ကျွန်တော် အတိုင်ပင်ခံ(၂)

ကျွန်တော် အတိုင်ပင်ခံ(၂)

၂၀၁၄၊နိူဝင်ဘာလထုတ်၊မော်ကွန်းမဂ္ဂဇင်းအမှတ်(၁၈)မှ သရော်စာဆောင်းပါးဖြစ်ပါသည်။

ရန်လိုကျွဲရေးသည်။

            ရန်လိုကျွဲ၏ မီဒီယာပိုင်းဆိုင်ရာ အတိုင်အပင်ခံအလုပ်သည်   အောင်မြင်စပြုလာသည်။ ရန်ကုန်အခြေစိုက် မဂ္ဂဇင်းအယ်ဒီတာတို့က အကြံညဏ်ရယူလိုကြောင်း  တဒီးဒီးအပူကပ်လွန်းသောကြောင့် နေသာလေသာသော တစ်နေ့တွင် သူတို့ကို အချိန်ပေးတွေ့ဆုံရလေသည်။ အယ်ဒီတာတို့က ရန်လိုကျွဲကို မြန်မာမဂ္ဂဇင်းများအရောင်း ထိုင်းရသည့်အကြောင်း ဆွေးနွေးစဉ်ကတည်းက လေးစား သဘောကျနေကြခြင်းဖြစ်၏။ (ထိုဆွေးနွေးပွဲအကြောင်းကို မော်ကွန်းမဂ္ဂဇင်း အမှတ်၁၇တွင် ဖော်ပြခဲ့ပြီး ဖြစ်သည်။)

            တွေ့ဆုံစဉ် ဝိုင်းဖွဲ့ပြောဆိုသည့် အကြောင်းအရာက အရောင်း ထိုင်းနေသည့်မဂ္ဂဇင်းများ အရောင်းသွက်ရေးနှင့် ရေရှည်ရပ် တည်ရေးနည်းဗျူဟာအကြောင်းဖြစ်သည်။ စကားဝိုင်းသို့ မဂ္ဂဇင်းအယ်ဒီတာများသာမက လေ့လာသူ တချို့လည်း တက်ရောက်ကြသည်။ထုံးစံအတိုင်း လေပေါသော သောကြာသား ရန်လိုကျွဲက အများဆုံး ဆွေးနွေးသူ၊ အဓိက ပြောဆိုသူဖြစ်၏။

            “ကနေ့ခေတ် ရန်ကုန်က လက်ဖက်ရည်ဆိုင်တွေကို ကြည့် ဗျာ၊  အင်မတန့် အင်မတန် အရောင်းသွက် လူအုံလွန်းတာကို တွေ့ရလိမ့်မယ်။ အရောင်းသွက်ဆို သူတို့က စုံနေအောင် ဖန်တီးထားတာမဟုတ်လား။ စားသောက်စရာ မျိုးစုံအောင် တင်ထားတယ်၊  ဘောလုံးပွဲ၊  ကိုရီးယားဇာတ်လမ်းတွဲဖွင့်ပေးတယ်”တက်ရောက်လာသူတို့က ခေါင်းတညိတ်ညိတ်နှင့် ထောက် ခံကြ၏။

            “ဒါကြောင့် မိတ်ဆွေတို့ရဲ့ မဂ္ဂဇင်းများမှာလည်း ကလေးအငိုတိတ်စေတဲ့ ဂါထာ၊ ၁၄ ရက်အတွင်း အရပ်ရှည်နည်း၊  ၁၅ မိနစ်အတွင်း ရည်းစားရနည်းဆိုတာမျိုးတွေ ပုံမှန်ဖော်ပြသွားမယ်ဆိုရင် ပရိသတ်အင်မတန် စိတ်ဝင်စားပြီး ဝယ်ဖတ်ကြပါလိမ့်မယ်”

            မော်ကွန်းမဂ္ဂဇင်းအယ်ဒီတာ ဇေယျာလှိုင်က သူ၏ မှတ်စုစာအုပ်တွင် ‘ ကလေးအငိုတိတ်စေမည့်ဂါထာ ရှာဖွေ ဖော်ပြရန်’ ဟု ရေးမှတ်လိုက်သည်။ လိုင်းသားပြီး ကြယ်သုံးပွင့် ပြလိုက်သေးသည်။ကနဦးမိတ်ဆက်ပေးသော ဗျူဟာတစ်ခုနှင့်ပင်  ပရိသတ်ကြားထဲ လှုပ်လှုပ်ရွရွ ဖြစ်သွားကြ၏။ ထပ်ပြောလာဦးမည့်ဗျူဟာများအကြောင်းကို ဆက်လက်ပြီး စိတ်ဝင်တစား နားစွင့်လိုကြကြောင်း  သိသာလှ သည်။နည်းလမ်းနောက်တစ်ခုကို ရန်လိုကျွဲက ဆက်လက် မိတ်ဆက်ပေးလိုက်ပြန်သည်။  “အမျိုးသားတွေဟာ ဘီယာတို့၊ အရက်တို့ မသောက်ဘဲ မနေနိုင်ပါဘူး။ ဘယ်လောက်ပဲ စီးပွားပျက်ပျက်၊ ဘယ်လောက်ပဲ ကမ္ဘာပျက်ပျက် ဒီအရည်တွေကို မသောက်ဘဲ မနေနိုင်ပါဘူး။ ဒီတော့ တစ်လကို ရက် ၃၀ အရောင်းသွက်နေတာ အဲဒီသူရာရည် တွေပါပဲ”ဘုရားသခင်တိုင်း အားပေးတော်မမူသည့် အနှီအရည် အကြောင်း ပြောသဖြင့် ပရိသတ်တချို့ အနည်းငယ် စိတ်ပျက် သွားသည်။ အယ်ဒီတာတချို့က သူတို့ကို စောင်းပြောလေပြီဟု အထင်ရောက်ကြ၏။

            မိုးမခမဂ္ဂဇင်းအယ်ဒီတာ မောင်ရစ်က …  “အဲဒီတော့ ကျုပ်တို့က ဘီယာချက်နည်း နိဿရည်း ဆို ပြီး အခန်းဆက်ဆောင်းပါး ရေးထည့်ရတော့မှာလား”ဟု ဘုတောလေသည်။  “ဘီယာချက်နည်း ရေးဖို့မဟုတ်ပါဘူး။ ဘီယာချက်စက်ရုံ ထောင်တာမျိုး၊ ပြီးတော့အရင်းအနှီး အဲဒီလောက် မရှိရင်လည်း ဘီယာဆိုင်လေးတွေ ဖွင့်တာမျိုးလုပ်သင့်တယ်လို့ ဆိုလိုတာပါပရိသတ်တချို့  ဇဝေဇဝါဖြစ်သွား၏။  ယမကာ သုံးဆောင်သူတို့ကမူ ဘီယာသံကြောင့် တက်တက်ကြွကြွ ဖြစ်လာကြ၏။ “တစ်နိုင်ငံလုံး သောက်ကြပြီ ဆိုတော့ ဒါဟာ စီးပွားအင် မတန်ဖြစ်မယ့်လုပ်ငန်းမှန်း သိကြမှာပါ။  ဝင်ငွေကောင်းပြီဆိုရင် မဂ္ဂဇင်းကို ရှုံးချင် ရှုံးပါစေ၊ သတင်းစာတွေလိုမျိုး ပုံရောင်းလိုက်ပါ။ ဘီယာလုပ်ငန်းကနေ သောက်သောက်လဲ ဝင်ငွေကောင်းတာ ကြောင့်  မဂ္ဂဇင်းမှာ တစ်လတစ်ကြိမ် မဆိုစလောက် ရှုံးရခြင်း အတွက် ဘာမှ စိတ်ညစ်ဖို့ မလိုတော့ဘူးပေါ့”

            ဤဗျူဟာအကြောင်း ရှင်းလင်းချက်ကြောင့် ငွေကြေးတတ်နိုင်၊ ငွေရလမ်းရှိသော အယ်ဒီတာတို့ တွေးစရာ ဖြစ်သွား၏။နှင်းဆီဖြူမဂ္ဂဇင်းအယ်ဒီတာ နှင်းခါးမိုးကမူ သူ၏အမည်ဖြင့် ဘီယာစက်ရုံထောင်လျှင် ကောင်းမည်ဟု တွေးနေလေ၏။  သူရာရည်ကို ဘာသာရေး၊ ယဉ်ကျေးမှုအရ တားမြစ်ထား သောအရာဟု သတ်မှတ်ထားလိုသူများ ရှိတတ်သဖြင့် ရန်လိုကျွဲက  အနည်းငယ်အသေးစိတ်လိုက်သည်။

            “ဝင်ငွေကောင်းတဲ့  လုပ်ငန်းတွေ ရှိပါသေးတယ်။ အမျိုး သမီးသုံးပစ္စည်းတွေ ထုတ်လုပ်ဖို့၊ ရောင်းဖို့ပါ။ တခြား မတွေးကြ ပါနဲ့။ မိတ်ကပ်ဘူးတို့၊ ဘာတို့ကို  ကျွန်တော် ဆိုလိုခြင်းပါပဲ။ အာရှ စီးပွားပျက်ကပ်ဆိုက်ချိန်၊ အရေးအခင်းကြီး မငြိမ်မသက်မှုကြီး တွေ ဖြစ်နေချိန်မှာ ဘယ်ပစ္စည်းအရောင်းကျကျ အလှကုန်ပစ္စည်း တွေကတော့ အရောင်းမကျပါဘူး။ ဆံပင်ဆိုးဆေးလည်း အင်မတန်အလုပ်ဖြစ်သဗျ။ ကလေး၊ လူကြီး၊ ယောကျာ်း၊ မိန်းမအကုန်လုံး ခေါင်းရောင် စုံခြယ်သတဲ့ခေတ် ရောက်နေပါပြီ”

            စုံနံ့သာမဂ္ဂဇင်းမှ ဘုန်းသက်ပိုင်နှင့် ဇော်လူစိမ်းတို့ဆီမှ တိုင်ပင်သံ တိုးတိုး ထွက်လာသည်။  “အဲဒါတွေ ထုတ်ရောင်းပြီး ပိုက်ဆံက သပိတ်ဝင်အိတ်ဝင် ဖြစ်ပြီဆိုရင် မဂ္ဂဇင်းကို အခမဲ့ဖြန့်လို့တောင် ရမယ်ဗျို့” “ဟုတ်တယ်၊ ရန်ကုန်မှာ အခမဲ့ဖြန့်တဲ့သတင်းစာတောင် ရှိသဗျ။ ယိုးဒယားငွေနဲ့ထုတ်တယ်ဆိုလားပဲ”  ခေတ်ရနံ့အယ်ဒီတာတို့လည်း ခေတ္တမျှ ခေါင်းချင်းရိုက်  ကုန်သည်။  “သစ်ခုတ်ပြီး တရုတ်ပြည်ပို့ရောင်းရင် ကောင်းမလား” “ဆရာလေးကလည်း အတွေးခေါင်လိုက်တာ။ သစ်ပင်က တောထဲမှာ ကုန်သလောက်ရှိနေပြီဗျ။ ဘဏ်ဓားပြတိုက် တာကမှ အလုပ်ဖြစ်မယ်ထင်တယ်”

            တခြားသော အယ်ဒီတာအပေါင်းတို့လည်း ဝင်ငွေသောက် သောက်လဲရသော လုပ်ငန်းများအကြောင်း အနည်းနှင့် အများ တီးတိုးတိုင်ပင်ကြလေ၏။

            ဆက်လက်ပြီး ရန်လိုကျွဲက ဗျူဟာတစ်ခုအကြောင်းရှင်းရန် စကားဦးသမ်းလိုက်သဖြင့် ဘဏ်ဓားပြတိုက်ခြင်း၊ ပုလင်းထဲရေထည့်ကာ ဆံပင်သန်ဆေးဟုလိမ်ရောင်းခြင်းစသည့် လုပ်ငန်းများအကြောင်း စဉ်းစားနေသူတို့ နားရွက်ထောင် သွားကြသည်။

            “တခြားလုပ်ငန်းတစ်ခုခု မလုပ်ဘဲနဲ့ ကိုယ့်မဂ္ဂဇင်းရေရှည် ရပ်တည်နိုင်အောင်လည်း စီစဉ်လို့ရပါတယ်။ အဲဒါကတော့ လက်ရှိမဂ္ဂဇင်းကိုလည်း ဆက်ထုတ်၊ တစ်ပြိုင်နက်တည်းမှာ လူကြိုက်များပြီး သေချာပေါက် အဝယ်လိုက်မယ့် မဂ္ဂဇင်းတစောင်ကိုလည်း ထုတ်ဖို့ပါပဲ။ ဥပမာ- Play Boy Play Girl မဂ္ဂဇင်းတွေကို မြန်မာ ဗားရှင်းနဲ့ထုတ်ဗျာ။ ကိုယ့်တိုက်ကနေ  အရောင်းထိုင်းမဂ္ဂဇင်း တစ်ခုတည်းမဟုတ်ဘဲ ရောင်းမလောက်မဂ္ဂဇင်းကိုပါ ထုတ်တယ်ဆိုရင် ရေရှည်ရပ်တည်နိုင်ပြီဗျာ”

            မော်ကွန်းအယ်ဒီတာတစ်ဦးဖြစ်သည့် ညဏ်လင်းက  သူ၏မှတ်စုစာအုပ်တွင် ‘Play Boy မြန်မာဗားရှင်း’ ဟု တို့ထားလိုက်သည်။

            လူသိများပြီး မေ့နေကြသည့် ဗျူဟာတစ်ခုကိုလည်း ရန်လို ကျွဲက မပျက်မကွက် ထည့်သွင်း ပြောကြားပါ၏။

            “စားသုံးသူကို ကျေးဇူးဆပ်တယ်ဆိုတဲ့  ကံစမ်းမဲ အစီ အစဉ်ကလည်း အလုပ်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ရွှေတစ် ပိဿာပေးမယ်တို့၊ ဘာတို့ပေါ့ဗျာ။ လူတွေက တကယ်ထင်ပြီး ကံ စမ်းမဲပေါက်လိုဇောနဲ့ ကိုယ့်မဂ္ဂဇင်းကို ဝယ်ကြ…”ထိုသို့ပြောနေစဉ် မော်ကွန်းအယ်ဒီတာ ကျော်ဇေယျာထွန်း ရုတ်တရက် ထခုန်လိုက်ပြီး “ရွှေတစ်ပိဿာတို့၊ ဘာတို့ တကယ် ပေးလို့ဖြစ်ပါ့မလားဗျ။ နှမြောစရာကြီးဗျာ”

            ရန်လိုကျွဲက အဟုတ်တကယ်ပေးလို့ဖြစ်ကြောင်း၊ ကံ စမ်းမဲဆုကြီးများကို ကိုယ့်အချင်းချင်း၊ ကိုယ့်မိသားစုအတွင်း လှည့်ပတ်ပေးနိုင်ကြောင်း၊ မည်သူကမျှ တရားစွဲလို့ မဖြစ်နိုင်ကြောင်း ဖြေရှင်းပေးလိုက်သည်။

            မော်ကွန်းအယ်ဒီတာအုပ်စု တီးတိုးတီးတိုးပြောဆိုပြီး လာမည့်လမှစတင်ကာ ကံစမ်းမဲအစီအစဉ် အကောင်အထည်ဖော်ရန် တစ်ထိုင်တည်း ဆုံးဖြတ်လိုက်ကြသည်။ထမင်းအိုးနှစ်လုံးချက်ခန့် ကြာသောအချိန်တွင်  ရန်လိုကျွဲ က ဗျူဟာကိုးခု ရှင်းပြပြီးသွားပြီဖြစ်သည်။

             နောက်ဆုံးဗျူဟာအကြောင်း ပြောပြပြီး နိဂုံးချုပ်ရန်သာ ကျန်တော့သည်။

            “ဒသမမြောက်ဗျူဟာကတော့ ကိုယ့်မဂ္ဂဇင်းကို ကွန်ရက် အခြေပြုဈေးကွက်ထဲ ထည့်လိုက်ဖို့ပါပဲ။ ဒါဟာ မိတ်ဆွေတို့ရဲ့ မဂ္ဂဇင်းစောင်ရေက သန်းနဲ့ ချီသွားစေမယ့် ဗျူဟာပါပဲ”

            လေ့လာသူအဖြစ် တက်ရောက်သူများလည်း  လှုပ်လှုပ်ရှား ရှား ဖြစ်သွားလေသည်။ အဘယ်ကြောင့်နည်း။

            မဂ္ဂဇင်းစောင်ရေ သန်းနှင့်ချီဆိုသည်မှာ မြန်မာစာပေလောကတွင် မရှိခဲ့ဖူးသော စောင်ရေပမဏဖြစ်၏။ ထို့ကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်သွားခြင်းပင်။

            စောင်ရေ သန်းချီမည်ဆိုသောအပြောကြောင့် အယ်ဒီတာ အများအပြားက မှတ်စုလိုက်ရေးရန် စာအုပ်ဖွင့် ဘောလ်ပင်ကိုင် ထားလိုက်ကြသည်။

            “ကိုယ့်မဂ္ဂဇင်းဝယ်ဖတ်မယ့်သူတွေကို ကြိုတင်ကြေညာထားရမယ်။ ငွေအရင်းအနှီးစိုက်ထုတ်စရာ မလိုဘဲ ငွေတွေ ဟော တိုက်ဝင်မယ့်လုပ်ငန်းဆိုတဲ့ စကားလုံးမျိုးနဲ့ မက်လုံးပေးရမယ်”

            တက်ရောက်လာသူအားလုံး ရန်လိုကျွဲကို မျက်တောင်မခတ် ကြည့်ပြီး နားထောင်နေကြ၏။

            “ဒီဗျူဟာကို သုံးရင် မိတ်ဆွေတို့ရဲ့ မဂ္ဂဇင်းကို စာအုပ်ဆိုင်တွေမှာ တင်ရောင်းစရာမလိုတော့ဘူး။ အဲဒီဆိုင်တွေကို မေ့လိုက် တော့။ ကိုယ့်တိုက်မှာပဲ လာဝယ်ကြပါစေ။ ကွန်ရက်လေးတွေ ဖွဲ့ ပြီး မဂ္ဂဇင်းကို ဝယ်ကြအောင် ဖန်တီးရမယ်။

            ကွန်ရက်ရဲ့ စည်းကမ်းချက် အများကြီး မရှိဘူး။ အားလုံးက လူသစ်နှစ်ယောက် ရှာရမယ်။ လစဉ် မဂ္ဂဇင်း အနည်းဆုံး တစ်အုပ်စီဝယ်ရမယ်။ ဒါပဲ။ ဒီ နှစ်ချက်ပဲ”

            “ဘယ်သူက အသင်းဝင်ပြီး ဝယ်မှာလဲ”ဟု အယ်ဒီတာ တစ်ယောက်က လှမ်းမေးသည်။

            “ စောစောက ကျွန်တော် ပြောပြီးပြီလေ။ ငွေအရင်းအနှီး စိုက်ထုတ်စရာ မလိုဘဲ ငွေတွေ ဟောတိုက်ဝင်မယ့် လုပ်ငန်းဆိုပြီး မက်လုံးပေးရမယ်။ ဒါအများကြိုက်မက်လုံးခင်ဗျ။ ကွန်ရက်ကို အဆင့်ဆင့်ဖွဲ့သွားလိုက်ကြတာ ကိုယ့်အောက်မှာ လူငါးဆယ်ဖြစ်နိုင်သလို ငါးရာ၊ ငါးထောင်လည်း ဖြစ်သွားနိုင်တယ်။ လူရှာနိုင်သူက စာအုပ်ရောင်းရငွေရဲ့ ရာခိုင်နှုန်းတချို့ကိုရမယ်။ ရာခိုင်နှုန်း များများ၊ ပိုက်ဆံများများ ရချင်ရင် လူများများရအောင်နဲ့ ကွန် ရက်တွေ ဖွဲ့ဖြစ်အောင် သူ ကြိုးပမ်းတော့မှာပေါ့။ လူပဲဗျာ၊လောဘ သားကောင်းတွေချည်းပဲ။ ငွေဆိုတာ အားလုံးရဲ့ သည်းခြေကြိုက်ဗျာ”

            အားလုံး အသက်ပင် ဖြောင့်အောင်မရှူဘဲ စိတ်ဝင်တစား နားထောင်နေကြ၏။

            “အပြင်မှာ ဝယ်ရင် ခံစားခွင့် မရဘူး။ ကွန်ရက်ထဲဝင်ပြီး တိုက်မှာ လာဝယ်မှ ခံစားခွင့် ရှိမယ်ဆိုတဲ့ အနေအထားကိုလည်း ဖန်တီးထားရမယ်။ ဒါဟာ ဈေးရောင်းတာမဟုတ်ဘူး၊ အားလပ် ချိန်မှာ ပေါ့ပေါ့ပါးပါးနဲ့ ကိုယ်ပိုင်လုပ်ငန်းသဘောမျိုး လုပ်တာဖြစ် တယ်၊ ခံစားခွင့် အရမ်းကောင်းတယ်၊ ငွေရှိမှ လုပ်ငန်းရှင်ဖြစ်တဲ့ ခေတ် ကုန်ပြီ၊ အလုပ်သမားချည်းပဲ တစ်ချိန်လုံးလုပ်ဖို့ မစဉ်းစားနဲ့ စသဖြင့် ပြောဆိုပြီး လူသစ်တွေကို စည်းရုံးအောင် ဖန်တီးပေးရမယ်”

  ဇော်လူစိမ်းက “ပေါ့ပေါ့ပါးပါး ကိုယ်ပိုင်အလုပ်ဆိုတော့ စိတ်ဝင်စားတဲ့သူ များမှာပဲ”ဟု  မှတ်ချက်ချသည်။ “ဆရာဇော်လူစိမ်းရေ၊ ပေါ့ပေါ့ပါးပါး ထိုင်စားရုံပဲဆိုတာ သူတို့ ယုံအောင် ပြောရတာပေါ့ဗျာ။ တကယ်တော့ ကွန်ရက်ထဲက အဆင့်ဆင့်သော အသင်းဝင်တွေ တိုးပွားအောင်၊ ဝယ်အောင် လိုက်လုပ်ရတယ်။ ကွင်းဆင်းရတယ်၊ မနားရဘူး။ ကွန်ရက်ထဲ ကုမ္ပဏီဝန်ထမ်းတွေ၊ အစိုးရဝန်ထမ်းတွေ အများကြီး ဝင်လာလိမ့် မယ်။  ဝန်ထမ်းတွေလည်း ရုံးအလုပ်လုပ်တာ နည်းနည်း၊ ကိုယ့် အတွက် ကော်မရှင်များများရရေးအတွက် ကွန်ရက်ထဲ လူတိုး အောင် လုပ်လာကြလိမ့်မယ်။ ကျွန်တော်ပြောတာ ရှင်းလား”

            ဤတွင် မိုးမခအယ်ဒီတာမင်း မောင်ရစ်က စိတ်မရှည်စွာ ဖြင့် လိုရင်းကို မေးလေ၏။

            “တကယ်အကျိုးရှိမှာက ဘယ်သူလဲ၊ မဂ္ဂဇင်းတိုက်လား၊ ကွန်ရက်ထဲ လူများများသွင်းနိုင်တဲ့သူလား”

            “မဂ္ဂဇင်းတိုက်က အများဆုံး အကျိုးရှိမှာပေါ့ဗျ။ ကွန်ရက် ထဲမှာတော့  တစ်ရာမှာ တစ်ယောက်လောက်ပဲ အောင်မြင်ရင် ကံကောင်းပေါ့ခင်ဗျာ။   နိုင်ငံတကာမှာ လေ့လာတဲ့ စစ်တမ်းတွေ က ဒီလိုပဲ အဖြေထွက်လာတယ်။ Less than one percent ဗျာ။တစ်ရာခိုင်နှုန်းထက် နည်းတယ်ဗျာ။ သူတို့ ယုံပြီး လျှောက်လုပ်ကြ ပါစေ၊ ဒါမှ ကိုယ်အကျိုးအမြတ်ရမှာပေါ့။ ဒီမယ် အယ်ဒီတာမင်းတို့၊ အခု ကျွန်တော်ပြောနေတာက မဂ္ဂဇင်းစောင်ရေ သန်းနဲ့ချီ ရိုက်နှိပ်ဖြန့်ဝေ အစွံထုတ်နိုင်တဲ့ နည်းလမ်းပါ။ မဂ္ဂဇင်းရောင်း တယ်၊ ကုန်ပစ္စည်းတစ်ခုခုကို ရောင်းတယ်ဆိုတာဟာ စီးပွားရေး လုပ်ငန်းပါ။ အဲ…လူတွေကို အလှူဒါနပြုချင်ရင်၊ ပရဟိတ လုပ်ချင်ရင်တော့ ဦးကျော်သူတို့၊ ဘာတို့ကို ဆက်သွယ်ပေါ့ဗျာ။ အင်း … ဘယ်ရောက်သွားပါလိမ့်၊ စောစောက ပြောနေတာ”

            “ကွန်ရက်ထဲ လူအင်အားများလာအောင် လုပ်ရေး ဆိုတဲ့ နေရာရောက်ပြီ”ဟု အယ်ဒီတာတစ်ယောက်က ဝင်ထောက်၏။

            “ဟုတ်တယ်၊ အင်အားများအောင် သူတို့ အဆင့်ဆင့် လုပ်ကြလိမ့်မယ်၊ ကိုယ်က မက်လုံးကောင်းကောင်း ပြူးတူးပြဲတဲ ပေးရုံပဲ။ ကွန်ရက်ထဲ   ဝင်ငွေကောင်းတဲ့သူတွေကို မကြာခဏ ဟောပြောခိုင်းတာမျိုးနဲ့လည်း လူတွေကို စည်းရုံးရမယ်။ ဝင်ငွေကောင်းတဲ့သူ မရှိရင်လည်း လုပ်ကြံပြီး ပွဲလုပ်ပေါ့ဗျာ။ သူတို့က မဂ္ဂဇင်းတိုက်မှာ အဆက်မပြတ် လာဝယ်ကြလိမ့်မယ်၊ အဲ…ကိုယ့် တိုက်ကို အထင်ကြီးအောင် သားသားနားနားပြင်ထားဖို့တော့ လိုမယ်ခင်ဗျ”

            ရန်လိုကျွဲ၏ စကားအဆုံးတွင် ကျော်ဇေယျာထွန်းက… “ဒီအတွက်တော့ ကျွန်တော်တို့ ပြင်ထားပြီးပါပြီ။ မော်ကွန်းမဂ္ဂဇင်းတိုက် ဝင်ပေါက်တံခါးကို ဖွင့်လိုက်တာနဲ့နိုင်ငံခြားဖြစ် အရက်ပုလင်းခွံတွေကို အရင်ဆုံး မြင်ရမှာပါ။ ဒါ လူအထင် ကြီးအောင် ကျွန်တော်တို့ စီစဉ်ထားတာပါ”ဟု ဆို၏။

            အလေးအနက်စဉ်းစားဟန်ဆောင်လေ့ရှိသော မော်ကွန်း မဂ္ဂဇင်းမှ ညဏ်လင်းက “စဉ်းစားမိတာ တစ်ခုရှိတယ်၊ ညီလေး ပြောတဲ့ ကွန်ရက်ဈေးကွက်နဲ့ မဂ္ဂဇင်းဖြန့်တဲ့နည်းဟာ လူတွေကို လိမ်ညာသလို ဖြစ်မနေဘူးလား”ဟု မေးခွန်း ထုတ်၏။

            “ဪ…ဆရာညဏ်ရယ်၊ လိမ်တာလို့ ဘယ်သူပြောရဲမလဲ၊ ဘယ်တရားရုံးကို ဘယ်ပုဒ်မနဲ့သွားတိုင်မလဲ။ ဒါက အကြမ်း ပြောပြတာ။ စားသုံးသူကို  ဥပဒေနဲ့အညီ  လည်ပင်းညစ်တဲ့နည်းတွေ ရှိပါသေးတယ်။ ကျွန်တော် အခုရှင်းပြတဲ့ မဂ္ဂဇင်း ရေရှည်ရပ် တည်နည်း၊ အရောင်းသွက်နည်းဗျူဟာတွေထဲက ကြိုက်တာကို သုံးပါ။ အသေးစိတ်အချက်အလက် တွေ ကျွန်တော် ရှင်းပြကူညီလို့ရပါတယ်”

            အယ်ဒီတာမင်းတို့လည်း ရန်လိုကျွဲ၏ ပြောဆိုချက်များကို လွန်စွာ နှစ်ထောင်းအားရ ရှိကြချေ၏။ ဆက်လက်၍ အကြံညဏ် ကောင်းများရရှိရေးအတွက် အတိုင်ပင်ခံ ရန်လိုကျွဲနှင့် သီးသန့် တွေ့ဆုံရေးအတွက် ရက်ချိန်း အလုအယက်ယူကြလေ၏။ ဆွေး နွေးပွဲလေ့လာသူအဖြစ် တက်ရောက်သော စီးပွားရေးတက္ကသိုလ် မှ တာဝန်ရှိသူများက ယနေ့ ကြားနာလိုက်ရသည့် စီးပွားရေး ဆိုင်ရာ နည်းဗျူဟာများကို သဘောကျ နှစ်သက်လွန်းသော ကြောင့် ရန်လိုကျွဲကို ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ပေးအပ်လိုပါ ကြောင်း ကမ်းလှမ်းလေ၏။

            နိဂုံးချုပ်ရလျှင် ဂျာနယ်တိုက်တစ်ခုပြီးတစ်ခု ပြောင်းရွှေ့အလုပ်လုပ်နေသော သတင်းထောက်သည် ဤဆွေးနွေးပွဲ အပြီး တစ်လအကြာတွင် ဒေါက်တာရန်လိုကျွဲ ဖြစ်သွားလေသတည်း။

[ ပြီးပါပြီ။ ]

 

အမျိုးအစား - သရော်စာ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."