မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၇ မှ သတင်းဆောင်းပါးဖြစ်ပါသည်
အောင်ပိုင် ရေးသည်။
နေလည်းမပူ၊ မိုးလည်းမရွာတဲ့ ဇွန်လရဲ့ တစ်ခုသော နေ့လယ်ခင်းမှာ ထီးရောင်စုံတွေနဲ့ ရှေ့ နောက် ဘေးပတ်လည် ကာရံထားတဲ့ လူတန်းတစ်ခုဟာ ရန်ကုန်တိုင်းတရားလွှတ်တော်ရုံး အဆောက်အအုံထဲကနေ ဆင်ဝင်အပြင်ဘက်ကို တဖြည်းဖြည်း ရွေ့လျားလာပါတယ်။
တံခါးဖွင့်၊ စက်အသင့်နှိုးထားတဲ့ အပြာရောင် Police စာတန်းနဲ့ မှန်စတစ်ကာ အမည်းကပ်ထားတဲ့ အဖြူရောင် ဟိုက် အေ့ကားဆီသို့ ဦးတည်သွားနေတာပါ။
ကားဆီအရောက်မှာတော့ ထီးအမိုးအောက်ကလက်ထိပ် နဲ့လူတချို့ဟာ ကားပေါ်တက်သွားပြီးနောက် ထီးကိုင်ထားတဲ့ လူလတ်ပိုင်းအရွယ် အမျိုးသား၊ အမျိုးသမီး ၁၀ ယောက်လောက်ဟာ သူတို့ရဲ့ ထီးတွေကို ပိတ်လိုက်ကြပါတယ်။
တရားရုံးဝင်းအပြင်ဘက် မောင်းထွက်သွားတဲ့ကားကို ကြည့်ရင်း ထီးမိုးပေးကြတဲ့သူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ပြုံးပြနှုတ်ဆက်စကားဆိုကာ ကျန်ရစ်ခဲ့ကြတယ်။
အဲဒီလူအုပ်စုထဲက အမျိုးသားတစ်ယောက်ကို ဘာကြောင့်ခုလို ထီးလိုက်မိုးပေးရတာလဲလို့ မေးကြည့်တော့ “ဒီလိုပါပဲ။ ကိုယ့်ဆရာတွေမို့လို့ပါ”လို့ သူက မဖြေချင့်ဖြေချင်နဲ့ ခပ်ဆိုင်းဆိုင်းပြန်ဖြေပါတယ်။
သူပြောတဲ့ ‘ကိုယ့်ဆရာတွေ’ ဆိုတာ တရားရေးမဏ္ဍိုင်မှာ ထိပ်ပိုင်းရာထူးတွေနဲ့ တာဝန်ထမ်းဆောင်ခဲ့ပြီး လတ်တလောမှာ အဂတိလိုက်စားမှုနဲ့ တရားစွဲဆိုခံထားရတဲ့ ရန်ကုန်တိုင်း ဥပဒေချုပ်နဲ့ ဥပဒေဝန်ထမ်းတွေ ဖြစ်ပါတယ်။
ဟာသသရုပ်ဆောင် အောင်ရဲထွေးသေဆုံးမှုမှာ တရားစွဲခံထားရတဲ့ သန်းထွဋ်အောင် (ခ) သားကြီးနဲ့ အပေါင်းအပါ သုံးဦးကို တရားရှင်လွှတ်ပေးနိုင်ဖို့ လာဘ်ငွေနဲ့ တံစိုးလက်ဆောင်တွေ ရယူခဲ့တယ်ဆိုပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ရန်ကုန်တိုင်းဥပဒေချုပ်ဟောင်း ဦးဟန်ထူးနဲ့ ဥပဒေဝန်ထမ်းလေးဦး၊ ရဲအရာရှိတစ်ဦးတို့ကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာမှာ တရားစွဲဆိုခဲ့တာပါ။
အဲဒီကတည်းက သူတို့ဟာ အင်းစိန်အကျဉ်းထောင်မှာ အချုပ်ကျနေရင်း ရန်ကုန်တိုင်းတရားလွှတ်တော်ကို အပတ်စဉ် လာရောက်တရားရင်ဆိုင်နေရတာ တစ်နှစ်နီးပါး ရှိနေပါပြီ။ ရုံးထုတ်တဲ့ အကြိမ်တိုင်းမှာလည်း ဝန်းရံသူတွေက အမြဲမပြတ်ရှိနေဆဲပါ။
မြန်မာ့လူ့အဖွဲ့အစည်းဟာ အဂတိနွံထဲမှာနစ်နေပြီး အရှိန်အဟုန်ကောင်းနေဆဲဖြစ်တာကြောင့် ရုန်းထွက်ဖို့ အပြောလွယ်သလောက် အလုပ်ခက်တယ်လို့ မော်ကွန်းက တွေ့ဆုံမေးမြန်းခဲ့တဲ့ ဝါရင့်ရှေ့နေတွေနဲ့ ပညာရှင်တချို့က ထောက်ပြကြပါတယ်။
နိုင်ငံတကာပွင့်လင်းမြင်သာမှုအဖွဲ့ (Transparency International) ရဲ့ နှစ်အလိုက်အစီရင်ခံစာတွေအရ မြန်မာနိုင်ငံဟာ ၂၀၁၆ မတိုင်ခင်အထိ ကမ္ဘာပေါ်မှာ အဂတိလိုက်စားမှု အများဆုံးနိုင်ငံတွေထဲမှာ ပါဝင်ခဲ့တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ယနေ့အထိလည်း အဂတိလိုက်စားမှုအများဆုံး နိုင်ငံပေါင်း ၅၀ ထဲမှာ ပါဝင်နေဆဲပါ။
အထက်ပါအဖွဲ့က ပြီးခဲ့တဲ့နှစ်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ အဂတိကင်းရှင်းမှုနိုင်ငံများစာရင်းမှာ မြန်မာဟာ နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၃၂ မှာရှိနေပါတယ်။ အဆင့် ၁ မှာ ဒိန်းမတ်နိုင်ငံရှိနေပြီး အောက်ဆုံးအဆင့် ၁၈၀ မှာတော့ ဆိုမာလီယာနိုင်ငံရှိနေပါတယ်။ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယက ၇၈၊ တရုတ်က ၈၇ နဲ့ ထိုင်းက ၉၉ ဖြစ်ပါတယ်။
အမြစ်တွယ်လာပုံ
အသက် ၇၅ နှစ်အရွယ် ဝါရင့်တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က အဂတိလိုက်စားမှုဟာ အများအပြား ရှိနေတာကြောင့် “ခုအရေးယူနေတာတွေဟာ သမုဒ္ဒရာထဲကို ခဲလုံးလေးတစ်လုံး ပစ်လိုက်သလိုပဲ ရှိသေးတယ်”လို့ မော်ကွန်းကို ပြောပါတယ်။
အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူ ပြုလုပ်မှုတို့ဟာ အောက်ခြေဝန်ထမ်းကနေစပြီး၊ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီးအထိ အဆင့်ဆင့်ရှိနေတာကြောင့်”ဖမ်းမိသေးတာနဲ့ မမိသေးတာဘဲ ကွာတယ်” လို့ သူက ဆက်ပြောပါတယ်။
လက်ရှိအချိန်အထိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့ တရားစွဲဆိုခြင်းခံထားရတဲ့ ထင်ရှားတဲ့သူတွေကတော့ ရန်ကုန်တိုင်းဥပဒေချုပ် ဦးဟန်ထူး၊ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ် နဲ့ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်တို့ဖြစ်ပါတယ်။
အဂတိလိုက်စားမှုဆိုတာမှာ လာဘ်ပေးလာဘ်ယူခြင်းနဲ့ တံစိုးလက်ဆောင်ပေးခြင်းတို့အပြင် ရာထူးအာဏာကို တလွဲသုံးပြီး လုပ်ပိုင်ခွင့်ဘောင်ကျော်တာ၊ လုပ်ငန်းခွင်အတွင်းမှာအရည်အချင်းရှိတဲ့လူထက် နီးစပ်ရာလူကို အခွင့်အရေးပေးတာ၊ ရာထူးတိုးပေးတာစတာတွေလည်း အကျုံးဝင်တယ်လို့ မော်ကွန်းကတွေ့ဆုံမေးမြန်းခဲ့တဲ့ ပညာရှင်တွေက ပြောကြပါတယ်။
မြန်မာ့လူ့အဖွဲ့အစည်းမှာ အဂတိလိုက်စားမှုဟာ စစ်အုပ်ချုပ်ရေး စတင်ခဲ့တဲ့ ၁၉၈၈ နောက်ပိုင်း အရှိန်အဟုန်ကောင်းကောင်းနဲ့ ကျူးလွန်လာခဲ့ရာ ခုခေတ်ကာလမှာ အဆိုးဆုံးဖြစ်လာနေတယ်လို့ မော်ကွန်းက တွေ့ဆုံမေးမြန်းခဲ့တဲ့ ဝါရင့်ဥပဒေပညာရှင်တွေက ပြောကြပါတယ်။
ဖက်ဆစ်ဆန့်ကျင်ရေးပြည်သူ့လွတ်မြောက်ရေးအဖွဲ့ချုပ် (ဖဆပလ)အစိုးရခေတ်မှာ မြို့ပိုင်၊ တရားသူကြီးစတဲ့ အရာရှိတွေကို လက်ဆောင်အဖြစ် ဆန်တွေ၊ ဆီတွေ ကန်တော့ကြတာမျိုးရှိခဲ့ပေမယ့် လုံလောက်တဲ့ လုပ်ခလစာတွေ ရတာကြောင့်ရယ်၊ အဂတိလိုက်စားတာဟာ သေရင် ငရဲရောက်နိုင်တယ်ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ အယူအဆရယ်ကြောင့် အဂတိလိုက်စားမှု ကျူးလွန်တာဟာ အင်မတန်ရှားတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်ဝင်းက ဆိုပါတယ်။
၁၉၆၂ တော်လှန်ရေးကောင်စီ တက်လာပြီးနောက်မှာတော့ အုပ်ချုပ်ရေးပိုင်းတွေမှာ ငွေကြေးတောင်းခံမှုတွေ၊ အဂတိလိုက်စားမှုတွေဟာ ဖဆပလခေတ်ကထက် ပိုများလာတာကြောင့် အရေးယူမှုတွေလည်း ရှိလာတယ်လို့ သူကဆိုပါတယ်။ သူက တရားရေးမှာ ၁၉၇၀ ဝန်းကျင်လောက်ကတည်းက တာဝန်ထမ်းဆောင်ခဲ့သူပါ။

Photo – Aung Py
အဂတိလိုက်စားမှုတွေကို အဲဒီအချိန်တုန်းက စသုံးလုံးလို့ အတိုကောက်ခေါ်တဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက အရေးယူတာဖြစ်ပါတယ်။ အခုတော့ ဒီဌာနက ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ကို ရောက်သွားပါပြီ။ ဒါပေမဲ့ အခြေခံ စားသောက်ကုန်ဈေးနှုန်းငြိမ်တဲ့ ကာလဖြစ်တဲ့အတွက် အလိုရမ္မက်ကြီးသူတွေလောက်သာ အဂတိလိုက်စားမှုကို ကျူးလွန်ကြတာလို့ ဦးမောင်မောင်ဝင်းက ပြောပါတယ်။ ၁၉၈၈ နောက်ပိုင်းမှာတော့ အုပ်ချုပ်ရေး ယန္တရားတစ်ခုလုံး ပျက်စီးပြီး အဂတိ တရားလွှမ်းမိုးမှု များပြားလာတာကြောင့် “ဗိုလ်ချုပ်တွေ၊ ဝန်ကြီးတွေအားလုံးက သူတို့ဆီသွားရင် ပိုက်ဆံမပေးဘဲနဲ့ ဘာမှမရတော့ဘူး”လို့ သူက ဆိုပါတယ်။
ဝန်ထမ်းအားလုံးလိုလို လာဘ်စားနေတဲ့ဌာနထဲမှာ လာဘ်မစားတဲ့ဝန်ထမ်းဟာ တစ်မူထူးခြားနေတာကြောင့် အထင်လွဲခံရပြီး အလုပ်ပြုတ်နိုင်တဲ့အခြေအနေမျိုးလို့ သူကပြောပါတယ်။ ဒါကြောင့် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးစတဲ့ ကဏ္ဍတွေအားလုံးမှာ အဂတိတရားလွှမ်းမိုးမှုတွေ ဖြစ်စေခဲ့တယ်လို့ သူကရှင်းပြပါတယ်။
တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ဟာ ၁၉၆၁ ကနေ ၁၉၈၈ အထိ နိုင်ငံ့ဝန်ထမ်းအဖြစ် ၂၇ နှစ် လုပ်လာခဲ့သူပါ။ ဝန်ထမ်းဘဝကို အောက်တန်းစာရေးရာထူးကနေ စတင်ခဲ့ရာ မြို့ နယ်သမဝါယမဦးစီးအရာရှိအဆင့်နဲ့ ပင်စင်ယူခဲ့ပါတယ်။
သူဖြတ်သန်းခဲ့ရတဲ့ ဝန်ထမ်းဘဝတစ်လျှောက်မှာရတဲ့ လစာက လာဘ်စားစရာ မလိုလောက်အောင် စားဝတ်နေရေး ပြေလည်ခဲ့ပြီး “အဲဒီအကြောင်းတွေကိုပြန်ပြောရင် ဘယ်သူမှမယုံဘူး။ ပုံပြင်လိုပဲ ထင်နေကြတယ်”လို့ ပြောပါတယ်။
ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၁၉၈၈ နောက် ပိုင်းမှာတော့ လာဘ်စားတာဟာ ထိန်းမနိုင်သိမ်းမနိုင် ဖြစ်လာတဲ့အပြင် “လာဘ်စားတဲ့လူက ဘုရားလူကြီးဖြစ်နိုင်ပြီး လာဘ်မစား တဲ့သူက မြောင်းထဲရောက်သွားနိုင်တဲ့အထိပဲ”လို့ သူကဆိုပါတယ်။
“အဆိုးဆုံးကတော့ ပညာရေးဝန်ကြီးဌာန လာဘ်စားတာမှာ တိုင်းပြည်ပျက်တာပဲကွာ” လို့ သူက သက်ပြင်းရှည် တစ်ချက်ချလိုက်ရင်း ပြောပါတယ်။ ပညာရေးဝန်ကြီးဌာနဟာ ကလေးတွေကို အလေ့အကျင့်ကောင်းတွေဖြစ်အောင် ပြုစုပျိုးထောင်ပေးရမှာဖြစ်ပေမယ့် ခေတ်အဆက်ဆက် တာဝန်ရှိသူတွေ ကိုယ်တိုင်က လာဘ်စားနေတာဟာ မဖြစ်သင့်ဘူးလို့ သူကဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ကောက်ယူခဲ့တဲ့ ‘ဌာနများ၏ငွေကြေး(သို့မဟုတ်) လက်ဆောင်တောင်းခံမှုအပေါ် ပြည်သူ၏ ငွေကြေးပေးရခြင်း’ဆိုတဲ့ စစ်တမ်းအရ ငွေအပေးရဆုံး အစိုးရဌာနထဲမှာ ပညာရေးဝန်ကြီးဌာန ပါဝင်ပါတယ်။ ဖြေဆိုသူအားလုံးရဲ့ ၉၁ ရာခိုင်နှုန်းက ပညာရေးဝန်ကြီးဌာနကို ငွေပေးရတယ်လို့ ဆိုထားပါတယ်။
စစ်တမ်းအရ အစိုးရဌာန ၁၈ ခုပါဝင်ပြီး အဲဒီထဲမှာငွေကြေး (သို့မဟုတ်) လက်ဆောင်ပစ္စည်း အပေးရဆုံးဌာနတွေကတော့ ပြည်တွင်းအခွန်များဦးစီးဌာန၊ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ စည်ပင်သာယာရေးကော်မတီ၊ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာန၊ မြေစာရင်းဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့ဖြစ်တယ်လို့ ဆိုပါတယ်။
အများစုမှာ လိုအပ်တာထက် လုပ်ငန်းကာလ ကြန့်ကြာခြင်း၊ မချေမငံဆက်ဆံခံရခြင်းတို့နဲ့ လုပ်ငန်းစဉ် ပိုမိုရှုပ်ထွေးသွား စေခြင်းတို့ကြောင့် ငွေကြေး (သို့မဟုတ်) လက်ဆောင်ပစ္စည်းပေးခဲ့ရခြင်းဖြစ်တယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။
နစ်နာသူမှာ လူထုသာ
အဂတိလိုက်စားမှုဟာ အမေရိကန်ပြည်ထောင်စုလို ဖွံ့ဖြိုးတိုးတက်တဲ့ လူ့အဖွဲ့အစည်းမှာတောင် မကင်းနိုင်တာကြောင့် နှစ်ပေါင်း ၇၀ လောက် ယိမ်းယိုင်နေတဲ့ မြန်မာ့လူ့အဖွဲ့အစည်းဆိုရင် ပိုလို့ပင်ဆိုးရွားတဲ့ အခြေအနေမှာရှိနေတယ်လို့ ရန်ကုန်တက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးဌာနမှာ ပြည်သူ့ရေးရာမူဝါဒနဲ့ ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး ဘာသာရပ်တွေကို သင်ကြားပို့ချပေးနေသူ ပါမောက္ခဒေါက်တာခင်မမမျိုးက ပြောပါတယ်။
သူဟာ အဂတိလိုက်စားမှုအကြောင်းကို နိုင်ငံတကာတက္ကသိုလ်တွေအထိ သွားရောက်လေ့လာထားသူဖြစ်ပြီး လက်ရှိမှာလည်း စာတမ်းပြုစုနေသူ ဖြစ်ပါတယ်။
မြန်မာပြည်မှာ အဂတိလိုက်စားမှုကိုဖြစ်စေတဲ့ အကြောင်းရင်းတွေက စားဝတ်နေရေးမပြေလည်လို့ ကျူးလွန်ရုံသာ မဟုတ်ဘဲ လိုချင်သထက်လိုချင်တဲ့ အလိုရမ္မက်ကြောင့် မတော်လောဘ တွေနဲ့လည်း ကျူးလွန်နေကြတာမျိုး ရှိတယ်လို့ သူကဆိုပါတယ်။
ဒါ့အပြင် အုပ်ချုပ်ရေးယန္တရားဖြစ်တဲ့ အစိုးရဌာနဆိုင်ရာတွေသာမက ကုန်ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုပေးနေကြတဲ့ ပုဂ္ဂလိကအခန်းကဏ္ဍတွေနဲ့ အရပ်ဘက်အဖွဲ့စည်းတွေမှာပါ အဂတိတရား လွှမ်းမိုးမှုတွေ ရှိနေတယ်လို့လည်း သူကပြောပါတယ်။
ကဏ္ဍပေါင်းစုံမှာ အဂတိတရားလွှမ်းမိုးမှု အကျိုးဆက်ကတော့ စားသုံးသူဖြစ်တဲ့ လူထုဟာ အစိုးရဆီကသော်လည်း ကောင်း၊ ပုဂ္ဂလိကလုပ်ငန်းတွေဆီကသော်လည်းကောင်း ထိုက်တန်တဲ့ဝန်ဆောင်မှုနဲ့ အရည်အသွေးရှိတဲ့ ထုတ်ကုန်တွေကို မစားသုံးရဘဲ အရည်အသွေးညံ့ဖျင်းမှုတွေထဲမှာသာ နစ်မွန်းနေရတယ်လို့ ဒေါက်တာခင်မမမျိုးက ဆိုပါတယ်။

တရားစီရင်ရေးကို လှောင်ပြောင်ခြင်းလို့ လူအများဝေဖန်ကြတဲ့ သန်းထွဋ်အောင်ရဲဲ့ လူမှုကွန်ရက်ကပုံ
ဘယ်လိုဖြေရှင်းကြမလဲ
မြန်မာနိုင်ငံဟာ အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှုကို တိုက်ဖျက်ဖို့ ကြိုးစားနေတာ အခုမှမဟုတ်ဘဲ စစ်ပြီးခေတ် ကာလကတည်းက ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်အပြီး ပြည်ပကထောက်ပံ့တဲ့ စစ်ဘေးသင့်ထောက်ပံ့ရေးပစ္စည်းတွေကို ခိုးယူမှုနဲ့ အဂတိလိုက်စားမှုကို တားဆီးနိုင်ဖို့ ပြည်သူ့ထောက်ပံ့ရေးပစ္စည်းများ ခိုးယူခြင်းကာကွယ်သည့် ကော်မတီ (Civil Supplies Thefts Preventive Committee) ကို ၁၉၄၇ မှာ ဖွဲ့စည်းခဲ့ပါတယ်။
၁၉၄၈ မှာ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအက်ဥပဒေကို ပြဋ္ဌာန်းခဲ့ပါတယ်။ အဲဒီဥပဒေအရ တရားဝင်ခံစားခွင့်ထက်ကျော်လွန်ပြီး တံစိုးလက်ဆောင်တွေကို လက်ခံခြင်း၊ ရာထူးကို အလွဲသုံးစားလုပ်ပြီး လာဘ်ယူခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို လိမ်လည်အလွဲသုံးစားလုပ်ခြင်း စတာတွေကို ကျူးလွန်ရင် ထောင်ဒဏ်ခုနစ်နှစ် ချမှတ်နိုင်ပါတယ်။
၁၉၅၁ မှာ အထူးစုံစမ်းစစ်ဆေးမှု အုပ်ချုပ်ရေးအဖွဲ့နဲ့ အထူးစုံစမ်းစစ်ဆေးရေးဌာန အက်ဥပဒေကို ထပ်မံပြဋ္ဌာန်းပြီး အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှုတို့ကို အရေးယူဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမဲ့ အဂတိလိုက်စားမှုကတော့ ရှိမြဲရှိနေဆဲဖြစ်ပါတယ်။
သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်မှာတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်တွေအရ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို နိုင်ငံတော်သမ္မတရဲ့ အမိန့်ကြေညာချက်နဲ့ ဖွဲ့စည်းတာဝန်ပေးခဲ့ပါတယ်။
ဒီကော်မရှင်ဟာ ကနဦးမှာ အမှုကြီးတွေကို မတို့မထိခဲ့လို့ဆိုပြီး ဝေဖန်ခံခဲ့ရပါတယ်။ NLD အစိုးရလက်ထက်မှာတော့ အဆင့်မြင့်အရာရှိကြီးတွေကို အရေးယူနိုင်ခဲ့ပြီး လူထုရဲ့ အာရုံစိုက်မှုကို ခံလာရပါတယ်။
အဲဒီထဲမှာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ညွှန်ကြားရေးမှူးဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်တိုင်း တရားဥပဒေချုပ်နဲ့ တနင်္သာရီတိုင်းဝန်ကြီးချုပ်အဆင့်အထိ အရေးယူနိုင်ခဲ့တာပါ။
၂၀၁၈ အတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ရောက်ရှိလာတဲ့ တိုင်ကြားစာတစ်သောင်းကျော်ရှိပြီး လေးနှစ်အတွင်း တိုင်ကြားစာစုစုပေါင်းထက် နှစ်ဆကျော်ပိုများခဲ့ပါတယ်။
တိုင်ကြားစာတစ်သောင်းကျော်မှာ ပုဂ္ဂိုလ်ရေး မမှန်မကန်ဆောင်ရွက်မှု၊ လယ်ယာမြေစီမံခန့်ခွဲမှု၊ အုပ်ချုပ်ရေးဆိုင်ရာ လွဲမှားဆောင်ရွက်မှု၊ တရားစီရင်မှုတို့ ပါဝင်ပါတယ်။ ကော်မရှင်အနေနဲ့က ၄၆ မှုသာ အရေးယူနိုင်ခဲ့ပြီး တိုင်ကြားစာ ၁,၇၉၅ စောင်ကို ပြည်ထောင်စုဝန်ကြီးဌာနနဲ့ တိုင်းဒေသကြီးအစိုးရ၊ ပြည်နယ်အစိုးရတွေဆီသို့ ပြန်လည်လွှဲပြောင်း အရေးယူခိုင်းခဲ့ပါတယ်။
တစ်နှစ်အတွင်း ၄၆ မှုကိုအရေးယူနိုင်တာဟာ “ကော်မရှင်မှာရှိတဲ့ အမြင့်ဆုံးစွမ်းဆောင်ရည်ပဲ”လို့ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က မေ ၂၀ ရက်ကကျင်းပတဲ့ ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့မှာပြောပါတယ်။
လတ်တလောမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအနေနဲ့ အဂတိမဖြစ်ပွားမီ ကြိုတင်တာဆီးနိုင်ဖို့ ဝန်ကြီးဌာနတွေမှာ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CPU) ကို ဖွဲ့စည်းထားပါတယ်။
CPU က ဌာနအတွင်း အဂတိလိုက်စားမှုတွေကို ဖော်ထုတ်ခြင်း၊ လာဘ်ပေးလာဘ်ယူမှုတွေကို နိုင်ငံဝန်ထမ်းဥပဒေနဲ့ အရေးယူခြင်း၊ ဥပဒေနှင့်လုပ်ထုံးလုပ်နည်းတွေမှာ အဂတိနဲ့ ငြိစွန်းနေရင် ပြင်ဆင်ပေးခြင်းတို့ကို ပြုလုပ်ရတာဖြစ်ပါတယ်။
ဒါပေမဲ့ CPU ဟာ “ယုန်ကို မုန်လာဥခင်း စောင့်ခိုင်းသလို” မဖြစ်စေဖို့ လိုပြီးလွတ်လပ်တဲ့ ပြင်ပအဖွဲ့အစည်းတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေ ပါဝင်ဖို့ လိုအပ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ဝိုင်းဝန်းသတိပေးကြပါတယ်။
ဒါကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌဦးအောင်ကြည်က အစိုးရဌာနအတွင်းမှာ အဂတိလိုက် စားမှုကို ဖုံးဖိပေးနေတဲ့ အထက်အရာရှိတွေကို အရေးယူသွားမယ်လို့ ပြောကြားသွားခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်ဥပဒေကိုသုံးပြီးဘယ်ပုဒ်မတွေနဲ့ အရေးယူသွားမယ်ဆိုတာကိုတော့ ထည့်သွင်းပြောဆိုမသွားပါဘူး။
တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်ဝင်းက အဂတိလိုက်စားမှုကို တိုက်ဖျက်ရာမှာ ကော်မရှင်တစ်ခုတည်းက တိုက်ဖျက်နေတာထက် လူတစ်ဦးတစ်ယောက်ချင်းစီက အဂတိတရားကို ရွံရှာစက်ဆုပ်စရာလို့ မြင်အောင် အရင်လုပ်နိုင်ဖို့ လိုတယ်လို့ ပြောပါတယ်။
“အဂတိတိုက်ဖျက်ရေးမှာ NGO တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းပါဝင်နိုင်တဲ့ လုပ်ထုံးလုပ်နည်းတွေ ရှိလာမှသာ အမျိုးသားရေးပုံစံ ဖြစ်လာမယ်”လို့ သူက ပြောပါတယ်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အနေနဲ့ ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ပညာပေးအစီအစဉ်ကို စတင်ဆောင်ရွက်တော့မှာ ဖြစ်ပါတယ်။
ကော်မရှင်ကထုတ်ဝေတဲ့ ‘ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး ပညာပေးအစီအစဉ်’ စာအုပ်ကို ယခုနှစ် ပညာသင်နှစ်ကစပြီး အခြေခံပညာအဆင့်တွေမှာ သင်ကြားပေးတော့မယ်လို့ အခြေခံပညာဦးစီးဌာန၊ နေပြည်တော်ရုံးချုပ်မှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ထွန်းအောင်က မော်ကွန်းကိုပြောပါတယ်။
အဲဒီစာအုပ်မှာ ရုပ်ပြ၊ ကဗျာ၊ ဇာတ်လမ်းတိုစတာတွေ ပါဝင်တာကြောင့် သင်ယူကြရမယ့် ကျောင်းသားတွေကို အလွယ်တကူ နားလည်နိုင်စေမှာဖြစ်ပြီး ပို့ချမယ့်ဆရာတွေကိုလည်း သေချာနားလည်အောင် လေ့လာခိုင်းထားပြီးသားလို့ သူကဆိုပါတယ်။
သင်ကြားချိန်ကတော့ တစ်ပတ်တစ်ကြိမ် ဒါမှမဟုတ် တစ်လကို တစ်ကြိမ်နှုန်းနဲ့ သင်ကြားသွားမှာဖြစ်တယ်လို့ ဦးဇော်ထွန်းအောင်က ပြောပါတယ်။
“ငွေကြေးယူတာမှမဟုတ်ဘဲ သူများခြံထဲက သစ်သီး၊ ပန်းသီးခူးတာကအစ အဂတိသဘောဆောင်တဲ့ ရုပ်ပြလေးတွေ ပါတယ်”လို့ သူကပြောပါတယ်။ အဲဒီစာအုပ်ကို မြို့နယ်အဆင့်အထိ တစ်ကျောင်းကို တစ်အုပ်နှုန်းနဲ့ ဖြန့်ဝေထားပြီးဖြစ်တယ် လို့လည်း သူကပြောပါတယ်။
မမှန်မကန် ပြုမူဆောင်ရွက်ပြီး ငွေပေးငွေယူတာ၊ သူများပစ္စည်းယူတာတွေဟာ အဂတိလိုက်စားမှု မြောက်တယ်ဆိုတာကို အသားပေးဖော်ပြထားပြီး ကျောင်းသားတွေအနေနဲ့ ကလေးအရွယ်ကတည်းက နားလည်သွားနိုင်မှာဖြစ်တဲ့အတွက် စဉ်းစားတွေးခေါ်နည်း ကောင်းသွားနိုင်တယ်လို့ သူကဆိုပါတယ်။
ဒေါက်တာခင်မမမျိုးက အဂတိလိုက်စားမှုကို တိုက်ဖျက်ရာမှာ ကာလတိုတိုက်ဖျက်နည်းနဲ့ ကာလရှည်တိုက်ဖျက်နည်းဆိုပြီး ဗျူဟာနှစ်ရပ် ချမှတ်ထားဖို့ လိုတယ်လို့ ပြောပါတယ်။
ကာလတိုတိုက်ဖျက်နည်းမှာ လုပ်ငန်းခွင်အတွင်းမှာ အဂတိကင်းရှင်းတဲ့သူကိုဆုပေးပြီး အဂတိကျူးလွန်တဲ့သူကို အပြစ်ဒဏ်ပေးရမယ်ဆိုတဲ့ ဆုပေးဒဏ်ပေးစနစ်နဲ့ အရည်အချင်းရှိသူကိုရွေးချယ်တင်မြှောက်တဲ့ Meritocracy စနစ်ကို ပွင့်လင်းမြင်သာမှုရှိရှိ ကျင့်သုံးရမယ်လို့ သူကဆိုပါတယ်။
ကာလရှည်တိုက်ဖျက်နည်းမှာတော့ အသိပညာပေးနည်းက အဓိကကျတယ်လို့ သူကပြောပါတယ်။ မြန်မာပြည်က ကလေးတွေနဲ့ ကျောင်းသားမိဘတွေက ကိုယ်လိုချင်တဲ့ကျောင်းကို ဝင်ခွင့်ရဖို့ကနေ စာမေးပွဲအောင်ဖို့အထိ ဖြတ်သန်းရတဲ့ အဆင့်ဆင့်မှာ အဂတိတရားတွေရှိနေတဲ့အတွက် ကလေးတွေကို သင်ကြားပြသပေးမယ့် ဆရာတွေကိုယ်တိုင်က အဂတိတရားကို သေချာသဘောပေါက်နားလည်ဖို့ အရေးကြီးတယ်လို့ သူကပြောပါတယ်။
ဒါပေမဲ့ လူတွေရဲ့စိတ်မှာ အဂတိကျူးလွန်တာကို ရွံရှာစက်ဆုပ်စရာလို့မမြင်ဘဲ လုပ်ရိုးလုပ်စဉ်အပြုအမူလို့ ထင်နေတဲ့အတွက် တိုက်ဖျက်ဖို့ရာ “အပြောလွယ်သလောက် အလုပ်ခက်တယ်” လို့ သူကမှတ်ချက်ပြုပါတယ်။
#mawkun #magazine #chronicle #feature #no67

