ မဟုတ်ဘူးလား။ ဒီလူတွေကို ထိုးထိုးပြီးရောင်းရင် အနည်းဆုံးတော့ အားနာနာနဲ့ ဝယ်သွားကြ မှာပဲ။ မြန်မာတွေရဲ့ အားနာမှုဆိုတဲ့ ပျော့ကွက်ကိုနင်း၊ အသုံးချပြီး ရောင်းရင်လည်း ကျုပ်တို့မဂ္ဂဇင်းတွေ အရောင်းထွက်မှာပဲ။ကျုပ် ပြောတာ မမှန်ဘူးလား။ သူတို့ နည်းနည်းလေး ဝါယမ စိုက်လိုက် တာနဲ့ တစ်ဆိုင်တစ်ဆိုင်ကို မရောင်းရဘူးဆိုရင် အုပ်ငါးရာ၊ တစ် ထောင်တော့ အနည်းဆုံး ရောင်းထွက်မှာပဲ။ ဒါကြောင့် ကျုပ်တို့ မဂ္ဂဇင်းများ အရောင်းရ မတွင်ကျယ်ဘဲ နည်းသထက် နည်း နည်းသွားတာဟာ ဖြန့်ချိရေးဆိုင်တွေရဲ့ အပြစ်ပဲ”ဟု ဘုန်းသက် ပိုင်က ပုဆိုးကို မဝတ်သေးဘဲ ကိုင်ထားလျက် ပြောသည်။

သူ၏ အယူအဆကို ထောက်ခံကြောင်း၊ သို့သော်လည်း ဒီ အချက်ကို လျှို့ဝှက်ထားသင့်ကြောင်း ထောက်ပြသူက ခေတ်ရနံ့ အယ်ဒီတာ ပြည်သွေးနိုင်ဖြစ်၏။

”ကျွန်တော်နားလည်သလောက်ပြောရရင် ဖြန့်ချိရေးဆိုင် တွေကိုတော့ ထိလို့မရဘူးခင်ဗျ။ သူတို့စိတ်အလိုမကျရင် သတင်း စာ၊ ဂျာနယ်တွေများ အထုပ်ကြိုးမဖြေဘဲ ပစ်ထားတဲ့နည်းနဲ့ ပညာပြတယ်လို့ ဆိုတယ်။ ဒါကြောင့် ကျွန်တော်တို့က ဖြန့်ချိရေး ဆိုင်ဂုဏော အနန္တော လုပ်နေရတယ်”ဟု ပြည်သွေးနိုင်က ဆွေး နွေးသည်။

သူက ဆက်လက်ပြီး သူ၏ ခေတ်ရနံ့လည်း တွက်ခြေမကိုက် ကြောင်း၊ အကြွေးတင်နေသည့်အပြင် သူ့မိန်းမ နားကပ်၊ လက် စွပ်၊ လက်ကောက်တို့ကို ဖြုတ်ရောင်းထားရကြောင်းလည်း ညည်းပြသည်။ ယခုလအတွက် ထုံးစံအတိုင်း ငွေလိုသဖြင့် တစ်ခု ခုဖြုတ်မည် ကြံရာ ဖြုတ်စရာ ဘာမျှမကျန်တော့သဖြင့် လင် မယား ရန်ဖြစ်ရသည်ဟုလည်း ပြောပြလေ၏။

တက်ရောက်လာသူအားလုံး ပြည်သွေးနိုင်၏ ညည်းချင်း ကြောင့် သနားသွားကြပြီး စကားမပြောနိုင်ကြတော့ပေ။ ဆွေး နွေးခန်း လုံးဝ တိတ်ဆိတ် ငြိမ်သက်သွား၏။

တိတ်ဆိတ်ခြင်း၏အသံက ကျယ်လောင်လှသည်ဟူသော အမည်မသိခေတ်စာဆို၏ ရေးသားချက်က ဤနေရာတွင် မှန် ကန်လွန်းနေသည်။ အဘယ်ကြောင့် ဆိုသော် ဆွေးနွေးပွဲအတွင်း ထိုင်လျက် အိပ်ပျော်နေသော နှင်းဆီဖြူ မဂ္ဂဇင်းအယ်ဒီတာ နှင်း ခါးမိုး ရုတ်တရက်လန့်နိုးသွားခြင်းကြောင့်ပင်။

နိုးနိုးချင်း သူက တစ်ရေးနိုးသော် အကြံပေါ်ဟူသော ဆိုရိုး အတိုင်း ချက်ချင်း ဝင်ရောက်ဆွေးနွေးလေသည်။

”အရောင်းသွက်ရေးအတွက်ဆိုရင် ဈေးသုံးလည်းမကြွယ် နဲ့၊ ရှေးထုံးကိုလည်း မပယ်နဲ့၊  ကျွန်တော်တို့ဟာ လိုအပ်လာရင် ဗေဒဆရာ၊ ဝေဒဆရာတို့ကိုလည်း ချဉ်းကပ်အကြံယူသင့်ပါ တယ်။ ဥပမာ-အယ်ဒီတာအဖွဲ့ထဲ အင်္ဂါသားသမီးတစ်ယောက် ထည့်သင့်ရင် ထည့်ရတာမျိုး၊ မဂ္ဂဇင်းကိုတောင် နာမည်နောက် တစ်မျိုးပြောင်းပြီး ထုတ်ဝေတာမျိုးပေါ့ဗျာ”ဟု နှင်းခါးမိုးက အတည်ပေါက် ဆိုလေသည်။

နှင်းခါးမိုး၏ဆွေးနွေးချက်ကို ခေါင်းတညိတ်ညိတ် ထောက် ခံအားပေးသူမှာ ပြည်သွေးနိုင်ဖြစ်သည်။

ပြည်သွေးနိုင်က သူ့မဂ္ဂဇင်းကို လွန်ခဲ့သော နှစ်ပေါင်းများ စွာကပင် ရနံ့သစ် အမည်ဖြင့် ထုတ်ဝေခဲ့ပြီး မကြာသေးခင်ကမှ ခေတ်ရနံ့ဟု ရုတ်တရက် အမည်ပြောင်းလိုက်ခြင်းဖြစ်သည်။

အမည်ဟောင်းကို ဆက်လက် အသုံးပြုရန် အခြေအနေ မပေးတော့ဟု လူသိရှင်ကြား ကြေညာသော်လည်း ထိုသို့ ပြောင်း ခြင်းမှာ အထင်ကရ ဝေဒဆရာ ရွှေမှန်ဘောင်၏တိုက်တွန်းချက် ကြောင့်ဖြစ်ကြောင်း စာပေလောကတစ်ခုလုံး သိပြီး ဖြစ်လေသည်။

အမည်ပြောင်းလိုက်ပြီးနောက်ပိုင်း မည်သို့သော ဖြစ်ထွန်း မှုများ ပေါ်ပေါက်နေသနည်းဟု စပ်စုလာပါက ဖြေဆိုရန် စော လွန်းနေသေးကြောင်း ပြန်ပြောလိုက်မည်ဟု ပြည်သွေးနိုင် တွေး နေမိသည်။ သို့သော်လည်း ဤမေးခွန်းကို မေးမည့်သူ မရှိ။

ဆွေးနွေးခန်း ပြန်လည်တိတ်ဆိတ်သွားချိန်တွင် အယ်ဒီ တာဇေယျာလှိုင်က ရောင်းအားအနည်းဆုံး မဂ္ဂဇင်း ၁ဝ အုပ်ထဲ တွင် မော်ကွန်းက ထိပ်ပိုင်းနားတွင် ရှိဆဲ ဖြစ်ကြောင်း၊ တိုက်တွင် စာအုပ်များ ပုံနေကြောင်း၊ ရောင်းမကုန်သဖြင့် မိတ်ဆွေများကို မေတ္တာလက်ဆောင် လိုက်ပေးသော်လည်း မကုန်သေးကြောင်း စသဖြင့် အားလုံးသိရှိပြီးသား လျှို့ဝှက်ချက်ကို ဖွင့်ချပြန်လေသည်။

”ကျွန်တော်တို့မော်ကွန်းက ဂိုဒေါင်ကြီးကြီးတစ်လုံးငှားပြီး သွားပါပြီ၊ မဂ္ဂဇင်းဟောင်းတွေ ထားဖို့ပါ”ဟု ဇေယျာလှိုင်က ရှင်း ပြသည်။

သူ၏ဆွေးနွေးချက်ကို စိတ်ဝင်စားဟန် ရှိ၊ မရှိ သိနိုင်ရန် အားလုံး၏မျက်နှာများကို ကြည့်ရှုအကဲခတ်လိုက်သေးသည်။

”အစိုးရရဲ့ စာပေစိစစ်နဲ့ မှတ်ပုံတင်ဌာနကလည်း စာအုပ် ဝယ်ဖို့ ဘတ်ဂျက် မရှိဘူး။ ဒီတော့ ကျွန်တော်တို့က သူတို့ကို လ တိုင်း ၁ဝ အုပ်လောက် ပုံမှန်ပေးရတယ်။ အဲဒါ မဖြစ်မနေ ပေးရ တာနော်။ ဒါကြောင့် များများကုန်အောင် အုပ် ၁ဝဝ ပေးမယ်လို့ ကျွန်တော်တို့ ကမ်းလှမ်းထားတယ်။ သူတို့က ဝန်ကြီးကို တင်ပြ ထားပါတယ်လို့ ပြန်ပြောတယ်။ တင်ပြထားတာ ၁ဝ လ ရှိသွားပြီ။ မထူးခြားသေးပါဘူး”ဟု ဇေယျာလှိုင်က သူ၏ ကိုရီးယားနှုတ် ခမ်းမွေးခပ်ပါးပါးကို ပွတ်သပ်ပြီး ဆက်ပြောသည်။

မဂ္ဂဇင်းများ အရောင်းထိုင်းရခြင်း ပြဿ      နာကို ရှာဖွေသည့် ဆွေးနွေးချက်က မြိုင်ဆိုင်လှ၊ အားရစရာကောင်းလှ၏။ အတွေ့ အကြုံ များ သင်ခန်းစာများ အိတ်သွန်ဖာမှောက်ဖလှယ်ခွင့်ရသည့် အတွက် မဂ္ဂဇင်းအယ်ဒီတာများက ရန်လိုကျွဲကို အကြီးအကျယ် ကျေးဇူးတင်နေကြသည်။

တချို့က ဆွေးနွေးပွဲကို အခါအားလျော်စွာ ပြုလုပ်သင့် ကြောင်း အကြံပေးကြသည်။

ရန်လိုကျွဲက အခြေအနေအရပေါ့ခင်ဗျာဟု သံတမန်ဆန် ဆန် ပြန်ပြောလိုက်သည်။

ဤဆွေးနွေးပွဲ၏ ရည်ရွယ်ချက်မှာ ရန်လိုကျွဲက ကိုယ့်ကိုယ် ကိုယ် ပွဲထုတ်ခြင်းဖြစ်သည်။အယ်ဒီတာတို့ကိုခေါ်ယူပြီး ဦးနှောက် ဖောက်စားခြင်းလည်း ဖြစ်သည်။

လူသိများလာပြီး အတိုင်ပင်ခံအလုပ်များ လက်ခံရရှိပြီဆို ပါက ဒီလိုပွဲမျိုး ကျင်းပစရာ လိုတော့မည်မဟုတ်ပေ။ နာမည် မကြီးသေးပါက ဒီလိုပွဲမျိုး ဆက်ရန် ရှိသေးသည်ဟု ဆိုရပေမည်။ ထို့ကြောင့် အခြေအနေအရပေါ့ခင်ဗျာ ဟူသော အဖြေက သင့် တော်သည်မဟုတ်လော။

လောလောဆယ်ဆယ်တော့ အခြေအနေက ကိုယ့်ဘက် မှာ ပါနေသည်။ ဆွေးနွေးပွဲစီစဉ်သူ၏ နိဂုံးချုပ်စကား၊ ကျေးဇူးတင် စကား ပြောကြားရန်သာ ကျန်လေတော့သည်။

”အယ်ဒီတာမင်းတို့ရဲ့ တန်ဖိုးကြီးအချိန်တွေကို ဖဲ့ပြီး လာ ရောက်ဆွေးနွေးတဲ့အတွက် ကျွန်တော့်အနေနဲ့ အရမ်း အရမ်းကို ကျေးဇူးတင်ပါတယ်”

ထိုသို့ ပြောနေစဉ် မော်ကွန်းအယ်ဒီတာများ အထုပ်ဆွဲ ထ ပြန်ရန် ဟန်ပြင်သောကြောင့် မိုးမခအယ်ဒီတာတို့က လက်ကုပ် ပြီး ဟန့်ရသေး၏။ အချိန်ကလည်း ညနေအတော်စောင်းပြီမို့ ပရိသတ်တချို့ ထပြန်လိုခြင်း အကြောင်းရင်းကို သဘောပေါက် လိုက်၏။

”စာအုပ်ဈေးကွက်မှာ အယ်ဒီတာမင်းတို့ရဲ့ မဂ္ဂဇင်းများ အရောင်းကျသွားရခြင်း အကြောင်းရင်း အများအပြားရှိတဲ့အထဲ က အဓိက အရေးအကြီးဆုံးအချက်ကို နိုင်ငံတော်အစိုးရရဲ့ မကြာ သေးခင်က ထုတ်ပြန်ချက်တစ်ခုမှာ ထင်ထင်ရှားရှား တွေ့ရပါ လိမ့်မယ်”

ရန်လိုကျွဲ လေပေါခြင်းကို လေးစက္ကန့်ခန့် ခေတ္တနားလိုက် ၏။ ဇော်လူစိမ်းက ဘေးမှ နှင်းခါးမိုးကို လက်တို့ပြီး လှမ်းမေးလိုက် သည်။ ဘယ်တုန်းက ထုတ်ပြန်လိုက်တာလဲ ဟု မေးခြင်းဖြစ်သည်။ နှင်းခါးမိုး လန့်နိုးသွားပြီး ”နေဦးလေ၊ ခဏနေ ၁၉ လမ်း သွားကြ တာပေါ့၊ ဒီတစ်ခါတော့ ကိုယ်ဒကာခံပါ့မယ်”ဟု ဖြေလိုက်သည်။

တခြားသော အယ်ဒီတာများက ရန်လိုကျွဲ စကားဆက်မည် ကို စောင့်ဆိုင်းနေကြသည်။

”အစိုးရရဲ့ ထုတ်ပြန်ချက်မှာ မြန်မာပြည်လူဦးရေက သန်း ၅ဝ စွန်းစွန်းပဲ ရှိတော့တယ်လို့ အတိအကျ တွေ့ရပါလိမ့်မယ်။ အခြေခံဥပဒေထောက်ခံမဲ ကောက်တာ သိပ်မကြာသေးပါဘူး၊ အဲဒီတုန်းကတော့ လူဦးရေ သန်း ၆ဝ နီးပါး ရှိတယ်လို့ဆိုတယ်”

ဒီလောက်ပြောရုံနှင့် အယ်ဒီတာမင်းတို့ သဘောပေါက်ပြီ။ အင်း…အား…ဟုတ်တယ်…သြော်…အာဟား… စသဖြင့် အသံစုံ သွားသည်။ ရန်လိုကျွဲလည်း နိဂုံးစကား ဆက်ရပြန်၏။

”အဖြေက မြန်မာပြည်မှာ လူပေါင်း ၁ဝ သန်း ပျောက်ဆုံး နေတယ်ဆိုတဲ့သဘော သက်ရောက်ပါတယ်။ ဒီလူတွေ ဘယ် ရောက်သွားသလဲဆိုတာကို အင်းစိန်စီအိုင်ဒီက အပူတပြင်း လိုက်လံစုံစမ်းနေပြီလို့ သိရပါတယ်။ ၁ဝ သန်းဆိုတာ နည်းနည်း နောနော ပမာဏ မဟုတ်ပါဘူး။ ဒီတော့ ကျွန်တော် နိဂုံးချုပ်ပြော လိုတာကတော့ အယ်ဒီတာမင်းတို့ရဲ့ မဂ္ဂဇင်းတွေကို လူတွေက မဝယ်ကြတော့တာ မဟုတ်ဘူး၊ ဝယ်မယ့်သူတွေ ပျောက်ဆုံးနေ တာလို့ ဆိုရပါမယ်။ ဘာကြောင့်မှန်းမသိ ဂမ္ဘီရဆန်ဆန် ရုတ် တရက်ဆိုသလို ပျောက်ဆုံးသွားကြတဲ့သူတွေ ပြန်ပေါ်လာတဲ့နေ့ မှာ အယ်ဒီတာမင်းတို့ရဲ့ မဂ္ဂဇင်းတွေ ရွှေခေတ်ပြန်ရောက်မယ်လို့ ကျွန်တော် အတိုင်ပင်ခံ ရန်လိုကျွဲ လေ့လာသုံးသပ်မိကြောင်းပါခင်ဗျား”

အယ်ဒီတာမင်းအားလုံး လက်ခုပ်တီးကြ၏။ အဆက်မပြတ် တီးကြ၏။ ခေတ်ရနံ့အယ်ဒီတာ ပြည်သွေးနိုင်က လက်ခေါက်ပင် မှုတ်လိုက်သေး၏။ လက်ခုပ်သံများ ငါးမိနစ်ခန့်ကြာမှ တဖြည်း ဖြည်းစဲသွား၏။

မဂ္ဂဇင်းတွေကို လူတွေက မနှစ်သက်ကြခြင်းမဟုတ်၊ မြန် မာပြည်လူဦးရေ အကြီးအကျယ် လျော့နည်းသွားခြင်း၏ နောက် ဆက်တွဲဒဏ်ကို ၎င်းတို့ ခံစားနေရခြင်းသာဖြစ်ကြောင်း ထောက် ပြသူ ရန်လိုကျွဲကို အလွန်တရာ ကျေးဇူးတင်ကြလေကုန်၏။         ။

(လွန်တာရှိ ဝန္တာမိပါခင်ဗျား)

 

အမျိုးအစား - သရော်စာ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."