ရှေးဟောင်း အဆောက်အအုံ အနီးတွင် ပြုလုပ်နေ သည့် အုတ်ဖုတ်လုပ်ငန်းများ(ဝက်ကြီးအင်း)
Photo : Than Htike
၂၀၁၅ ဧပြီလထုတ်၊ မော်ကွန်းမဂ္ဂဇင်းအမှတ်(၂၂)၊မှမျက်နှာဖုံးဆောင်းပါးဖြစ်ပါသည်။
လွန်ခဲ့သည့်နှစ်လကျော် ဝက်ကြီးအင်းရွာမှ ကိစ္စတစ်ခုသည် လူမှုကွန်ရက်စာမျက်နှာဖြစ်သည့် Facebook ပေါ်တွင် အုတ်အော်သောင်းတင်း ဖြစ်သွားခဲ့သည်။
ဓာတ်ပုံဆရာတစ်ယောက်သည် ဝက်ကြီးအင်းရွာ၌ရှိသော ဘုရားများအား ဓာတ်ပုံရိုက်ရန်သွားခဲ့သည်။ ယခင်ကလည်း နှစ်ကြိမ် သူသွားရောက်ဓာတ်ပုံရိုက်ခဲ့ဖူးသည်။ ယခုတတိယအကြိမ် တွင်တော့ ယင်းနေရာအား ခြံဝင်းခတ်ထားသည်ကို တွေ့ရပြီး ဝင်ခွင့်လည်း မရတော့ပေ။
မည်သည့်နိုင်ငံသားဖြစ်သနည်းဟု ယင်းခြံတွင်နေထိုင် သည့် နိုင်ငံခြားသားက ၎င်းကိုမေးသည်။ မြန်မာနိုင်ငံသားဖြစ် ကြောင်း ၎င်းက ပြန်ဖြေရာ ဝင်ခွင့်မပေးနိုင်ကြောင်း ပြန်ပြောခဲ့သည်ဟု Facebook ပေါ်တွင် ရေးသားခဲ့ရာမှ ထိုနေရာသို့ ယဉ် ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ရဲများ၊ အုပ်ချုပ်ရေးပိုင်း က ပုဂ္ဂိုလ်များ၊ ရပ်မိရပ်ဖများ သွားရောက်စစ်ဆေးခဲ့ကြသည်။
ဘုရားများကို ခြံစည်းရိုးကာရံထားခြင်းနှင့် ခြံအတွင်း အဆောက်အအုံများဆောက်လုပ်ခြင်းသည် တရားမဝင်သဖြင့် ပြန်လည်ဖျက်သိမ်းပေးရန်လည်း ပြောကြားခဲ့လေသည်။
The Bagan Step ဟု ဆိုင်းဘုတ်ရေးထားသည့် ယင်းနေရာသို့ ကျွန်တော်ရောက်ချိန်တွင်တော့ ပိတ်ဆို့ထားသည့် ခြံဝင်း တံခါး မရှိတော့။
သို့သော်အုတ်ဖြင့်ပြုလုပ်ထားသည့် တံခါးတိုင်နှစ်တိုင်နှင့် ဘေးတစ်ဖက်တစ်ချက်တွင် အစောင့်တဲနှစ်လုံးကတော့ ရှိနေ သည်။ အစောင့်တဲတွင်တော့ “PRIVATE PLEASE ASK BEFORE ENTERING” ဟု အင်္ဂလိပ်စာဖြင့် ရေးသားထားသည်။ ကျွန်တော်ဝင်သွားစဉ်တွင်တော့ တားဆီးမည့်သူမရှိ။
ဝင်လျှင်ဝင်ချင်း ညာဘက်တွင်တော့ အုတ်ကျောင်းပျက် ကြီးနှစ်လုံး။ ပေ ၂၀ ခန့်မြင့်သော ယင်းကျောင်းကြီးတွင် တစ်ကျောင်းက ပြိုပျက်လျက်ရှိပြီး အခြားတစ်ကျောင်းကတော့ နံရံတစ်ခြမ်းသည် အုတ်ထရံကြီးကာထားသကဲ့သို့ ထီးတည်း ကြီးဖြစ်နေသည်။
ယင်းကျောင်းပျက်များကြားမှနေပြီး ရွှေရောင်တဝင်းဝင်း နှင့် ရွှေစည်းခုံစေတီအထွတ်ပိုင်းကို လှမ်းမြင်နေရသည်။ ယင်း ခြံဝင်းအတွင်းတွင် အခြားကျောင်းပျက်နှစ်ခုနှင့် ကွမ်းတောင် ပေါက်ဘုရား(လိုဏ်ဘုရား)တစ်ဆူလည်း ရှိနေသေးသည်။
စက္ကူပန်းပင်များနှင့် အခြားအလှသစ်ပင်များစိုက်ပျိုးထား သော ယင်းခြံဝင်းအတွင်းတွင်တော့ ကောင်လေး တစ်ယောက်က ရေပိုက်ဖြင့် ပန်းပင်များကို ရေလောင်းနေသည်။ ဘုရားများ၊ ကျောင်းများကိုကျော်၍ ကွေ့ကွေ့ကောက်ကောက် ဖောက်ထား သော လမ်းကလေးအဆုံးတွင်တော့ သစ်သားအိမ်တစ်လုံးနှင့် ရေကူးကန်တစ်ကန်ရှိနေသည်။
ရှေးဟောင်းသုတေသနဦးစီးဌာနမှ ဒုညွှန်ချုပ်ကိုယ်တိုင် ယင်းခြံအတွင်းနေထိုင်သည့် နိုင်ငံခြားသူအမျိုးသမီးနှင့် တွေ့ဆုံ ၍သစ်သားအိမ်နှင့် ရေကူးကန်စသည့် တရားမဝင်ဆောက်လုပ် ထားမှုများကို ဖျက်သိမ်းပေးရန် ပြောကြားခဲ့ကြောင်း ဒုညွှန်ချုပ် ကိုယ်တိုင် ကျွန်တော့်ကို ပြောပြသည်။
တည်ဆဲဥပဒေအရဆိုလျှင် ရှေးဟောင်းသုတေသနဦးစီး ဌာန၏ ခွင့်ပြုချက်မရှိဘဲ ခြံစည်းရိုးပင် ခတ်ခွင့်မရှိပေ။ ထိုနေရာ သို့ ကျွန်တော်ရောက်သွားစဉ်က ဆောက်လုပ်ထားသည့်အိမ်နှင့် ရေကူးကန်မှာ မဖျက်သိမ်းသေးဘဲ ရှိနေသေး သည်ကိုတွေ့ခဲ့ရ သည်။ ခြံစည်းရိုးကိုတော့ ဖွင့်ထားပေးထားသည်ကို တွေ့ရသည်။
ဦးအောင်ညွန့်အမည်ဖြင့် ဝယ်ယူထားသော ဤနေရာသည် ပြင် သစ်လူမျိုးလင်မယားနှစ်ယောက် နေထိုင်လျက်ရှိသည်ဟု ဦးအောင်ကြိုင်က ပြောသည်။ ယင်းပြင်သစ်အမျိုးသမီးသည် လွန်ခဲ့သည့်နှစ်နှစ်ဆယ်ကပင် ဤနေရာတွင် လာရောက် နေထိုင် တတ်ပြီး ယင်းဝင်းအတွင်း သစ်ပင်များ စိုက်ပျိုးထားခြင်းဖြစ် သည်ဟု ဦးအောင်ကြိုင်က ပြောသည်။
ယခုအချိန်တွင် အဆိုပါခြံသည် ပိုင်ရှင်အမည်သုံးဦးပြောင်း လဲသွားသော်လည်း ၎င်းတို့သည် ထိုခြံအတွင်း၌ပင် နေထိုင် လျက်ရှိသည်။ ယခုအချိန်တွင်တော့ ယင်းခြံကို ချစ်ညီစိုးအမည် ဖြင့် နာမည်ပေါက်လျက်ရှိကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ပြောပြသည်။
၎င်းပြင်သစ်များသည် ပုဂံသို့ရောက်ရှိချိန်တွင် နေထိုင်ရန် တဲငယ်တစ်လုံးကို ဦးအောင်ကြိုင်တို့လက်ထက်ကပင် ဆောက် လုပ်ထားသည်။ သို့သော် လွန်ခဲ့သည့် နှစ်နှစ်၊ သုံးနှစ်ခန့်ကမှစ၍ အိမ်ဆောက်ခြင်း၊ ရေကူးကန်တူးခြင်းနှင့် ခြံစည်းရိုးခတ်ခြင်း တို့ကိုပါ ပြုလုပ်လိုက်ခြင်း ဖြစ်သည်။
ပုဂံဒေသခံများအနေဖြင့် ယင်းနေရာတွင်အဆောက်အအုံ ဆောက်လုပ်မှုများကို လွန်ခဲ့သည့် နှစ်နှစ်ခန့်ကပင် သိရှိ၍ ရှေး ဟောင်းသုတေသနဦးစီးဌာနသို့ တိုင်ကြားခဲ့သော်လည်း အရေး ယူမှုများ မပြုလုပ်ခဲ့ကြောင်း ဦးဝင်းမောင်က ပြောသည်။
လူမှုကွန်ရက်ပေါ်တွင် ဝေဖန်မှုအများအပြားပေါ်ထွက်လာသည့်အချိန်တွင်မှ ရှေးဟောင်းသုတေသနဦးစီးဌာနအနေဖြင့် တားမြစ်ခဲ့ခြင်း ဖြစ်သည်။
ရှေးဟောင်းသုတေသနဦးစီးဌာနဒုတိယ ညွှန်ကြားရေးမှူး ချုပ်ဦးသိန်းလွင်ကတော့ အခြားနေရာများတွင်လည်း မြေကွက် များကို နောက်ကွယ်မှဝယ်ယူမှုများလည်းရှိနိုင်သေးသည်ဟု ထင်ကြေးပေးသည်။ သူက ယခုလိုလည်း ဆိုသေးသည်။
“ယာမြေကိုအလွယ်တကူဝယ်လိုက်တယ်။ ယာမြေထဲမှာ ဘုရားတွေရှိတယ်။ လောဘသားတွေက နောင်တစ်ချိန်မှာ တစ် ခုခုဆောက်မယ်ဆို(တဲ့ရည်ရွယ်ချက်နဲ့) ဝယ်ပြီးတော့ ခြံခတ် လိုက်ေ တာ့ ဘုရားတွေပါသွားတယ်”
လူမှုကွန်ရက်တွင်မတက်ဘဲ ဖြစ်နေသည့်ကိစ္စများလည်း ဝက်ကြီးအင်းထဲတွင်ရှိနေသေးသည်။ ယင်းကိစ္စသည် ဝက်ကြီး အင်းဂူပြောက်ကြီးဘုရားအနီးတွင်ဖြစ်သည်။ နံရံဆေးပန်းချီ ကောင်း လွန်းသောကြောင့် ဂူပြောက်ကြီးဟု အမည်တွင်ခဲ့သည့် ယင်းဘုရားရှိ နံရံဆေးပန်းချီများကို ဥရောပတိုက်သားအချို့က ပြတိုက်တွင်ထားရန် တစ်ချိန်တုန်းက လွှဖြင့်ထိုးဖြတ်ကာ ခိုးယူခဲ့ သည်။ ငလျင်ဒဏ်လည်း ခံခဲ့ရသောကြောင့် ယင်းစေတီ၏ကွမ်း တောင်ပင် တိမ်းစောင်းနေသည်။
ယင်းဘုရားအတွင်းရှိနံရံဆေးပန်းချီများသည် ဒေါက်တာ သန်းထွန်းကပင် မြန်မာပန်းချီဆရာတို့၏ ဂုဏ်ယူဝင့်ကြွား နိုင်သည့် လက်ရာများဟုဂုဏ်ယူရေးသားခဲ့သည့် အနုပညာလက် ရာများဖြစ်သည်။
ယင်းဂူပြောက်ကြီး ညာဘက်ကပ်လျက်တွင် ခြံတစ်ခြံ ရှိနေသည်။ ယင်းခြံသည် သစ်ပင်ချုံနွယ်များဖြင့် ကွယ်လျက်ရှိပြီး အထဲတွင် အဆောက်အအုံတစ်လုံးနှင့် ကားတစ်စီးကိုတွေ့ရ သည်။ ခြံစည်းရိုးအတွင်းတွင်လည်း ပိုက်ကွန်အချို့နှင့် ကာရံထား သဖြင့် အတွင်းဘက်သို့ သဲကွဲစွာမတွေ့ခဲ့ရ။
ဘုရားအပြင်ဘက်ရှိ သစ်ပင်တွင် ‘ကားကြီးအဝင်အထွက် ရှိသည်၊ ကားများပိတ်မရပ်ရ’ဟူသော ဆိုင်းဘုတ်ကို ချိတ်ဆွဲထား သည်။ ယင်းခြံ၏ ရှေ့မျက်နှာစာတွင်တော့ လူတစ်ရပ်ခန့် ဝါးထရံ ဖြင့် ကာရံထားပြီး ROYAL HOUSE RESORT ဟု အမည် တပ်ထားသည်။ ခြံစည်းရိုးပတ်လည် ကာရံထားသည့် ယင်း အဆောက်အအုံနှင့် မနီးမဝေးတွင်လည်း အင်းဝခေတ်က အုတ် ကျောင်းပျက်ကြီးတစ်လုံး ရှိနေသေးသည်။
ယင်းခြံဝင်းအတွင်းတွင်လည်း ရှေးဟောင်းသုတေသန ဦးစီးဌာန၏ ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံတည်ဆောက် လျက် ရှိခြင်းကြောင့် တားမြစ်ထားကြောင်း ဦးအောင်ကြိုင်က ပြောပြသည်။
ဂူပြောက်ကြီးဘုရားအနီးတွင်နေထိုင်သူတစ်ဦးကတော့ ယင်းခြံဝင်းထဲတွင် စက်ယန္တရားကြီးများ အသုံးပြုတည်ဆောက် နေသည့် အသံများ ကြားရကြောင်းပြောသည်။
ယင်းသို့ စက်ယ္တရားများအသုံးပြု၍ အဆောက်အအုံများ ဆောက်လုပ်နေခြင်းသည် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် များကို တုန်ခါ၍ပျက်စီးစေနိုင်ကြောင်း ဦးအောင်ကြိုင်က ထောက်ပြ သည်။
ဦးအောင်ကြိုင်ကတော့ သူတာဝန်ယူစဉ်ကာလက ဤ နေရာတွင် သရက်ပင်များနှင့် ယာခင်းများသာရှိကြောင်း ပြောပြ သည်။ ယခုအချိန်တွင်တော့ ယင်းနေရာသည် စီးပွားရေးလုပ်ငန်း ရှင်တစ်ဦးပိုင်ဆိုင်ထားပြီး “သစ်ပင်ကြိုသစ်ပင်ကြားမှာ Restaurant လိုလို၊ ဘာလိုလိုနဲ့ တိတ်တိတ်ဆောက်ပစ်တယ်”ဟု ဦးအောင်ကြိုင်က ဆိုသည်။
“အဲဒါလည်း ဌာနက တားတယ်။ ဟိုနေ့က အစည်းအဝေး မှာတောင်ပြောတယ်။ တားရဲ့သားနဲ့ ဆက်ဆောက်တယ်”ဟု ၎င်းက ပြောသည်။
တားသည်ဆိုသော်လည်း စာထုတ်၍ တားဆီးခြင်းသာ ဖြစ်၏။ ပုဂံဒေသခံများအနေဖြင့် သူတို့ပြုလုပ်သမျှတို့ကို ရပ် ကြည့်နေရသလိုဖြစ်နေရကြောင်း ဦးဝင်းမောင်က ပြောသည်။ သူက ယခုလိုလည်း ဆိုသည်။
“ဝက်ကြီးအင်းက တော်တော်လွန်လာတယ်။ အဲဒီနေရာ မှာ အဆောက်အအုံတွေ ဆောက်တာကို ဘယ်သူတွေက ခွင့်ပြု လိုက်တာလဲ၊ ကျွန်တော်တို့က မေးရမှာ။ မေးသင့်တဲ့အချိန်လည်း ရောက်နေပြီ”
ရှေးဟောင်းသုတေသနဦးစီးဌာနအနေဖြင့် ယင်းကိစ္စရပ် များနှင့် ပတ်သက်၍ ပြတ်ပြတ်သားသားမရှိဘဲ ‘မြွေမသေ၊ တုတ် မကျိုး’ လုပ်နေသည့်အတွက် ရလဒ်ထွက်ပေါ်မလာခြင်းဖြစ် ကြောင်း ဦးဝင်းမောင်က ဝေဖန်ထောက်ပြသည်။
ဂူပြောက်ကြီးဘေးတွင် ကပ်လျက်ရှိသည့် ယင်းခြံဝင်းတွင် အဆောက်အအုံ မည်မျှဆောက်လုပ်ပြီးစီးသနည်းဟူသည်ကို ဒုတိယသမ္မတ ပို၍ပင် သိနိုင်သည်။ ဒုတိယသမ္မတ ပုဂံဒေသသို့ လာရောက်ခဲ့စဉ်က မီးပုံးပျံစီး၍ ကြည့်ရှုစစ်ဆေးခဲ့လေသည်။ ထို သို့ကြည့်ရှုစဉ်အတွင်း အုတ်ဖိုများကိုပင်တွေ့မြင်ခဲ့ပြီး ပုဂံဒေသ တွင် အုတ်မဖုတ်ရန်တားမြစ်ခဲ့သည်ဟု ဦးအောင်ကြိုင်က ပြောသည်။
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ၂၀၁၄ သြဂုတ်လ ၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသောညွှန် ကြားချက်အမှတ် ၂/၂၀၁၄ တွင် ရှေးဟောင်းအမွေအနှစ်ဒေသ များ၌ အုတ်စိမ်းရိုက်ခြင်း၊ အုတ်ဖုတ်ခြင်းတို့ကို တားမြစ်ထားသည်။
အထက်တစ်နေရာတွင်ဖော်ပြခဲ့သည့် ပြင်သစ်လင်မယား နေထိုင်နေသော the Bagan Step ရှေ့ရှိ ရှေးဟောင်း အဆောက်အအုံအနီးတွင်ပင် အုတ်ဖုတ်နေသည့်လုပ်ငန်းများကို လည်း တွေ့ရသည်။ ယင်းနေရာသည် မြန်မာ့ဆက်သွယ်ရေးရုံး၏ အနီးအနားတွင်ပင် ဖြစ်သည်။
ကျွန်တော်သွားရောက်ခဲ့သည့် နောက်တစ်နေရာကတော့ ပုဂံဒေသတွင် ဥပဒေချိုးဖောက်မှုရှိ၊ မရှိ အငြင်းပွားဖွယ်ရာအဖြစ် ဆုံးနေရာဖြစ်သည်။

