ဇေယျာလှိုင် ရေးသည်။
မတ် ၅ ရက်နေ့ဟာ လက်ရှိအစိုးရရဲ့ ပြည်သူတွေပေါ်ထားတဲ့ သဘောထားကို မျက်ဝါးထင်ထင်တွေ့မြင်လိုက်ရတဲ့ သမိုင်းဝင်မယ့်နေ့ပဲဖြစ်ပါတယ်။ ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေသုံးခဲ့တဲ့ နည်းလမ်းတွေကိုပဲသုံးနေသေးတယ်ဆိုတာ သက်သေပြလိုက်တဲ့နေ့လည်းပဲ ဖြစ်ပါတယ်။
လက်နက်မဲ့ အကြမ်းမဖက် ဆန္ဒဖော်ထုတ်နေသူတွေကို ယူနီဖောင်းဝတ်လက်နက်ကိုင်တပ်ဖွဲ့ရော၊ ယူနီဖောင်းမပါ လူရမ်းကားတွေနဲ့ပါ ရန်ကုန်မြို့လယ်ခေါင်တည့်တည့်မှာ အကြမ်းဖက်ခဲ့တာဟာ အစိုးရတစ်ရပ်အနေနဲ့တော်တော်သိက္ခာမဲ့တဲ့လုပ်ရပ်လို့ ဆိုနိုင်ပါတယ်။ တရားဥပဒေစိုးမိုးရေးကိုဆောင်ရွက်ရတဲ့ ရဲတွေဟာ အရပ်သားတစ်ယောက်ကို အခြားအရပ်သားတစ်ယောက်က ရိုက်ပုတ်ကန်ကျောက်နေတာကို အရေးမယူတဲ့အပြင် သူတို့ကိုယ်တိုင်ကပါ ဝင်ရောက်ရိုက်နှက်ဖမ်းဆီးတယ်ဆိုတာဟာ လူယဉ်ကျေးတွေရဲ့လုပ်ရပ်မဟုတ်ပါဘူး။
စွမ်းအားရှင်ဆိုတဲ့ထင်ရာစိုင်း လူ့အရိုင်းစိုင်းတွေကို သရုပ်ခွဲကြည့်ရင် ကျားမကြီးငယ်မရွေး ပါဝင်နေတာတွေ့ရပါတယ်။ သရုပ်အပျက်ဆုံးဖြစ်ရပ်ကတော့ ဆူးလေစေတီတော်ရှေ့မှာ ဆန္ဒဖော်ထုတ်နေတဲ့ အမျိုးသမီးငယ်တစ်ယောက်ကို စွပ်ကျယ်ချိုင်းပြတ် မင်ကြောင်အပြည့်နဲ့ လူငယ်အမျိုးသားတစ်ဦးက လည်ပင်းကသိုင်းဖက်လို့၊ နောက်တစ်ယောက်က နောက်ကနေ လက်ကိုလိမ်ချိုးပြီး ဖမ်းခေါ်သွားတဲ့မြင်ကွင်းပါပဲ။ လူမြင်ကွင်းမှာတောင် ဒီလောက်အတင့်ရဲစော်ကားနေတဲ့သူတွေဟာ လူမမြင်ကွယ်ရာမှာဆိုရင် မတွေးဝံ့စရာပါပဲ။ ဒီလိုမျိုး ပြည်သူတစ်ယောက်ကို အခြားပြည်သူတစ်ယောက်က စော်ကားခွင့်ပေးထားတာဟာ အာဏာပိုင်အဖွဲ့အစည်းကခွင့်ပြုတယ်ဆိုရင် ဘယ်သူ့ကိုမဆို ထင်ရာလုပ်ခွင့်ရှိတယ်ဆိုတဲ့ အရိုင်းအစိုင်းတွေရဲ့လုပ်ရပ်လို့ပဲဆိုပါရစေ။
ဆန္ဒပြလူစုအပေါ် အကြမ်းဖက်မနှိမ်နင်းခင်မှာ စွမ်းအားရှင်တွေကို ရန်ကုန်မြို့တော်ခန်းမထဲမှာ နေရာယူခွင့်ပေးထားတာလည်း အာဏာပိုင်အဖွဲ့အစည်းတွေပါပဲ။ ရန်ကုန်မြို့တွင်းသွားလာခွင့်ကန့်သတ်ထားတဲ့ ဒိုင်နာယာဉ်လိုင်းတွေကိုလည်း မြို့လယ်ခေါင်ထိဝင်ခွင့်ပေးခဲ့တာလည်း အာဏာပိုင်အဖွဲ့အစည်းတွေပါပဲ။ အစိုးရဟာ သူထုတ်တဲ့စည်းကမ်းကို သူတို့ကိုယ်တိုင်ပြန်ပြီးချိုးဖောက်နေတာပါပဲ။ ဥပဒေဆိုတာ အားလုံးအတွက် တန်းတူမရှိဘူးဆိုတာလည်း ပေါ်လွင်လှပါတယ်။
လူ့အဖွဲ့အစည်းတွင်းမှာ အချင်းချင်းအပြန်အလှန်ရန်တိုက်ပေးပြီး နှစ်ဖက်စလုံးယုံကြည်မှုပျက်ပြားအောင် လုပ်တဲ့နည်းလမ်းတွေကို လက်ရှိအစိုးရက အတော်ကျွမ်းကျင်ပါးနပ်နေပါပြီ။ အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြတဲ့ ကျောင်းသားထုကို ကျောင်းသားထုနဲ့ အယောင်ဆောင်ပြန်လည်တုံ့ပြန်ခဲ့တယ်။ စားဝတ်နေရေးကျပ်တည်းလို့ တစ်ရက်လုပ်ခ ကျပ်တစ်ထောင်တိုးတောင်းတဲ့ အလုပ်သမားတွေကိုလည်း နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေမလာတော့ဘဲ အားလုံး အကျပ်အတည်းဖြစ်မယ်ဆိုတဲ့ခြောက်လုံးတွေနဲ့ ကျန်တဲ့အလုပ်သမားတွေနဲ့ ပြန်လည်ရန်တိုက်ပေးပြီး အကြမ်းဖက်ဖြိုခွင်းခဲ့တယ်။
တကယ်တမ်း နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေမလာနိုင်တာဟာ အိမ်ခြံမြေဈေး အဆမတန်ကြီးမြင့်နေမှုနဲ့ အစိုးရအဖွဲ့တွင်း အဂတိလိုက်စားမှုတွေရှိနေတာကြောင့်ရယ်၊ လိုအပ်တဲ့ လျှပ်စစ်မီးကို လုံလောက်အောင်မပေးနိုင်တာရယ်ဆိုတာကို အစိုးရတာဝန်ရှိသူတွေရှောင်လွှဲဖြေဆိုသွားခဲ့ကြတယ်။ သံဃာကို သံဃာနဲ့၊ စစ်သားကို စစ်သားနဲ့၊ ကျောင်းသားကို ကျောင်းသားနဲ့၊ လူထုကို လူထုနဲ့ ၊ အလုပ်သမား လူတန်းစားကို အလုပ်သမားလူတန်းစားနဲ့ ပြန်လှန်ဖန်တီး ရန်တိုက်ပေးခဲ့တာ သမိုင်းတစ်လျှောက်လုံးပါပဲ။ ခုလည်းပဲ လက်ရှိအစိုးရက ဒီနည်းတွေကိုဆက်လက်သုံးစွဲနေတယ်ဆိုတာ မျက်ဝါးထင်ထင်မြင်တွေ့ရပြီဖြစ်ပါတယ်။
ကျန်တဲ့ပြည်သူတွေအနေနဲ့လည်း စွမ်းအားရှင်လိုလူမျိုးတွေ ကိုယ့်ပတ်ဝန်းကျင်မှာရှိနေတယ်ဆိုရင် ဝိုင်းပြီး ဖယ်ကြဉ်ကြဖို့လိုပါတယ်။ ဒီလိုလူတွေကို ကျွန်တော်တို့ လူ့အဖွဲ့အစည်းက မသိကျိုးကျွံပြုနေမယ်ဆိုရင် တစ်ဖက်တစ်လမ်းက အားပေးအားမြှောက်ပြုသလိုဖြစ်နေမှာပါ။ အကြမ်းဖက်နှိမ်နင်းတဲ့ဓါတ်ပုံတွေဟာ ဒီကနေ့ သတင်းစာမျက်နှာတွေမှာ ပါလာပြီးသားဖြစ်တဲ့အတွက် ပြည်သူတွေသတိထားမိလောက်ပါပြီ။
လူထုကို လူထုနဲ့ ပြန်လည်ရိုက်နှက်ဖမ်းဆီးတာနဲ့ပတ်သက်ပြီးတော့လည်း ဘယ်အစိုးရတာဝန်ရှိသူကမှ တာဝန်ယူဖြေရှင်းတာမျိုးမလုပ်သလို မီဒီယာတွေကမေးမြန်းတဲ့အခါမှာလည်း ဝေ့လည်ကြောင်ပတ်လုပ်ကာ ဘောလီဘောပုတ်ထုတ်နေတာတွေ့ရပါတယ်။ အစိုးရရဲ့ တာဝန်ယူမှု တာဝန်ခံမှုဆိုတာ ဇီးရိုးလို့ဆိုနိုင်ပါတယ်။ ဒါဟာလည်းရှင်းပါတယ်။ လက်ရှိအစိုးရဟာ နာဂစ်ခြေ/ဥနဲ့ ၂၀၁၀ မှာ မဲလိမ်ပြီးတက်လာတဲ့အစိုးရ ဖြစ်တာကြောင့် ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုတယ်ဆိုတာ ထင်ရှားလှပါတယ်။ မဲလိမ်တာမဟုတ်ဘူးလို့ သက်သေပြချင်ရင် နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့တွေကို ၂၀၁၀ တုန်းက မဲပြားတွေပြန်လည်စစ်ဆေးခွင့်ပြုပေးလိုက်ပါလို့ အကြံပေးလိုပါတယ်။
လူထုလိုအပ်ချက်ကို ဆွေးနွေးညှိနှိုင်းရမယ့်အစား လူထုရဲ့စိတ်လှုပ်ရှားမှုဒီရေကိုမြှင့်တင်၊ အခြေအနေတွေကိုရှုပ်ထွေးအောင်လုပ်နေသလားလို့ ထင်မှတ်စရာတွေဖြစ်နေပါတော့တယ်။ လောလောဆယ်ကိစ္စမှာတော့ စွမ်းအားရှင်ဆိုတဲ့ လက်ရဲဇက်ရဲလူမိုက်ရမ်းကားတွေနဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ လူထုကိုပွင့်ပွင့်ရှင်းလင်းတင်ပြသင့်ပါကြောင်းတိုက်တွန်းလိုပါတယ် ။ ။

