ကျောက်ဆည် – ၂၀၂၂ မေ ၁၃ (မော်ကွန်း)
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့မှာ CDM ကျောင်းဆရာတစ်ဦးကို အာဏာသိမ်းစစ်တပ်က ဖမ်းမမိတာကြောင့် မိသားစုဝင်တွေကို ဖမ်းဆီးသွားခဲ့ပြီး နောက်ရက်မှာပဲ လေးနှစ်အရွယ် သမီးဖြစ်သူကို ထပ်မံဖမ်းဆီးသွားကြောင်း မိသားစုနဲ့နီးစပ်သူက မော်ကွန်းကိုပြောပါတယ်။
ကျောက်ဆည်မြို့၊ အင်ဒိုင်းရွာက အဲဒီကျောင်းဆရာကို ဖမ်းဆီးဖို့ကြိုးစားခဲ့ရာမှာ လွတ်မြောက်သွားတာမို့ နေအိမ်မှာရှိတဲ့ မိသားစုဝင် ကိုးဦးကို အာဏာသိမ်းစစ်တပ်က ဧပြီ ၃၀ ရက်မှာ ဖမ်းဆီးသွားတာပါ။
မေ ၁ ရက်မှာတော့ ကျန်ရှိတဲ့ လေးနှစ်အရွယ် သမီးဖြစ်သူနဲ့ အဒေါ်ဖြစ်သူကို ထပ်မံဖမ်းဆီးသွားပြီး သူတို့နဲ့ ဆက်သွယ်လို့ မရသေးကြောင်း သတင်းရင်းမြစ်ကပြောပါတယ်။
“ကလေးကိုဖမ်းသွားတုန်းက သူ့အဒေါ်ပါသွားတယ်၊ အခုသူ့အဒေါ်နဲ့နှစ်ယောက်ကို မြို့မရဲစခန်းမှာထားတယ်ဆိုတာပဲသိရတယ်၊တခြားဘာမှမသိရဘူး၊အဆက်သွယ်လည်းမရဘူး”လို့ သတင်းရင်းမြစ်ကဆိုပါတယ်။
ဖမ်းဆီးခံရတဲ့မိသားစုဝင် စုစုပေါင်း ၁၁ ဦးရှိပြီး ကျောင်းဆရာဇနီးမောင်နှံရဲ့ အသက် ၇၀ ကျော် နှစ်ဘက်မိဘတွေလည်း အဖမ်းခံရတဲ့အထဲပါဝင်ပါတယ်။
” မိဘနှစ်ပါးကောပါသွားတယ်၊သူ့အမျိုးသမီးရဲ့မိဘနှစ်ပါးကော ဖမ်းခံလိုက်ရတယ်၊ အသက်၇၀ ကျော်ရှိပြီ၊ သွေးတိုးဆီးချိုရှိတော့ဆေးပုံမှန်သောက်နေရတယ်၊ခုတော့ဆေးတွေပါမသွားဘူး”လို့ သတင်းရင်းမြစ်က ဆိုပါတယ်။
CDM ပညာရေးဝန်ထမ်းက ပညာရေးသပိတ်တွေမှာပါဝင်ဖူးသူဖြစ်ပြီး အာဏာသိမ်းစစ်တပ်ဘက်က တပ်တဲ့ ဝရမ်းတွေလည်း မရှိဘူးလို့ သတင်းရင်းမြစ်က ပြောပါတယ်။
#Dailynews

