အောင်ထူးနိုင်
ရန်ကုန် – ၂၀၂၀ ဇူလိုင် ၉ (မော်ကွန်း)
ရခိုင်နိုင်ငံတော်တည်ထောင်မယ်ဆိုတဲ့ ရခိုင့်တပ်တော်(AA)ရဲ့ နိုင်ငံရေးမျှော်မှန်းချက်တွေအတိုင်း ဖြစ်လာမှာမဟုတ်ဘူးလို့ လေ့လာစောင့်ကြည့်သူတွေက မော်ကွန်းကို ပြောပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက “သူတို့ အိမ်မက်က ဖြစ်မလာနိုင်ပါဘူး၊ အခုလည်း သူတို့ရဲ့ မျှော်မှန်းချက်ကို ပြောင်းလိုက်တယ်၊ ၂၀၂၀ – ၂၀၂၅ ဆိုပြီး ထပ်လုပ်တယ်လေ၊ တကယ့်တကယ့်ကျတော့ သူတို့ မလွယ်ဘူးဆိုတာ သိသွားကြပြီ၊ မဖြစ်နိုင်ပါဘူး၊ ရလည်း မရနိုင်ပါဘူး” လို့ ပြောတယ်။
ရခိုင့်တပ်တော် (AA) ဟာ ရခိုင်နိုင်ငံတော်တည်ထောင်မယ်ဆိုတဲ့ ကြွေးကြော်ချက်ကို ၂၀၁၇ နောက်ပိုင်းမှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ တပ်မတော်က AA အဖွဲ့ ခြေကုတ်ယူထားတဲ့ တပ်စခန်းတွေကို သိမ်းပိုက်နေတယ်လို့ သတင်းထုတ်ပြန်နေပြီး နိုင်ငံတော်အစိုးရကလည်း AA ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားပါတယ်။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကလည်း AA ရဲ့ အိမ်မက်တွေ ဖြစ်လာမှာမဟုတ်ဘူးလို့ သတင်းစာရှင်းလင်းပွဲတွေမှာ အတိအလင်း ပြောဆိုထားပါတယ်။
စစ်ပွဲနဲ့ ငြိမ်းချမ်းရေးတွေကို လေ့လာစောင့်ကြည့်နေတဲ့ ငြိမ်ချမ်းရေးနဲ့လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု(MIPS) ရဲ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးကတော့ လက်ရှိအချိန်မှာ AA ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ Arakan Dream ကို အတိအကျပြောဆိုဖို့ ခက်ခဲတယ်လို့ မော်ကွန်းကို ပြောပါတယ်။
“2020 Arakan Dream မှာ ပါတဲ့ဟာတစ်ခုက မြောက်ဦးမှာ ဌာနချုပ်လုပ်ဖို့ဆိုပြီးတော့ သူတို့ ရည်မှန်းချက် ထားထားတာ ရှိတယ်။ ဒါပေမဲ့ လက်ရှိအနေအထားအရဆိုရင်တော့ မြောက်ဦးမှာ နယ်မြေတစ်ခုကို ခြေကုတ်လုပ်ဖို့ဆိုတာက တော်တော်မလွယ်ဘူး။ မလုပ်ခဲ့ဘူးလားဆိုတော့ လုပ်ခဲ့တာ ရှိတယ်။ ကြိုးစားခဲ့တာ ရှိတယ်” လို့ ဒေါက်တာမင်းဇော်ဦးက ပြောတယ်။
၂၀၁၉ မှာ မြောက်ဦးမှာရှိတဲ့ ရဲစခန်းနဲ့ တပ်မတော်ရဲ့နေရာတွေကို AA အဖွဲ့က အင်အားအလုံးအရင်းနဲ့ ဝင်တိုက်ခဲ့တာမျိုးရှိပေမယ့် မြေပြန့်တွေများနေတာကြောင့် မြောက်ဦးမှာ ဌာနချုပ်လုပ်မယ့်ကိစ္စက မလွယ်ကူနိုင်ဘူးလို့ ဒေါက်တာမင်းဇော်ဦးက သုံးသပ်ပါတယ်။
လက်ရှိအချိန်က တိုက်ပွဲတွေ နည်းသွားတယ်ဆိုပေမယ့် ဘာဆက်ဖြစ်မလဲဆိုတာကို မိုးရာသီကုန်တဲ့အထိ စောင့်ကြည့်ရမယ်လို့ သူကပြောပါတယ်။
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ “တော်လှန်သောစစ်ကိုဆင်နွှဲရင်းနဲ့ ကျွန်တော်တို့ ရုပ်ပိုင်းဆိုင်ရာရော တခြားတော်လှန်ရေးပိုင်းဆိုင်ရာရော တော်တော်များများ တည်ဆောက်နိုင်ခဲ့တယ်။ ကျွန်တော်တို့ရခိုင့်တပ်တော်ကို နဂိုထက် အင်အား နှစ်ဆမကအောင် ကျွန်တော်တို့အရေအတွက်အားဖြင့် တည်ဆောက်နိုင်ခဲ့တယ်။ ပြီးရင် ရဲဘော်တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကိုကွပ်ကဲဖို့ အဲဒါတွေ အစစအရာပေါ့၊ ပိုပြီး တည်ဆောက်နိုင်ခဲ့တယ်” လို့ မတ် ၂၆ ရက်က RFA သတင်းဌာနနဲ့အင်တာဗျူးမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
Photo – AA info Desk
#Dailynews