AA ကိုသောင်းကျန်းသူအဖြစ်သတ်မှတ် နှိမ်နင်းရင် ဘာတွေဆက်ဖြစ်လာမလဲ

AA ကိုသောင်းကျန်းသူအဖြစ်သတ်မှတ် နှိမ်နင်းရင် ဘာတွေဆက်ဖြစ်လာမလဲ

ကျော်ဇေယျ မေးမြန်းသည်

ရက္ခိုင့်တပ်မတော် (Arakan Army-AA) ကိုသောင်းကျန်းသူအဖြစ်သတ်မှတ်ပြီးထိရောက်စွာ နှိမ်နင်းဖို့ တပ်မတော်ကို သမ္မတရုံးကညွှန်ကြားလိုက်တယ်လို့ ဇန်နဝါရီ ၇ ရက်ကသမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက မီဒီယာတွေကို ပြောဆို ခဲ့ပါတယ်။ ဒီလိုမီးစိမ်းပြလိုက်တဲ့အတွက် ဘယ်လိုသက်ရောက်မှုတွေရှိနိုင်မလဲ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပေါ် ဘယ်လို ထိခိုက်နိုင်မလဲ ဆိုတာကိုသိရဖို့ နိုင်ငံရေးလေ့လာသူဦးသန်းစိုးနိုင်၊ ပြည်ထောင်စုအင်စတီကျုရဲ့ သုတေသန ညှိနှိုင်းရေးမှူး ဒေါက်တာစိုင်းဦးနဲ့ ရခိုင်အမျိုးသားပါတီအထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်တို့ကို မော်ကွန်းက မေးမြန်းထား ပါတယ်။ အောက်ဖော်ပြပါတို့မှာအဆိုပါ မေးမြန်းမှုတွေထဲကအချို့ကိုထုတ်နှုတ်တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။

Photo-Kaung Htet San

ဦးသန်းစိုးနိုင် ( နိုင်ငံရေးလေ့လာသုံးသပ်သူ)

“ရခိုင်မှာအာဆာ(ARSA)တွေ လာရောက်ပြီးတော့ ရဲကင်းတွေကိုတိုက်တုန်းက တပ်မတော်ကထိုးစစ်ဆင်ခဲ့သလို အခုအခါ မှာလည်း ပြင်းထန်တဲ့ထိုးစစ်တွေ ရခိုင်ဒေသမှာ ကြုံရတော့မယ်လို့ ထင်ပါတယ်။
“မကြာသေးခင်ကပဲ ကျွန်တော် သတင်းဌာနတစ်ခုမှာပြောပါတယ်။ AA အဖွဲ့အနေနဲ့ အမျိုးသားရေးလုပ်ငန်းစဉ် ပေါ်က နေပြီးတော့ ရခိုင်သမ္မတနိုင်ငံထူထောင်ရေးလုပ်ငန်းစဉ်လမ်းကြောင်းကို ဆက်ပြီးလျောက်မယ်ဆိုရင်တော့ ရခိုင်ဟာ ဆာရာဂျေဗိုလို၊ ယူဂိုဆလပ်မှာလိုအတော်ကို ပြင်းထန်တဲ့စမ်းသပ်မှုတွေ၊ ဖြိုခွင်းမှုတွေနဲ့ ကြုံရလိမ့်မယ်လို့ ဟောကိန်းထုတ် လိုက်ပါတယ်။ ဒီဟောကိန်းဟာသိပ်မကြာခင်မှာပဲမှန်လာတယ်။ အခုအဲဒီဟောကိန်းအတိုင်း ဆက်ပြီးဖြစ်တော့မယ့်အလား အလာတွေလို့ ကျွန်တော် မြင်ပါတယ်။

“ဆိုလိုတာကတော့ အာဆာကလည်း မြန်မာ့တပ်မတော်ကိုတိုက်တယ်။ AA ကလည်း မြန်မာ့တပ်မတော်ကိုတိုက်တယ်။ သီးခြားဒီလိုပဲသဘောထားလာခဲ့ကြတာ။ ဒါပေမဲ့ တိုက်ပုံတိုက်နည်းနဲ့ အချိန်အခါတွေနဲ့ စနစ်တကျရွေးချယ်ပြီးတော့ တိုက်ကွက်ဆင်လုပ်လာတဲ့အတွက် အဲဒီအင်အားနှစ်ခုကို သောင်းကျန်းသူအင်အားတစ်ခုအဖြစ်သတ်မှတ်တာရယ်၊ နောက်တစ်ခုက အာဆာကို ၂၀၁၇ က တပ်မတော်ကဖြိုခွင်းသလိုပဲ၊ အခုအခါမှာလည်း AA ကို ဖြိုခွင်းလိမ့်မယ်။ အဲဒီအခါ ကျရင် တစ်နွယ်ငင်တစ်စင်ပါ ဗမာပြည်ရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ မြောက်ပိုင်းအဖွဲ့အနေနဲ့ပါ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး စဉ်းစားရလိမ့်မယ်။ ဒီအခါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ အတော်ကိုရှုပ်ထွေးပြီးတော့ နောက်ဆုတ်သွား လိမ့်မယ်လို့ ကျွန်တော်တော့မြင်မိပါတယ်။

“ဧပြီလအထိစစ်ရပ်စဲထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုပါ သွားထိခိုက်လိမ့်မယ်။ အခုက စစ်တိုင်းငါးတိုင်းမှာက စစ်ရေး လှုပ်ရှားမှု မရှိတော့ဘူးလေ။ တပ်မတော်ဟာအနောက်ပိုင်းတိုင်းစစ်ဒေသကို ဘာလို့ချန်ထားသလဲဆိုတဲ့ အဓိပ္ပါယ်က အခုပေါ်သွားတာပေါ့ဗျာ။ ဒီလိုပေါ်သွားအောင် AA ကလည်းဖန်တီးလိုက်တာကိုး။

“ဒီနေရာမှာအာဆာနဲ့ AA ကိုသောင်းကျန်းသူအဖြစ်ထားမှာလား။ ဒါမှမဟုတ် မဟာမိတ်အင်အားစုအဖြစ် ထားမှာလား။ အဲဒီလိုသာသဘောထားမယ်ဆိုရင်တော့ မြောက်ပိုင်းနဲ့ ဆက်လက်ဆွေးနွေးကြရမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေပါ ထိခိုက်ကုန်တော့မှာပဲ။ နောက်တစ်ခုကအာဆာကိုချေမှုန်းတာထက် ပိုပြီးပြင်းထန်တဲ့ ချေမှုန်းမှုတွေနဲ့ AA ဟာရင်ဆိုင်ရနိုင် တယ်လို့ ကျွန်တော်ယူဆပါတယ်။ ဒီဟာတွေဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိတ်မကောင်းစရာအနေအထားလို့ ယူဆပါတယ်။

“AA အနေနဲ့ ရခိုင်သမ္မတနိုင်ငံထူထောင်ရေးလမ်းကြောင်းကို လျှောက်မှာလား။ အခြားတိုင်းရင်းသားတွေနဲ့အတူ ဖက်ဒရယ်ပြည်ထောင်စုလမ်းကြောင်းကိုလျှောက်မှာလားဆိုတာ ရွေးရတော့မယ်။ ရွေးချယ်တာမှားရင်တော့ ရခိုင်တိုင်းရဲ့ ကံကြမ္မာဟာ အတော်ကိုဆိုးဆိုးရွားရွားရင်ဆိုင်ရလိမ့်မယ်။ ဒီနေရာမှာ ကျွန်တော် အာဆာအကြောင်းကို ထည့်မပြော သေးပါဘူး။ ဒါပေမဲ့ အခုအစိုးရက တရားဝင်ထည့်ပြောလာပြီဆိုရင်တော့ ရခိုင်တိုင်းရဲ့ ပြဿနာဟာ အလွန်ရှုပ်ထွေး တဲ့ပြဿနာ ဖြစ်လာမယ်။ နောက်ပြီးဒီဟာသည် ကျွန်တော်တို့တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ထိန်းကျောင်းရမယ့် အနေအထားထိရောက်လာတဲ့အတွက် တပ်မတော်ဟာလည်းဒီကိစ္စကိုကိုင်တွယ်တော့မှာပဲ။ ဒါကြောင့်လည်းသမ္မတရဲ့ ခွင့်ပြုတဲ့ စကားလုံးပေါ်လာတယ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်။”

Photo-Kaung Htet San

ဒေါက်တာစိုင်းဦး (သုတေသနညှိနှိုင်းရေးမှူး၊ ပြည်ထောင်စုအင်စတီကျု)

“နယ်စပ်လုံခြုံရေးကိုအကြောင်းပြပြီး အနောက်ခြမ်းမှာ AA နဲ့ စစ်တိုက်မယ်ဆိုရင်တော့ ငြိမ်းချမ်းရေးရဖို့က အခက်အခဲ ရှိနိုင်တာပေါ့။ ကျွန်တော်တို့မြင်တာကတော့ တစ်ဖွဲ့လောက်၊ တစ်နေရာလောက်ချန်ထားပြီး ငြိမ်းချမ်းရေးလုပ်မယ်ဆိုရင် ဒီချည်းကပ်မှုကမမှန်ဘူး။ တပ်ကသူ့ရဲ့ လေးလကြာအပစ်ရပ်ကြေညာချက်မှာဘာကြောင့် ဒီဒေသကိုချန်ထားသလဲဆိုတာ မရှင်းဘူး၊ မရှင်းပြထားဘူး။ ဒီအတွက် တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က မေးခွန်းတွေရှိလာတာပေါ့။

“စစ်ဦးစီးချုပ်တစ်ဦးတည်းရှိတဲ့၊ တစ်ဖွဲ့တည်းဖြစ်တဲ့ AA ကိုမြောက်ပိုင်းမှာတော့ ငြိမ်းချမ်းရေးစားပွဲဝိုင်းအတွက် တံခါး ဖွင့်တယ်။ အနောက်ပိုင်းမှာတော့ သောင်းကျန်းသူအဖြစ် နှိမ်နင်းမယ်လို့ဆိုရင် ဒါကပိုပြီးရှုပ်ထွေးသွားလိမ့်မယ်လို့ မြင်ပါ တယ်။ တစ်ဖက်ကပြောထားတဲ့ လေးလကြာစစ်ရပ်စဲမှုရဲ့ရည်ရွယ်ချက်ဟာ ရောက်ချင်တဲ့နေရာကိုမရောက်နိုင်ဘူး ဖြစ်သွားလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုရင် AA က သဘောအားဖြင့် ရခိုင်လူထုတစ်ချို့ရဲ့ ထောက်ခံမှုကိုရထားတယ်။ ရခိုင်လူထုတစ်ချို့အမြင်မှာတော့ အာဆာနဲ့ AA ဟာဘာမှမဆိုင်တဲ့အဖွဲ့တွေ ဖြစ်တယ်ဆိုတာကို မြင်ကြတယ်။ ဒီဒေသရဲ့ အရှုပ်အထွေးကိုတော့ ကျွန်တော်တို့မသိဘူး။ ဒါပေမဲ့ အခု AA ကိုလည်း အာဆာလိုသတ်မှတ်လိုက်ရင်တော့ ဒီဘက်က ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုလုံး၊ ဆွေးနွေးပွဲတစ်ခုလုံးရှေ့ဆက်သွားဖို့ အဟန့်အတားတော့ ဖြစ်သွားမယ်ထင်တယ်။ ဘာကြောင့်လဲဆိုရင် AA ဟာသူ့ဘာသာသီးသန့်လှုပ်ရှားနေတဲ့အဖွဲ့ မဟုတ်ဘူး။ ဒီဘက်ကမြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ ဆက်စပ်ပြီးတော့ ရပ်တည်တဲ့အခါ ကျတော့လေ။

“ငြိမ်းချမ်းရေးဖြစ်စဉ်မှာ AA ကိုချန်ထားခဲ့ဖို့တော့ မြောက်ပိုင်းမဟာမိတ်အဖွဲ့က ဆန္ဒရှိမှာမဟုတ်လောက်ဘူး။ AA ကိုချန်ထားခဲ့ရင် ပြဿနာကိုတစ်ပိုင်းတစ်စဖြေရှင်းတာပဲ။ ဒါပေမဲ့ ဒါဟာလည်းတပ်မတော်ဘက်ကလုပ်နေကျပုံစံမျိုးတော့ ဖြစ်တယ်။ တစ်ဖွဲ့ကိုချန်ထားမယ်၊ တစ်စိတ်တစ်ပိုင်းချန်ထားမယ်ဆိုတာတွေပေါ့။ သဘောကတော့ အလုပ်ကိုမပြီးမပြတ် ဘဲထားခဲ့တာပေါ့။ ဒီလိုဟာကဘယ်တော့မှ ပုံစံမကျဘူးပေါ့။

“ကျွန်တော်အမြင်ကတော့ ရဲစခန်းကို AA သွားတိုက်တာကိုသဘောကျလို့တော့မဟုတ်ဘူး။ ဒါကဒေသတွင်းသူတို့ တိုက်ခိုက်တာပေါ့လေ။ ဒီမြောက်ပိုင်းမှာဆိုရင် မန္တလေး-မူဆယ်လမ်းကိုတိုက်ခိုက်တာသည် နိုင်ငံတော်ကိုအကြီးအကျယ် ထိခိုက်ခဲ့တဲ့ကိစ္စပဲလေ။ ကုန်သွယ်ရေးလမ်းကြောင်းကြီးတစ်ခုလုံး ပိတ်သွားတယ်လေ။ ဒီလိုပြဿနာတောင် နောက်ပိုင်း ပြန်လည်ညှိနှိုင်းတော့ ပြေလည်သွားတယ်။
“အခုကဒီရဲစခန်းကတော့လေ၊ ဖြေရှင်းတာကတော့ ဖြေရှင်းရမယ်။ AA အလွန်ဆိုရင်လည်းဖြေရှင်းရမယ်။ ဒါပေမဲ့ ဒီလိုမျိုး သောင်းကျန်းသူကင်ပွန်းတပ်ပြီး စစ်ဆင်မယ်ဆိုရင်တော့ ဒါကတိုက်ပွဲအသစ်တစ်ခုကို ပြန်စတာပဲလို့ မြင်ပါတယ်။ တိုက်ပွဲအသစ်စတယ်ဆိုတဲ့သဘောက တပ်မတော်ကသူပြောထားတဲ့ အပစ်ရပ်တယ်ဆိုတဲ့စကားကို သူပြန်ရုတ်သိမ်းတယ် ဆိုတဲ့သဘောပဲပေါ့။

“ငြိမ်းချမ်းရေးဖြစ်စဉ်ကတော့ တုန့်နှေးသွားမယ်။ အခက်အခဲတွေ အများကြီးတွေ့သွားမယ်။ ဘာဖြစ်လို့လဲဆိုရင် နိုင်ငံရေးအရ ရှေ့တက်လာတော့မယ်ဆိုတဲ့ မျှော်လင့်ချက်လေးတွေဟာအခုလိုလုပ်ရင် ပြန်ဆုတ်သွားမယ်။ ဘာဖြစ်လို့ လည်းဆိုရင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ အနေအထားဟာအခုလောလောဆယ် အသိအမှတ်ပြု မခံရတဲ့ အဖွဲ့တွေကို အသိအမှတ်ပြုခံရအောင် သူတို့ကြိုးစားလုပ်နေတာ။ တစ်နည်းအားဖြင့် ဒီလိုလုပ်တာကိုတော့ နိုင်ငံရေးအရကောင်း တယ်လို့ ကျွန်တော်တို့ကမြင်တယ်။ ဒါပေမဲ့ အခုမြောက်ပိုင်းမဟာမိတ်ထဲက AA ကိုချန်ထားခဲ့မယ်၊ AA ကိုတစ်ဖက်ကနေ စစ်ဖိအားပေးမယ်ဆိုရင် ဒီနိုင်ငံရေးဟာအခက်အခဲရှိသွားမှာပေါ့။ သဘောကတစ်ဖက်ကတော့ ခေါ်သလိုနဲ့ တစ်ဖက်က တံခါးပိတ်ထားတဲ့သဘောဖြစ်နေတယ်။

“ဒီလိုလုပ်ပုံကတော့ အဖွဲ့အစည်းတစ်ခုကိုကင်ပွန်းတပ်ပြီးသူတို့ တိုက်ဖို့လုပ်တာဟာ၊ တပ်က ကြိုက်သလိုဖိအားပေးနိုင် ပြီလို့အချက်ပြတာဟာ ဒါကချည်းကပ်မှု မမှန်ဘူး။ တပ်ကလည်းသူတိုက်ချင်တာကို အစိုးရကိုအသုံးချသလား၊ ဒီလိုလည်း မြင်ပါတယ်။ အားလုံးသိတဲ့အတိုင်းဒီနိုင်ငံမှာရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဟာ တန်းတူညီမျှရေး အတွက် တိုက်ပွဲဝင်နေတယ်ဆိုတာ။ ဒါတွေဟာ နိုင်ငံရေးအရဖြေရှင်းလို့ရတယ်လို့ ပြောပေမယ့် တစ်ဖက်မှာ ချည်းကပ်တဲ့ ပုံစံက မမှန်ဘူးလို့မြင်တယ်။”

ဦးထွန်းအောင်ကျော် ( အထွေထွေအတွင်းရေးမှူး၊ ရခိုင်အမျိုးသားပါတီ)

“ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေပြင်းထန်လာတယ်ဆိုတာကတော့ ဘယ်သူမှအငြင်းမပွားဘူး။ တိုက်ပွဲတွေ တိုက်ကြတယ် ဆိုတာကလည်း မကြာခင်ကပဲ တပ်မတော်ကလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမယ်ဆိုတာ ပြောထားတာရှိတယ်။ တိုင်းရင်းသားအဖွဲ့တွေကလည်းလက်ခံတယ်ဆိုပြီး ကြေညာထားတာရှိတယ်။

“ဒါပေမဲ့ တပ်မတော်ဘက်ကအပစ်ရပ်စဲတဲ့ စစ်တိုင်းကြီးတွေကြေညာတဲ့အခါ စစ်တိုင်းကြီးငါးခုပဲပါပြီးတော့ ရခိုင်ပြည်နယ် အခြေခံတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ပါလာတာကိုမတွေ့ရဘူး။ ဒီလိုမပါတဲ့အချက်တွေကြောင့်ပဲ စစ်ရေးပဋိပက ပိုမြင့် လာတယ်လို့ ကျွန်တော်တို့ မြင်ပါတယ်။

“ဒီကြားထဲမှာ ဇန်နဝါရီ လေးရက်နေ့ကရဲကင်းတွေကို AA က တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်ပြီး အစိုးရက ဒါကို အကြမ်း ဖက်လုပ်ရပ်လို့မြင်တယ်။ ဒီတိုက်ပွဲကိုအခြေခံပြီးအစိုးရအနေနဲ့ AA ကိုအကြမ်းဖက်သောင်းကျန်းသူလို့ ကြေညာမယ် ဆိုရင်တော့ ကျွန်တော်တို့အမြင်ကတော့ ရခိုင်ပြည်နယ်မှာစစ်ပွဲအရှိန်အဟုန်တွေ ပိုပြီးမြင့်လာမယ်လို့ မြင်တယ်။ ဒါပေမဲ့ ထိခိုက်ခံစားရမှာကတော့ အပြစ်မဲ့တဲ့ ကျွန်တော်တို့တိုင်းရင်းသားပြည်သူတွေပါပဲ။

“အခုတိုက်ပွဲတွေဖြစ်နေတဲ့ နေရာတွေမှာနေထိုင်နေတာအများစုက ခမီတိုင်းရင်းသားတွေ၊ မြိုတိုင်းရင်းသားတွေ နေထိုင်တဲ့ တောင်ကြားတွေ၊ တောင်ပေါ်တွေမှာ ဖြစ်တာတွေများတယ်။ ဒီဟာကြောင့် သူတို့တွေဟာအင်မတန် ဘဝနေထိုင်မှုတွေ နိမ့်ကျရတဲ့အထဲမှာမှ ပိုပြီးတော့စစ်ဒဏ်ကိုခံရမယ်ဆိုရင် သူတို့တွေအတွက် အများကြီးစိုးရိမ်စရာကောင်းပါတယ်။

“ဒီပြဿနာဟာ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ဘယ်လောက်ထိခိုက်နိုင်သလဲဆိုရင် မြောက်ပိုင်းမဟာမိတ်ထဲမှာပါဝင်တဲ့ KIA (ကချင်လွတ်မြောက်ရေးတပ်မတော်)တို့၊ TNLA (တအာန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်) တို့၊ MNDAA (မြန်မာ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်) တို့ကအပစ်အခတ်ရပ်စဲတာကို ကြိုဆိုတဲ့ ကြေညာချက်တွေထဲမှာ သူတို့ရဲ့တောင်းဆိုချက်တစ်ခုက AA နဲ့ဖြစ်တဲ့ လက်နက်ကိုင်တိုက်ပွဲကိုရပ်စဲပေးရမယ်ဆိုတဲ့ အချက်တစ်ချက် ပါတာကိုလည်း ကျွန်တော်တို့သတိထားမိပါတယ်။ သူတို့ရဲ့တောင်းဆိုချက်ကရှင်းနေပါတယ်။ AA နဲ့ အပစ်အခတ် ရပ်စဲပေးရမယ်လို့ သူတို့ကဆိုပါတယ်။ တကယ်လို့များ AA နဲ့ အပစ်အခတ်မရပ်စဲဘဲနဲ့ စစ်ပွဲတွေကို အရှိန်ထက်မြှင့်မယ် ဆိုရင် မဟာမိတ်အဖွဲ့တွေရဲ့ ကြေညာချက်အပေါ်မှာကြည့်ရင် ငြိမ်းချမ်းရေးစားပွဲဝိုင်းကို ရောက်မှရောက်နိုင်ပါ့ တော့မလား လို့ မြင်ပါတယ်။”

  • #Kyaw_Zayya
  • #mawkun
  • #magazine
  • #chronicle



အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."