ပုလဲ-၂၀၂၅ မတ် ၁၄ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ထံ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာကနေ အခုအထိ စစ်ကောင်စီတပ်သား ၁၀ ဦး အလင်းဝင်ခဲ့တယ်လို့ BNRA တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အလင်းဝင်သူတွေဟာ စစ်ကိုင်းတိုင်း၊ ပုလဲမြို့ခံတပ်နဲ့ တပ်မ ၃၃ က စစ်ကောင်စီတပ်သားတွေလို့ BNRA ဗဟိုသတင်းနဲ့ ပြန်ကြားရေးက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
“ အလင်းဝင်လာသူတွေကို ကျွန်တော်တို့အနေနဲ့ သူတို့သွားလိုတဲ့နေရာကို ပို့ပေးခဲ့ပါတယ်။ တချို့ကျသွားမယ့်နေရာက ဘေးကင်းလုံခြုံရာနေရာဖြစ်လို့ ပို့ပေးခဲ့ပါတယ်။ တချို့ကျတော့ သီးသန့် တပ်ကနေတစ်ဆင့် ဘေးကင်းလုံခြုံတဲ့နေရာတွေကို ပို့ပေးရပါတယ်” လို့ ဗဟိုသတင်းနဲ့ ပြန်ကြားရေးက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်
ပုလဲမြို့ခံတပ်ကနေ ဒီလ ၆ ရက်မှာ လက်နက်နဲ့အတူ အလင်းဝင်လာတဲ့ တပ်သား နှစ်ဦးကို ငွေကျပ်သိန်း ၂၀ စီ ဆုချီးမြှင့်ခဲ့တယ်လို့ BNRA ဗဟိုသတင်းနဲ့ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။
“ စစ်မှုထမ်းဥပဒေ မထွက်လာခင်နဲ့ ဥပဒေ ထွက်လာပြီးနောက်ပိုင်း စစ်မှုထမ်းသင်တန်းခေါ်ပြီးနောက် အလင်းဝင်မှုအခြေနေအများကြီးကွာခြားသွားတယ်။ ပြီးခဲ့တဲ့နှစ် သြဂုတ်လကစပြီး ရှေ့တန်းစစ်မြေပြင်မှာ စစ်မှုထမ်းဆင်း တပ်သားသစ်တွေများလာတယ်။ တိုက်ပွဲဇုံတွေထဲမှာလည်း စစ်မှုထမ်းဆင်း တပ်သားသစ်တွေ တွေ့လာရတယ်။ ရှေ့တန်းကနေ ထွက်လာပြီး တော်လှန်ရေးတပ်တွေဆီ အလင်းဝင်လာသူတွေထဲမှာ စစ်မှုထမ်းတပ်သားသစ်တွေ အရေအတွက်များလာတယ်။ ဒီနှစ်ဆန်းကစပြီးတော့ အလင်းဝင်ပူးပေါင်းလာသူထဲမှာ စစ်မှုထမ်းဆင်းတပ်သားသစ်တွေအများစုပါလာတယ်” လို့ ပြည်သူ့ပန်းတိုင်အဖွဲ့ က ကိုနောင်ရိုးကလည်း ပြောပါတယ်၊
ပြီးခဲ့တဲ့နှစ်လယ်လောက်ထိ ပြည်သူ့ဘက် ပူးပေါင်းလာတဲ့ စစ်ကောင်စီတပ်စစ်သားနဲ့ရဲ လစဥ် တစ်လကို ၄၀ နဲ့ ၅၀ ကြားရှိပေမယ့် အောက်တိုဘာလလောက်ကစပြီး တစ်လကို ရာဂဏန်းနီးပါး အလင်းဝင်လာကြပြီး အများစုက စစ်မှုထမ်းဆင်း တပ်သားသစ်တွေ ဖြစ်တယ်လို့ ကိုနောင်ရိုးက ပြောပါတယ်။
ပုလဲမြို့နယ်အခြေစိုက် BNRA အဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်ထဲမှာ ပုလဲမြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ဖူးပြီ မအောင်မြင်ဘဲ ဆုတ်ခွာခဲ့ရကာ ပုလဲကျေးလက်ဒေသကို ထိန်းချုပ်ထားတဲ့အဖွဲ့ ဖြစ်ပါတယ်။
ဓါတ်ပုံ- အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတချို့
ဓါတ်ပုံ- BNRA

