Photo : Kaung Myat Moe
၂၀၁၄-နိုဝင်ဘာလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ် (၁၈) စီးပွားရေးဆောင်းပါး ဖြစ်ပါသည်။
ကောင်းမြတ်မိုး ရေးသည်။ သီတာဝင်း ပံ့ပိုးသည်။
မြန်မာနိုင်ငံက ပြည်ပပို့ကုန်တွေထဲမှာ သွက်သွက်လက်လက် ရောင်းတန်းဝင်ခဲ့ဖူးတဲ့ ကုန်ပစ္စည်းတစ်ခု ရှိ ပါတယ်။ အဲဒီပို့ကုန်ရဲ့ အဓိကဝယ်လက်ကတော့ တရုတ်နိုင်ငံပါ။ တရုတ်နိုင်ငံရဲ့ဈေးကွက်မှာ မြန်မာနိုင်ငံရဲ့ အဲဒီ ပို့ကုန်ဟာ ကာလတစ်ခုအထိ နေရာယူထားပြီး မြန်မာနဲ့ယှဉ်ပြိုင်နိုင်တဲ့ အခြားနိုင်ငံဆိုလို့ မရှိသလောက် ရှားပါးခဲ့ပါတယ်။
အဲဒီထွက်ကုန်ဟာ မြန်မာနိုင်ငံရဲ့ သစ်တောတွေ၊ သဘာဝ ဓာတ်ငွေ့တွေ၊ ကျောက်မျက်ရတနာတွေ မဟုတ်ပါဘူး။ နောက်ဆုံး ကုန်ကုန်ပြောရရင် မြေပေါ်၊ မြေအောက်ကနေထွက်တဲ့ သယံဇာတတွေ တစ်ခုမှမဟုတ်သလို ထုတ်ကုန်လည်းမဟုတ်ပါဘူး။
ဒီပို့ကုန်ကတော့ မြန်မာအမျိုးသမီးတွေ အမြတ်တနိုးတန်ဖိုးထားခဲ့ကြတဲ့ အရာဝတ္တုတစ်ခုပေါ့။ ခေတ်အဆက်ဆက် သီချင်းတွေ၊ ကဗျာတွေထဲမှာတောင် အဲဒီပစ္စည်းရဲ့ကောင်းခြင်းအင်္ဂါတွေကို ဖွဲ့နွဲ့သီကုံးခဲ့ကြပါတယ်။ အဲဒါကတော့ မြန်မာအမျိုးသမီးတွေ ဦးခေါင်းထက်က ဆံပင်ရှည်တွေပါပဲ။
အရည်အသွေးကောင်းတဲ့ မြန်မာ့ဆံပင်တွေကို အကြီးဆုံး ဝယ်လက်ဖြစ်တဲ့ တရုတ်ကကြိုက်ခဲ့လို့ ဈေးကွက် ကောင်းခဲ့ပေမယ့် နောက်ပိုင်းမှာ အကြံအဖန်တွေ လုပ်လာတာကြောင့် မြန်မာနိုင်ငံက ဆံပင်တွေဟာ ဈေးကွက်မှာ နာမည်ပျက်လာပါတော့တယ်။
ဒီကနေ့ ရောင်းအားကတော့ ၂၀ဝ၀ ပြည့်နှစ်ဝန်းကျင် လောက်နဲ့ယှဉ်ရင် ဆယ်ဆလောက်ထိုးကျသွားတယ်လို့ ကျွန်တော်တို့ တွေ့ဆုံမေးမြန်းခဲ့တဲ့ ဆံပင်အဝယ်ဒိုင် ဆယ်ခုကျော်က ဆိုပါတယ်။
ရွှေခေတ်ကို လက်လွှတ်လိုက်ရပြီ
မြန်မာနိုင်ငံမှာ ဆံပင်ဖြတ်ရောင်း၊ ဖြတ်ဝယ် ဈေးကွက်ရဲ့ ရွှေခေတ်လို့ ပြောရမယ့်အချိန်ကတော့ ၂၀ဝ၀ ပြည့်နှစ်ဝန်းကျင် လောက်ဖြစ်တယ်လို့ သာကေတမြို့နယ်က ဝမ်လီဆံပင်အဝယ် ဒိုင်မှ ကိုနေလင်းက ပြောပါတယ်။
၂၀ဝ၀ ပြည့်နှစ် ဝန်းကျင်ကစပြီးတော့ ဆံပင်ရွှေခေတ်လို့ တင်စားခေါ်ဝေါ်နိုင်လောက်အောင် လုပ်ငန်းတွေ တွင်ကျယ်လာ ပါတယ်။ ဝယ်လက်ဖြစ်တဲ့ တရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံက ဆံပင်တွေကို ရရင်ရသလောက် သိမ်းကျုံးပြီး ဝယ်ယူနေတဲ့ အချိန်ပေါ့။ ဒါကြောင့်ပဲ ဒီလုပ်ငန်းကို လုပ်ကိုင်မယ့်သူတွေ တဖြည်းဖြည်း များပြားလာပါတယ်။
မြို့ပေါ် လူနေရပ်ကွက်တွေကနေ ဝေးလံခေါင်သီတဲ့ ကျေးရွာဇနပုဒ်တွေအထိကို ဆံပင်ဝယ်သူတွေဆင်းပြီး သူ့ထက်ငါ ဝယ်ယူကြပါတယ်။
နောက်ပိုင်း ဝယ်လိုအားကောင်းနေတာကြောင့် နည်းမျိုးစုံနဲ့ အကြံအဖန်လုပ်လာကြပါတော့တယ်။ အကြံအဖန်လုပ်တဲ့ နည်းတွေကတော့ ဆံပင်အရှည်ထဲမှာ အတိုရောတဲ့နည်း၊ အလေးချိန်တက်အောင်လုပ်တဲ့နည်း၊ ဆံပင်ပိုရှည်ထွက်လာအောင် အတိုအရှည်ဆွဲတဲ့ နည်းတွေကိုအများဆုံးအသုံးပြုကြပါတယ်။
ဆံပင်အရှည်ထဲမှာ အတိုရောတဲ့နည်းကတော့ ဥပမာ-လက်မ ၂၀ အရှည် ဆံပင်အစည်းထဲမှာ ဆယ်လက်မ၊ ၁၂ လက်မ ရှိတဲ့ ဆံပင်အတိုတွေကို ရောထည့်ကြတဲ့ နည်းပါ။
အလေးချိန်တက်အောင်လုပ်တဲ့နည်းကတော့ ဆံပင်တွေကို အလှဆီ၊ ကော်မှုန့်စတာတွေ ရောနယ်ကာ အလေးချိန်တက် အောင်လုပ်တဲ့နည်းပါ။
ဒီနည်းတွေက ဟိုးအရင်ခေတ်တွေထဲက ရှိခဲ့ပေမယ့်၂၀ဝ၅၊ ၂၀ဝ၆ ဝန်းကျင်မှာ အများအပြားလုပ်လာတာကြောင့် ဈေးကွက် မှာ နာမည်ပျက်လာရတာဖြစ်တယ်လို့ ဆံပင်ရောင်းဝယ်သူတွေ က ဆိုပါတယ်။
မြန်မာဆံပင်လောက ပျက်သွားတာက “ကိုယ့်လောဘနဲ့ ကိုယ် ပြန်အသတ်ခံလိုက်ရတာ”လို့ ကိုနေလင်းက မှတ်ချက်ပြုပါတယ်။
အင်းစိန်မြို့နယ်က အမည်မဖော်လိုသူ ဆံပင်အဝယ်ဒိုင် တစ်ယောက်က “အရင်တုန်းကတော့ အလှဆီနဲ့ ကော်မှုန့်တွေ ရောပြီး ရောင်းလို့ရတယ်။ အခု တရုတ်က အဲဒီလိုဆို မဝယ်တော့ ဘူး။ သဘာဝအတိုင်းမှဝယ်တယ်။ ဒါကြောင့် အရောင်းအဝယ် မကိုက်တော့ဘူး”လို့ဆိုပါတယ်။
လက်ရှိဆံပင်ဈေးကွက်မှာ တစ်ပေရှည်တဲ့ဆံပင် တစ်ဆယ်ကျပ်သားဆိုရင် ကျပ်တစ်သောင်းနှစ်ထောင်၊ ၁၅ လက်မအရှည် တစ်ဆယ်ကျပ်သား ကျပ်နှစ်သောင်း၊ လက်မ ၂၀ တစ်ဆယ်ကျပ် သား ကျပ်သုံးသောင်းဝန်းကျင်နဲ့ အရောင်းအဝယ် ဖြစ်နေပါ တယ်။ လက်မ၂၀ထက်ရှည်တဲ့ ဆံပင်တွေကတော့ ဈေးကြီးသွားတာကြောင့် ပြည်ပဆံပင် ဈေးကွက်မှာ ဝယ်သူရှားပါးတယ်လို့ ဆိုပါတယ်။
ဒီလို ဈေးသတ်မှတ်ချက်တွေ ရှိပေမယ့်လည်း ဆံပင်အရည်အသွေးပေါ်မူတည်ပြီး ဈေးကွာခြားနိုင်ပါတယ်။ ဥပမာ-သက်ကြီးရွယ်အိုတွေရဲ့ဆံသားဟာ ဆံပင်မှာရှိသင့်တဲ့ အရည်အသွေးဖြစ်တဲ့ အဆီဓာတ်တွေ ခန်းခြောက်ကုန်ဆုံး သွားတတ်ပြီး လူငယ်တွေရဲ့ ဆံပင်သားကတော့ အဆီဓာတ်တွေ ပြည့်ဝနေသေးတဲ့အတွက် လူငယ်ဆံပင်တွေက သက်ကြီးရွယ်အိုဆံပင်တွေထက် ပိုပြီးတော့ ဈေးကောင်းရပါတယ်။
ရောင်းတန်းဝင်တဲ့ ဆံပင်အရှည် တစ်တောင်နီးပါးလောက် ရအောင် ဆံပင်သန်တဲ့ အမျိုးသမီးတွေဆိုရင် အနည်းဆုံး သုံးနှစ်လောက် အချိန်ယူရပါတယ်။ ဆံပင်မသန်တဲ့သူဆိုရင်တော့ အနည်းဆုံး ငါးနှစ်လောက်အထိ ကြာသွားတတ်ပါတယ်။
အင်းစိန်မြို့နယ်၊ လှိုင်မြစ်လမ်းမပေါ် အင်းစိန်ခုံးတံတားအဆင်းက ဆံပင်အဝယ်ဒိုင်လုပ်သက် ဆယ်နှစ်သက်တမ်း ရှိတဲ့ သီဟဆံပင်အဝယ်ဒိုင်က မဇင်မာအောင်က အခုလိုပြောပြပါတယ်။
“အမေအိုကြီးတွေ အကြောင်းအမျိုးမျိုးနဲ့ လာရောင်း တယ်။ သူတို့ဆံပင်တွေက မကောင်းတော့ဘူး။ ဒါပေမဲ့ ကိုယ့် အမေအရွယ်၊ အဘွားအရွယ်တွေဆိုတော့ အရှုံးခံပြီးပဲ (သူတို့ဆံ ပင်တွေကို) ယူပေးလိုက်တယ်”
photo – kaung myat moe
ဆံပင်တွေ ဘာကြောင့်ဖြတ်ရောင်း
စမ်းချောင်းမြို့နယ်က အသက် ၆၇နှစ်အရွယ် ဒေါ်စောက “ မြန်မာမိန်းကလေးတော်တော်များများက မိမိရဲ့ဆံပင်တွေကို (အသက်တမျှ)တန်ဖိုးထားခဲ့ကြတယ်”လို့ ပြောပြပါတယ်။
ဒေါ်စောတို့ခေတ်က ဆံပင်ကို ဘီးဆံပတ်ပတ်သူကပတ်ကြ၊ ဆံထုံးထုံးသူက ထုံးကြပေါ့တဲ့။ အဲဒီတုန်းက ဆံပင်သန်စွမ်း ကျန်းမာအောင် အုန်းဆီကိုသာအသုံးပြုပြီး ထိန်းသိမ်းခဲ့ကြတယ် လို့ ပြောပြတယ်။
သူကိုယ်တိုင်လည်း ဆံပင်သန်စွမ်းကျန်းမာအောင် ကြိုးစားခဲ့ပြီး ဆံပင်ကိုခါးကျော်အထိ အရှည်ထားဖူးတယ်လို့ လည်း ပြောပြတယ်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ) ခေတ်လောက်ကစပြီး တိုင်းပြည်မငြိမ်သက်မှုနဲ့အတူ စီးပွားရေးကျဆင်း လာခဲ့ တာကြောင့် စားဝတ်နေရေးဖြေရှင်းဖို့ မြန်မာအမျိုးသမီးတွေဟာ သူတို့အရမ်းတန်ဖိုးထားခဲ့တဲ့ ဆံပင်တွေကို ဖြတ်ပြီးရောင်းခဲ့ရတဲ့ အခြေအနေကိုစရောက်ခဲ့ရတယ်လို့ ရန်ကုန်မှာ အခြေစိုက်တဲ့ ဆံပင်အဝယ်ဒိုင်တွေနဲ့ အဲဒီအချိန်ကာလကို ဖြတ်သန်းခဲ့ကြတဲ့ ရှေ့မီနောက်မီလူကြီးတွေက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ဆံပင်ဖြတ်ရောင်းတဲ့ဈေးကွက် ထွန်းကားခဲ့တာကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ဝန်းကျင်လောက်က စ တယ်လို့ ဆံပင်အရောင်းအဝယ်လုပ်သူများက ခန့်မှန်းပြောဆိုကြ ပါတယ်။
အဲဒီအချိန်တုန်းကတော့ ဆံပင်အရောင်းအဝယ်လုပ်တာ ဟာ တခြားကုန်ပစ္စည်းတွေနည်းတူ မှောင်ခို ဈေးကွက်ကသာ လှုပ်ရှားခဲ့ရတာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ တရားဝင်ပို့ လို့ရတဲ့ ကုန်ပစ္စည်းဖြစ်လာပါတယ်။
ရှစ်လေးလုံးအရေးအခင်းပြီးနောက်ပိုင်းမှာတော့ တိုင်းပြည်မငြိမ်မသက်မှုတွေကြောင့် နိုင်ငံစီးပွားရေးကျဆင်းပြီး ဆံပင်ဖြတ်ရောင်းတဲ့ လုပ်ငန်းဟာ စတင်ထွန်းကားလာခဲ့ပါတယ်။
ဆံပင်အရောင်းအဝယ်လုပ်တဲ့သူတွေက ဆံပင်တွေကို မူဆယ်မြို့ ကနေ နယ်စပ်ဂိတ်ကို ဖြတ်ကျော်ကာ တရုတ်နိုင်ငံကို တင်ပို့ပါတယ်။
တရုတ်နိုင်ငံကလည်း ဆံပင်ကုန်ကြမ်းတွေကို ဆံပင်အတုလုပ်ရာမှာ အသုံးပြုပြီး ဥရောပနိုင်ငံတွေနဲ့ အာဖရိကနိုင်ငံတွေကို တင်ပို့ရောင်းချကြပါတယ်။ ကိုရီးယားကလည်း မြန်မာနိုင်ငံက ဆံပင်တွေကို ဝယ်ယူပါတယ်။ တရုတ်ကတော့ အဓိကဝယ်လက်ပါပဲ။
ဆံပင်ဖြတ်ရောင်းသူ သုံးမျိုး
ဆံပင်တွေကိုဖြတ်ပြီး ရောင်းတဲ့ဈေးကွက်မှာ ဆံပင်ရောင်းချတဲ့ လူသုံးမျိုးသုံးစားရှိပါတယ်။
ပထမတစ်မျိုးကတော့ စားဝတ်နေရေး၊ ကျန်းမာရေးစတဲ့ လတ်တလော ဖြေရှင်းစရာကိစ္စတွေအတွက် ဆံပင်ကို ဖြတ် ရောင်းပြီး ဖြေရှင်းကြပါတယ်။
အင်းစိန်မြို့နယ်က အသက် ၂၅ နှစ်အရွယ် မဝင်းမာဆိုရင် ဆံပင်ဖြတ်ရောင်းလာတာ နှစ်ကြိမ်ရှိသွားပါပြီ။ ပထမအကြိမ် ဖြတ်ရောင်းတုန်းကတော့ သူ့အမျိုးသား နေမကောင်းဖြစ်နေတဲ့ အချိန်မှာ ဖြတ်ရောင်းခဲ့တာပါ။
“ပထမတုန်းက ရှက်သလို ခံစားရတယ်။ ဘာလို့လဲဆိုတော့ တစ်ခါမှလည်း မလုပ်ဖူးဘူးဆိုတော့။ ကိုယ့်အသိတွေ တွေ့ သွားရင် ဘယ်လိုပြောကြမလဲဆိုပြီးတော့။ စားစရာမရှိလို့ ဆံပင် တောင် ဖြတ်ရောင်းရတဲ့အထိ ဖြစ်သွားပြီလားဆိုပြီး ပြောကြ မလား စိုးရိမ်တာပေါ့”လို့ သူက ဆိုတယ်။
ဒုတိယအမျိုးအစားကတော့ ဘုရားအတွက်၊ မိဘဆွေမျိုး တွေအတွက် အလှူလုပ်ဖို့ ဆံပင်ကို ဖြတ်ရောင်းကြတာ ဖြစ်ပါ တယ်။ ဒီလိုလူမျိုးတွေကတော့ ခေါင်းတုံးတုံးပြီးလှူဖို့တောင် ဝန် မလေးတဲ့သူတွေ ဖြစ်ကြတယ်လို့ ဆံပင်ဒိုင်တွေက ပြောပြပါတယ်။
အလှူအတန်းအတွက် ဆံပင်ဖြတ်ရောင်းတဲ့သူတွေဟာ မြန်မာ့ရိုးရာ အခါကြီးရက်ကြီးတွေမှာဆိုရင် ပိုများတယ် လို့လည်း သူတို့ကဆိုပါတယ်။
သာကေတမြို့နယ်က ၄၂ နှစ်အရွယ် မမီးမီးဆိုရင် အလှူလုပ်ဖို့အတွက် ဆံပင်ဖြတ်ရောင်းတာ ငါးကြိမ်လောက်ရှိပြီလို့ သူကပြောပြပါတယ်။ သူကတော့ အသက် ၂၅ နှစ်ဝန်းကျင်လောက်က စပြီးတော့ ဆံပင်တွေဖြတ်ရောင်းပြီး ဘုရားလှူခဲ့တယ်လို့ ဆိုပါတယ်။
အခုနောက်ဆုံးဖြတ်ရောင်းလို့ရတဲ့ ငွေကျပ်တစ်သောင်း ရှစ်ထောင်နဲ့ ပြည်ဆံတော်ရှင်ဘုရားမှာ အလှူသွားလုပ်မယ်လို့ သူက ဆိုပါတယ်။
“အတိုင်းမသိဝမ်းသာတယ်။ နောက်နှစ်တွေလည်း ဒီလို အလှူအမြဲလုပ်နိုင်အောင် အစ်မ ကြိုးစားသွားမယ်”လို့ မမီးမီးက ဆိုပါတယ်။
တတိယအမျိုးအစားကတော့ အလှအပအတွက်ဖြတ်ကြတဲ့သူတွေဖြစ်ပါတယ်။ သူတို့ကတော့ အတိုညှပ်ချင်တဲ့ သူတွေက ဖြတ်ပြီး ရောင်းကြတာဖြစ်ပါတယ်။
အထက်ပါ သုံးမျိုးသုံးစားထဲမှာမှ ပထမနဲ့ ဒုတိယ အမျိုး အစားကတော့ အများဆုံးဖြစ်တယ်လို့ ဆံပင်အဝယ်ဒိုင် တွေက ဆိုပါတယ်။
ဆံပင်ခေတ်ကောင်းချိန်က ဘတ်စ်ကားပေါ်မှာ ဆံပင်ရှည်တဲ့ အမျိုးသမီးတွေထံက ဆံပင်ခိုးဖြတ်တဲ့ ဖြစ်ရပ်တွေလည်း ရှိခဲ့ပါတယ်။
ပြိုင်ဘက်နိုင်ငံများ
မြန်မာဆံပင်ဈေးကွက် ကျရှုံးရတာဟာ အကြံအဖန်တွေ လုပ်တာတစ်ခုတည်းကြောင့်တော့ မဟုတ်ပါဘူး။ အရင်က တရုတ်ဈေးကွက်ကို ဆံပင်ရောင်းချတဲ့ နိုင်ငံက မြန်မာတစ်နိုင်ငံတည်း ရှိခဲ့ပေမယ့် အခုအချိန်မှာ အနည်းဆုံး ရှစ်နိုင်ငံ လောက်က မြန်မာနည်းတူ တရုတ်ဈေးကွက်ကို ဝင်လာနေပါ တယ်။
အိန္ဒိယနိုင်ငံက တရုတ်ဈေးကွက်ထဲကို ဝင်လာသလို အခြားဖွံ့ဖြိုးဆဲနိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်၊ လာအိုနဲ့ ကမ္ဘောဒီး ယားနိုင်ငံတွေကလည်း တရုတ်ရဲ့ဆံပင်ဈေးကွက်ထဲကို ဝင်ရောက်လာကြပါပြီ။
လက်ရှိ တရုတ်ဈေးကွက်မှာတော့ ဆံပင်အရည်အသွေး ကောင်းတဲ့ အိန္ဒိယနိုင်ငံက ဆံပင်နဲ့ ဗီယက်နမ်နိုင်ငံက ဆံပင်တွေ ကတော့ နံပါတ်တစ်နေရာကို ရောက်ရှိနေပါတယ်။
“အပြိုင်အဆိုင်အရမ်းများလာတဲ့အချိန်မှာ ဒီအတိုင်းသာ ဆက်ပြီးခွင်ဖန်နေကြရင်တော့ ကျွန်တော်တို့ကို သူတို့(တရုတ်)က ထားခဲ့ကြမှာပဲ”လို့ ကိုနေလင်းက ပြောပါတယ်။
၂၀ဝ၈၊ မေမှာ လူပေါင်း တစ်သိန်းလေးသောင်းကျော် သေကျေပျောက်ဆုံးစေခဲ့တဲ့ နာဂစ်မုန်တိုင်း ဖြစ်ပွားပြီးနောက်မှာ မုန်တိုင်းဒဏ် အဆိုးရွားဆုံးခံခဲ့ရတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဘက်က ဆံပင်တွေ တော်တော် ဝင်လာကြတယ်လို့ ရန်ကုန်က ဆံပင်ဒိုင်တွေက ဆိုပါတယ်။
သို့သော် ပြဿနာက အောက်ခြေက ဆံပင်တွေတက်လာ သလောက် ပြည်ပဝယ်လက်က အရင်လို မကောင်းတော့တဲ့ အတွက်ကြောင့် ဒိုင်တွေဆီမှာ ဆံပင်တွေ ပုံနေကြတယ်လို့ ဆိုပါတယ်။
အခုနောက်ပိုင်းမှာလည်း ဆံပင်အဝယ်ဒိုင်တွေရဲ့ လက်ထဲမှာ ရောင်းမထွက်တဲ့ ဆံပင်တွေ အများအပြား ရှိနေတယ်လို့ ဆိုပါတယ်။ ရောင်းမထွက်တော့ အချိန်ကြာလေ ဆံပင်တွေ အလေးချိန်လျော့လေဖြစ်ပြီး အဝယ်ဒိုင်တွေ အရှုံးပေါ်နေကြတယ်လို့ ဆိုပါတယ်။
ဥပမာ-တစ်ဆယ်ကျပ်သားရှိတဲ့ ဆံပင်ဟာ တစ်လလောက်ကြာရင် တစ်ကျပ်သားလောက် အလေးချိန် လျော့နည်းသွားတတ်တယ်လို့ဆိုပါတယ်။
လူ့ခန္ဓာကိုယ်ပေါ်မှာတုန်းက ဆံပင်တွေကအသက်ဝင်ပြီး အာဟာရတွေစီးဆင်းနေပေမယ့် ဖြတ်ပြီးတဲ့ အခါမှာတော့ အဆီဓာတ်တွေ ခန်းခြောက်လာတာကြောင့် အလေးချိန်လျော့တာလို့ ဆိုကြပါတယ်။
ဒါကြောင့် ဆံပင်အရောင်းအဝယ်အလုပ်ကို စွန့်လွှတ်ပြီး တခြားအလုပ်ကို ကူးပြောင်းလုပ်ကိုင်နေသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
လက်ရှိဆံပင်လုပ်ငန်း လုပ်ကိုင်နေတဲ့သူတွေဟာလည်း သူ တို့လုပ်ငန်းရဲ့ အနာဂတ်ကို သူတို့တွေကိုယ်တိုင် မခန့်မှန်းနိုင်ကြ ဘူး ဖြစ်နေပါတယ်။
ကိုနေလင်းကတော့ သူတို့ ဆံပင်ဈေးကွက် လုပ်ပုံကိုင်ပုံ ပြောင်းဖို့ လိုအပ်လာပြီး ဒီအတိုင်းဆက်သွားနေမယ် ဆိုရင်တော့ မြန်မာဆံပင်ဟာ ဈေးကွက်ကနေ ထွက်ပေးရကိန်းကို မြင်နေရ တဲ့ အခြေအနေလို့ဆိုပါတယ်။
ပျက်ပြီးသား နာမည်တစ်ခု၊ ဂုဏ်သိက္ခာတစ်ခုကို ပြန်တည် ဆောက်ဖို့ ခက်ခဲတာမှန်ပေမဲ့လည်း ကိုနေလင်း ကတော့ တခြားဆံပင်လောကက လူတွေကိုလည်း သူများမိုးခါးရေသောက်တိုင်း လိုက်မသောက်ဘဲနဲ့ ရိုးရိုးသားသား ဈေးကွက်ပြန်ရှာကြဖို့ ယခုလို တိုက်တွန်းပါတယ်။
“ကျွန်တော်တို့အားလုံး နံပါတ်တစ်ဆိုတဲ့နေရာကို ရောက်ဖူးပါတယ်။ ဘာလို့အဲဒီနေရာကို ပြန်မရောက်နိုင် ရမှာလဲ၊ အားလုံးရိုးသားရင်ပေါ့”

