၂၀၁၂၊စက်တင်ဘာလထုတ်၊မော်ကွန်း မဂ္ဂဇင်း အမှတ်(၁) မှ မျက်နှာဖုံးဆောင်းပါး ဖြစ်ပါသည်။
ဉာဏ်လင်း၊ဇေယျာလှိုင်၊ဝင်းဇော်လတ် ရေးသည်။
သားဖြစ်သူပြန်လာမည်ဆိုလို့သာ ရန်ကုန်လေဆိပ်မှာ လာစောင့်နေရသည်။ ဟုတ်မှဟုတ်ပါ့မလားဟူသော အတွေးက အသက် ၆၂ နှစ်အရွယ် မိခင်တစ်ယောက်ကို ဒွိဟပွားစေသည်။
အမိမြေကနေ သားဖြစ်သူ ထွက်ပြေးတိမ်းရှောင်မသွားခင် သူ့ဆီသို့ နောက်ဆုံး ကသုတ်ကရက် ရေးသားပေးပို့ခဲ့သော စာတို လေးထဲမှာ “အမေ ကျနော် မသေပါ။ စိတ်မပူပါနဲ့။ အခြေအနေအရ နယ်စပ်ကို ထွက်သွားပါတယ်။ တစ်ပတ် သို့မဟုတ် အလွန်ဆုံး နှစ်လလောက်ကြာမယ်” တဲ့။
ထို“အလွန်ဆုံး နှစ်လ”ဟူသော အချိန်ကာလသည် ကုန်လွန်သွားခဲ့သည်။ သားဖြစ်သူ ပြန်မလာ။ နှစ်နှစ်ကုန် သွားသည်။ ဘာသတင်းမှ မရ။ သေပဲသေသွားပြီလား။ နောက်ထပ် အနှစ် ၂၀ ကျော်ထပ်ကုန်သွားပြန်သည်။ သားတစ်ယောက် ပေါ်မလာနိုင်အား။
အခု သားဖြစ်သူပြန်လာမည်ဆိုသည့်အခါ ရင်ခုန်စွာနှင့်ပဲ အိပ်မက်မဖြစ်ပါစေနှင့်ဟု အကြိမ်ကြိမ် ဆုတောင်းရင်း လေဆိပ်သို့ ဒေါ်နွယ်နွယ်ဝင်းရောက်လာခဲ့သည်။ ထိုနေ့က ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၀ ရက်။ သားဖြစ်သူလိုက်ပါ စီးနင်းလာသည့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ ပျံသန်းလာသော ထိုင်းလေကြောင်း (TG-305)သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ညနေ ၆ နာရီ ၄၅ မိနစ်မှာ ဆိုက်ရောက်လာသည်။
ခရီးသည်တွေ တစ်ယောက်ပြီး တစ်ယောက်ထွက်လာကြသည်။ ထိုအထဲမှာ နှစ်ပေါင်းများစွာ ခွဲခွာခဲ့ရသော သားဖြစ်သူပါလေ မည်လား လည်ပင်းတရှည်ရှည်နှင့် စောင့်နေရသည့် ဒေါ်နွယ်နွယ်ဝင်းတစ်ယောက်မှာ ရင်ဖိုလှိုက်မောနေသည်။ လေဆိပ်ထဲမှ ထွက်သည့်အခါ အနှောက်အယှက်တစ်စုံတရာ ကြုံရမှာကိုလည်း တွေးပူနေမိသည်။
အဝေးကနေ လွမ်းဆွတ်ခဲ့ရသော အမေဖြစ်သူနှင့် ပြန်တွေ့ရတော့မည်ဆိုသည့်အခါ သားဖြစ်သူမှာလည်း စိတ်တွေ တအားလှုပ်ရှားနေသည်။ လေယာဉ်ကအဆင်း၊ ခရီးသွားအထောက်အထားတွေ အစစ်ဆေးခံပြီး ထွက်အလာ မိတ်ဆွေ၊ အပေါင်းအသင်းများက ဝမ်းပန်းတသာ ကမ်းပေးကြသော ပန်းစီးတွေ၊ ဝမ်းပန်းတသာ စွပ်ပေးကြသော ပန်းကုန်းတွေ တထွေးကြီးနှင့် အမေဖြစ်သူကို ရှာသည်။ ချက်ချင်းသော်ကား မတွေ့။ နေများမကောင်းလို့ လာမကြိုနိုင်တာပဲလား။
သည်လိုနှင့်ပဲ လူအုပ်ကြီးနှင့် တအိအိ၊တရွေ့ေ့ရွ ထွက်လာလိုက်တာ တစ်နေရာမှာ မတ်တပ်ရပ်လို့ စောင့်လင့် နေသော အမေဖြစ်သူကို သွားတွေ့သည်။ မြင်မြင်ချင်း အမေဖြစ်သူကို ပြေးဖက်လိုက်သည်။ သားအမိနှစ် ယောက် တစ်ယောက် ကိုတစ်ယောက် တင်းတင်းကြပ်ကြပ်ဖက်ထားရင်းက ရင်ထဲမှာ ဆို့နင့်လာကြပြီး မျက်ရည်တွေသာ တွင်တွင်စီးကျလာကြသည်။ ထိုအခိုက်မှာ နှစ်ယောက်စလုံးဆီမှ စကားတစ်ခွန်းမှထွက်မလာ။
“သေသွားတဲ့သား အသက်ပြန်ရှင်လာသလိုခံစားလိုက်ရတယ်။”
အမေဖြစ်သူ ဒေါ်နွယ်နွယ်ဝင်းက ရင်ဖိုလှိုက်မောစွာ ဆိုသည်။
အမေဖြစ်သူ၏ အသံမှာ သားဖြစ်သူနှင့် တွေ့ဆုံပြီး တစ်ပတ်လောက်ကြာသည်အထိ သားနှင့်ပြန်တွေ့ ရသည့်အကြောင်းကို ပြန်ပြောရတိုင်း ရင်တွေ တုန်နေဆဲ။ အသံတွေ တုန်ခါနေဆဲ။
“ကျေးဇူးအရမ်းတင်ပါတယ်…သမ္မတကြီးကိုလေ။ ဒီတစ်သက် သားကြီးနဲ့ ပြန်ဆုံရလိမ့်မယ်လို့ကို မထင်တော့တာ။”
ထိုအမေ၏သားနာမည်က ဦးအောင်မျိုးမင်း။
သူက ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးပညာပေးဌာန (မြန်မာနိုင်ငံ) (Human Rights Education Institute of Burma – HREIB) ၏ ညွှန်ကြားရေးမှူး။ ယနေ့တော့ ၂၄ နှစ်လုံးလုံး အမိမြေကို လွမ်းပြီး မက်ခဲ့ရသည့် အိပ်မက် အမှန်တကယ်ဖြစ်လာပြီ ဟုဆိုကာ ဦးအောင်မျိုးမင်းတစ်ယောက် ကျေနပ်ပီတိဖြစ်နေမိသည်။
ဦးအောင်မျိုးမင်းကား သမ္မတဦးသိန်းစိန်က ပြည်ပသို့ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများအား ဖိတ်ခေါ်ခဲ့သည့် တစ်နှစ်တာ ကာလအတွင်း ပြည်တော်ပြန်လာခဲ့ကြသူများထဲက တစ်ယောက်။
ရာစုနှစ်တစ်ဝက်နီးပါး မြန်မာနိုင်ငံအတွင်း ဖြေရှင်းရခက်သည့် နိုင်ငံရေးကြပ်တည်းမှုများ၊ လွတ်လပ်စွာ ဝေဖန် ပြောဆိုပိုင်ခွင့် ကင်းမဲ့မှုများ၊ လူထုလှုပ်ရှားမှုများကို အင်အားသုံး ဖြိုခွင်းမှုများကြောင့် ပြည်ပနိုင်ငံများသို့ ဦးအောင်မျိုးမင်း အပါအဝင် မြန်မာနိုင်ငံသားပေါင်း မြောက်များစွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
၁၉၈၈ အရေးအခင်းဖြစ်ပြီး ချိန်နှင့် ၂၀၀၇ အရေးအခင်းပြီးချိန်တို့သည် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ အမြောက်အများ ပြည်ပသို့ အစုလိုက်၊ အပြုံလိုက် ထွက်ပြောင်းတိမ်း ရှောင်ကြရသော နိုင်ငံရေးအရ မွန်းကြပ်သည့် ခေတ်ကာလများဖြစ် ခဲ့ကြပါသည်။
ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေရသူများအနေနှင့် နိုင်ငံပြင်ပကနေ တိုင်းပြည်အတွင်း ပြုပြင်ပြောင်းလဲရေးများ ဖြစ်ထွန်းရေး အတွက် အချိန်ပြည့် အရေးဆိုကြသူများရှိသလို တိုင်းပြည်ပြန်လည်ထူထောင်ရေးလုပ်သည့်အခါ လိုအပ်သော နယ်ပယ် အသီးသီးမှာ အရည်အသွေးမြှင့်တင်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရေးအတွက် ပညာသင်သူတွေကလည်း သင်ယူနေကြ သည်။
ပြန်ကြမည့်နေ့
တစ်ဘက်နိုင်ငံမှာ ဒုက္ခသည်အဖြစ် ခံယူထားသူများရှိသလို တစ်ဘက်နိုင်ငံသားအဖြစ် ခံယူထားကြသူများလည်း ရှိသည်။ နယ်ပယ်အစုံကို ရောက်ရှိနေကြပြီး ကိုယ့်ဝမ်းကိုလည်းကျောင်းရင်း၊ တိုင်းပြည်အတွက်လည်း တတ်စွမ်းသလောက် ပြင်ပကနေ အားပေးကူညီကြရင်းဖြင့် သူတို့တတွေသည် တစ်ခုသော နေ့ရက်ကို မျှော်လင့်နေကြသည်။
ယင်းနေ့ကား စိတ်ချလက်ချ ပြည်တော်ပြန်နိုင်မည့်နေ့။ တစ်နည်းအားဖြင့် ကိုယ့်တိုင်းပြည် ပြန်လည်ထူထောင်ရေးမှာ ကိုယ်စွမ်း သလောက် ဝင်ရောက်လုပ်ကိုင်ကြဖို့ ဘေးအန္တရာယ်ကင်းကင်း၊ ဂုဏ်သိက္ခာရှိရှိနှင့် အမိမြေကို ပြန်လည်ခြေချခွင့်ရကြမည့်နေ့။
“ဘယ်သူအိမ်မပြန်ချင်ရှိမလဲဗျာ။ အထူးသဖြင့် ကျနော်တို့လို ဘယ်တခြားနိုင်ငံကိုမှ ဆက်မသွားဘဲ ဒီမှာပဲ နိုင်ငံမဲ့တွေအဖြစ်နဲ့ ကုတ်ကပ်နေရတဲ့ဘဝတွေဆိုတော့ ပိုပြန်ချင်တာပေါ့” ဟု ထိုင်း – မြန်မာနယ်စပ်ကို ရောက်ရှိပြီး နိုင်ငံရေးလှုပ်ရှားနေသူ ကိုသွင်လင်းအောင်က ဆိုသည်။
ကိုသွင်လင်းအောင်သည် ၈၈ မျိုးဆက်ကျောင်းသားတစ်ဦးဖြစ်ပြီး လက်ရှိတွင် မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု နိုင်ငံခြား ရေးရာကော်မတီ၏ တွဲဘက်အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။
၂၀၁၀ ရွေးကောက်ပွဲအပြီး သမ္မတဦးသိန်းစိန်ခေါင်းဆောင်သော အရပ်သားအစိုးရတက်လာစဉ်မှာတော့ ဆယ်စုနှစ်များစွာ အဖက်ဖက်မှ ယိုယွင်းနေသည့် တိုင်းပြည်အတွက် မျှော်လင့်ချက်ရောင်ခြည်များ စတင်ပျို့သန်းလာတော့သည်။ အပြောင်းအလဲ တွေလုပ်လာပြီး လူထု၏ ထောက်ခံအားပေးမှုကို ရရှိလာသော ဦးသိန်းစိန်အစိုးရကို တစ်ကမ္ဘာလုံးက အံ့အားသင့်စွာ စောင့်ကြည့် နေချိန်မှာ ပြည်ပသို့ အကြောင်းအမျိုးမျိုးနှင့်ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများကို ဦးသိန်းစိန်က ဖိတ်ခေါ်လိုက်သည်။
“စစချင်းကြားရတဲ့အခါ ဝမ်းသာတယ်။ ပြန်များပြန်ရရင် ဘယ်လောက်ကောင်းမလဲဆိုပြီး စိတ်ကူးတောင် ယဉ်မိတယ်” ဟု ဦးအောင်မျိုးမင်းကဆိုသည်။ “စိတ်ကူးယဉ်မိရုံနဲ့တင် ကြည်နူးမှုနဲ့ မျက်ရည်ဝဲမတတ်ဖြစ်ခဲ့ရတယ်။”
သမ္မတကြီး၏ ဖိတ်ခေါ်သံကြားရသည့်အချိန်မှာ ဝမ်းသာစရာဖြစ်ခဲ့သော်လည်း တစ်ချိန်တည်းမှာ မေးခွန်းထုတ်စရာတွေ၊ စိုးရိမ် စရာတွေ၊ ပြီးတော့ သံသယဖြစ်စရာတွေက ပြည်ပသို့ နိုင်ငံရေးအရ တိမ်းရှောင်နေကြရသူတို့၏ ခေါင်းထဲသို့ ကစုန်ပေါက် ဝင်ရောက်လာကြသည်။
သံသယ
သမ္မတကြီး၏ မိန့်ခွန်းကို အကြိမ်ကြိမ်ဖတ်ပြီး သူတို့တတွေ မေးခွန်းထုတ်ကြသည့်အထဲမှာ ဘယ်သူတွေကို ရည်ရွယ်ပြီး ဖိတ်ခေါ်တာလဲ။ ထိုက်သင့်သည့်အပြစ်ဒဏ်ဆိုတာ ဘယ်လို လူတွေ ကျခံကြရမှာလဲ။ မည်ကဲ့သို့သော ပြစ်ဒဏ်မျိုးလဲ…စသဖြင့်။
ယမန်နှစ် သြဂုတ် (၁၇) ရက်နေ့၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်အသီးသီး၊ အသင်း၊ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည့် အခမ်းအနားတွင် အမှာစကားပြောကြားသည့် မိန့်ခွန်းထဲမှာ “အကြောင်းအမျိုးမျိုးကြောင့် ပြည်ပကိုရောက်နေ ကြတဲ့ မြန်မာနိုင်ငံသားတိုင်းရင်းသားများကိုလည်း ပြစ်မှုတစ်စုံတစ်ရာ ကျူးလွန်သွားတာ မရှိဘူးဆိုရင် အချိန်မရွေးပြန်လာနိုင်ဖို့ စဉ်းစားပေးမှာဖြစ်ပါတယ်” ဟု သမ္မတကြီးက ပြောကြားသွားခဲ့သည်။
“ပြစ်မှုကျူးလွန်ခဲ့သည့်တိုင် ထိုက်သင့်တဲ့ ပြစ်ဒဏ်ခံယူဖို့ ပြန်လာမယ်ဆိုရင်တောင် ကျွန်တော်တို့ သဘောထားကြီးစွာနဲ့ စဉ်းစားပေးမှာဖြစ်ပါတယ်။” ဟူ၍လည်း အဆိုပါမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားခဲ့သည်။
နိုင်ငံရေးအရ တိမ်းရှောင်နေကြသူတွေ စိတ်ထဲမှာ တွေးလိုက်မိသည်က သူတို့ကို ယခုအရပ်သားအစိုးရက မည်သို့သဘော ထားမည်နည်းဆိုသောအချက်ဖြစ်သည်။ သူတို့ကို ပြစ်မှုကျူးလွန်သူတွေဟုမြင်မည်လား။ မြင်မည်ဆိုလျင် မည်သို့သော ပြစ်ဒဏ်တွေ သူတို့ခံကြရမည်နည်း။
သေချာသည်ကတော့ ၁၉၈၀ ခုနှစ်တုန်းက ဆိုရှယ်လစ်အစိုးရဖိတ်ခေါ်ခဲ့သလို လွတ်ငြိမ်းချမ်းသာခွင့်ပြုပြီး ခေါ်သည့်ပုံစံမျိုး မဟုတ်လေရာ စိုးရိမ်မည်ဆိုလျင် ဘက်ပေါင်းစုံမှ လှည့်တွေးပြီး စိုးရိမ်စရာတွေချည်းဖြစ်နေသည်။
နောက်ပြီး ယုံကြည်စိတ်ချက်ရမှု။ ရှစ်လေးလုံးဖြစ်ပြီးခါစတုန်းကလည်း ပြည်ပသို့ထွက်ပြေးတိမ်းရှောင်သူများကို ထိုစဉ်က တပ်မတော်အစိုးရက ပြန်လာကြဖို့ ဖိတ်ခေါ်ခဲ့ဖူးသည်။ သို့သော် မြန်မာပြည်ပြန်ရောက်သည့်အခါ အချို့ အဖမ်းခံထိပြီး အချို့မှာ စောင့်ကြည့်ခံကြရသဖြင့် ဒီမိုကရေစီရရှိရေး လွတ်လွတ်လပ်လပ် မလုပ်ဆောင်နိုင်ခဲ့ကြပေ။
နှစ်ပေါင်းများစွာ အစိုးရနှင့် ပြည်သူကြား ယုံကြည်မှုတွေ ပျောက်ဆုံးလာပြီး အစိုးရ ဘာတွေပြောပြော၊ ဘာတွေလုပ်လုပ် သံသယမျက်လုံးများဖြင့် စောင့်ကြည့်၊ ဝေဖန်၊ ဆက်ဆံနေခဲ့ကြရသည့်အနေအထားတွင် အရပ်သားအစိုးရတက်လာသော်လည်း အခြေအနေအားလုံးကို အစိုးရပြောတိုင်း မျက်စိစုံမှိတ်၊ ယုံလိုက်ကြဖို့က ခက်နေပြန်သည်။
“ခံခဲ့ရပေါင်းကလဲ ထပ်နေတော့” ဟု ကိုသွင်လင်းအောင်က အစချီသည်။ ပြီးတော့ အခုလိုဆက်ပြောသည်။
“ရင်ထဲမှာတော့ နှစ်မျိုးခံစားရတယ်။ တစ်မျိုးကတော့ ဒီလိုပဲကြားကောင်းအောင် ပြောတာနေမှာပါဆိုတာမျိုး။ သိပ်မမျှော်ပေမဲ့ နောက်တစ်ခုကတော့ တကယ်ပဲ ဒီဟာက အစဖြစ်ပြီး တဖြည်းဖြည်းနဲ့တကယ်ပြောင်းလဲလာပြီး ကျနော်တို့ ပြန်လို့ရတဲ့အခြေ အနေဖြစ်သွားမလားလို့ ရင်ခုန်မိတာလဲ တကယ်ဖြစ်မိပါတယ်။”
အများစု စောင့်နေကြသည့်အချက်ကတော့ ပြည်တော်ပြန်လိုသူများ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေးအတွက် ညွှန်ကြားချက် တစ်စုံတစ်ရာ၊ သို့မဟုတ် ဥပဒေ ဘယ်တော့ ပြဌာန်းပေးမလဲဟူသော အချက်ဖြစ်သည်။
“ကျနော်တို့က အပြင်ရောက်နေတဲ့လူတွေ ဖြစ်နေတော့ ဂုဏ်သိက္ခာရှိရှိ ပြန်ဝင်ရေးဆိုတာကိုပါ ထည့်စဉ်းစားရတယ်” ဟု ကိုသွင်လင်းအောင်က ဖြည့်စွက်သည်။ “အဲဒိစကားကို ရှင်းရှင်းလေးပြောရရင်တော့ လက်နက်ချအရှုံးပေး ပြန်တာမျိုးမဖြစ်အောင် ဆိုတဲ့သဘောပါ။”
၈၈ မျိုးဆက်တစ်ဦးဖြစ်သည့် ကိုညီညီအောင်ကလည်း “ကျနော်တို့ကို ဝန်ခံဂတိတောင်းပြီးမှ လက်ခံတဲ့ သဏ္ဍာန်ကို လုံးဝလက်မခံဘူး။ စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖော်ဆောင်ချင်တဲ့ လက္ခဏာ-လုပ်ရပ်-သဏ္ဍာန်တွေ သဘောထားတွေ ပေါ်လွင်တဲ့ အုပ်ချုပ်မှုနဲ့ အစိုးရတရပ်မျိုးဖြစ်နေဖို့လိုပါတယ်” ဟုဆိုသည်။
အရပ်သားအစိုးရကို ယုံကြည်ဖို့ဆိုလျင် ပြည်တွင်းအင်အားစုများနည်းတူ ပြည်ပနိုင်ငံရေးအင်အားစုများက တညီတညွတ်တည်း တောင်းဆိုကြသည်က နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးရေးဖြစ်သည်။
တောင်းဆိုသည့်အတိုင်း ဦးသိန်းစိန်က ပြည်သူ့အသည်းနှလုံး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များအပါအဝင် ယုံကြည်မှုဖြင့် အကျဉ်းကျခံနေကြရသူ (နိုင်ငံရေး အကျဉ်းသား) အတော်များများကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးခဲ့ပါသည်။ ယင်းအတွက် ပြည်ပသို့ နိုင်ငံရေးအရ ထွက်ပြေးတိမ်းရှောင်သူအတော်များများ၏ အသိမှတ်ပြုမှုကို ဦးသိန်းစိန်အစိုးရ အတိုင်းအတာတစ်ခုအထိရရှိခဲ့သည်ဟုဆိုနိုင်ပါသည်။
သို့သော်လည်း နိုင်ငံရေးအင်အားစုတွေ တောင်းဆိုထားသည်က မြန်မာနိုင်ငံတွင်းက အကျဉ်းထောင်များမှာ နိုင်ငံရေးအကျဉ်း သား တစ်ဦးတစ်ယောက်မှ မကျန်ရှိရေးဖြစ်သည်။
“အာဏာရှိနေတဲ့ လူတွေနဲ့ သဘောထားမတိုက်ဆိုင်လို့၊ ကိုယ့်စိတ်ထဲမှာရှိတဲ့ဟာကို ထုတ်ဖော်ပြောဆိုလို့ဆိုတဲ့ ရာဇဝတ်မှုနဲ့ ထောင်သွင်းအကျဉ်းကျခံရတဲ့ နိုင်ငံရေးအကျဉ်းသား တစ်ယောက်တည်းပဲရှိတယ်ဆိုရင်တောင် မြန်မာပြည်မှာနေရတာ လုံခြုံမှု ရှိမှာ မဟုတ်ပါဘူး” ဟု Free Burma Coalition ကို ထူထောင်ခဲ့သူ ဒေါက်တာဇာနည်ကဆိုပါသည်။ အပိုင်း( ၂ )သို့

