ဖေဖော်ဝါရီ ၂၀၁၅ (မှော်ဘီ)
ချစ်သူများနေ့မှာ ချစ်သူကို လက်ဆောင်တစ်ခုခုပေးဖို့ စဉ်းစားနေပါသလား။ လက်ဆောင်တွေထဲမှာမှ မိန်းကလေးတွေ သိပ်ကြိုက်တဲ့ သင်းပျံ့မွှေးကြူတဲ့ နှင်းဆီပန်းတစ်စည်းပေးဖို့ကိုရော စာဖတ်သူ စဉ်းစားထားပါသလား။ စဉ်းစားထားတယ်ဆိုရင်တော့ သိပ် ပြီး ဆန္ဒမစောပါနဲ့ဦး။
ချစ်သူကို ပန်းစည်းလက်ဆောင်မပေးခင် အဲဒီပန်းလေးတွေဟာ ပန်းဘဝကို ဘယ်လိုရောက်လာခဲ့ကြသလဲ၊ ဘယ်လိုကြီး ထွားလာကြသလဲ၊ ဘယ်လိုပြုစုမှုတွေခံပြီးတော့မှ ဈေးကွက်ထဲ ရောက်လာကြသလဲဆိုတာကို ကျွန်တော်နဲ့အတူ အရင်လေ့လာ ကြည့်ကြရအောင်။
***
ကျွန်တော့်ရှေ့မှာ နှင်းဆီပန်းခင်းကြီးက တပြန့်တပြော။ ဒီနှင်းဆီတွေက ရေမွှေးနှင်းဆီ။ နှင်းဆီမျိုးစိတ်ပေါင်းများစွာထဲကမှ အခြားနှင်းဆီတွေထက် ခပ်စူးစူးရနံ့ကို ပိုင်ဆိုင်ထားတာ ကြောင့် ရေမွှေးနှင်းဆီရယ်လို့ သူ့ကိုခေါ်ကြတာ။
လူတစ်ရပ်သာသာအမြင့်ရှိတဲ့ အစိမ်းရင့်ရောင်ပင်စည် တွေ၊ အရွက်တွေကြား ငွားငွားစွင့်စွင့်၊ ခန့်ခန့်ထည်ထည်ပွင့်အာ နေကြတဲ့ ပန်းရောင်ရင့်ရင့်နှင်းဆီပွင့်တွေ၊ အခုမှအပြင်လောက ကို ထွက်ခွာဖို့ အားယူစပြုနေတဲ့ အစိမ်းနုရောင် နှင်းဆီဖူးငုံ လေးတွေက တောက်ပထွန်းလင်းတဲ့ နေရောင်အောက်မှာ တင့် တင့်တယ်တယ်။ ဆေးရောင်စုံပန်းချီကားကြီးတစ်ချပ်ကို ရှေ့မှာ ထားပြီး ရှုစားနေရသလို။
ပန်းချီကားချပ်တဖြစ်လဲ ဒီနှင်းဆီခြံကို ရန်ကုန်အပြင် ဘက် မှော်ဘီမြို့နယ်ဘက်မှာ တွေ့ခဲ့ရတာဖြစ်ပါတယ်။ အမြင်တင့်ဆန်းတဲ့ ဒီပန်းချီကားပန်းဥယျာဉ်ကြီးထဲဝင် လိုက်ရင် မွှေးပျံ့သင်းကြိုင်တဲ့ နံ့သာရုံကို ရလိမ့်မယ်လို့ ကျွန်တော် အမှန်ပဲ တွက်ဆထားမိခဲ့တယ်။ စာဖတ်သူလည်း ဒီအတိုင်းပဲ ယူဆမယ်ထင်ပါတယ်။
ဒါပေမဲ့ ကျွန်တော့်မျက်စိရှေ့က တင့်တယ်လှပတဲ့ နှင်းဆီ ပန်းခင်းကြီးထဲကို တိုးဝင်လိုက်ချိန်မှာတော့ ကျွန်တော်မျှော်လင့် ထားတာနဲ့ ဆန့်ကျင်ဘက်အနံ့တစ်ခုက နှာခေါင်းထဲကို ပြေးဝင် လာတယ်။ အဲဒီအနံ့က စူးရှပြီး သင်းပျံ့တဲ့နှင်းဆီရနံ့မဟုတ်ဘူး။ ကြွက်ပုပ်စော်လို ပုပ်အဲ့အဲ့အနံ့ဆိုးကြီးဗျ။
အကြောင်းရင်းကို မေးကြည့်တော့ လွန်ခဲ့တဲ့တစ်နာရီသာ သာလောက်က ဖျန်းထားတဲ့ ပိုးသတ်ဆေးအနံ့ဖြစ်တယ်လို့ နှင်း ဆီခင်းကို အားဆေးထပ်ဖျန်းဖို့ ပိုက်တွေသွယ်တန်းနေတဲ့ စိုက် ခင်းပိုင်ရှင် ကိုစိုးဝင်းထွန်းက ရှင်းပြပါတယ်။
ကျွန်တော်တို့အမြင်မှာ လှပသင်းကြူတဲ့ နှင်းဆီပွင့်တွေ ဟာ ဒီလိုပဲအနံ့ဆိုးရွားတဲ့ ပိုးသတ်ဆေးတွေနဲ့ မွေးဖွားလာရတာ ဖြစ်ပါတယ်။ ကျွန်တော်တို့တွေရဲ့ တောင်းဆိုချက်အရ လှပတဲ့ ပန်းလေးတွေ မွေးဖွားလာဖို့ ပန်းစိုက်သူတွေဟာ ပိုးသတ်ဆေး အမြောက်အမြားကို အသုံးပြုကြရပါတယ်။ ဆေးအမျိုးပေါင်းက လည်း တစ်ဒါဇင်ကျော်ပါတယ်။
ကျွန်တော်တို့ဟာ ပန်းဆို လှမှ၊ မွှေးမှ ကြိုက်တတ်ကြပေမယ့် အဲဒီလှပမွှေးကြိုင်တဲ့ ပန်းတွေရဖို့ ပန်းစိုက်သူတွေရဲ့ ကျန်းမာရေးတွေဟာ ဘယ်လိုအခြိမ်းခြောက်ခံနေရတယ်၊ ပြီးတော့ ပန်းကိုအသုံးပြုတဲ့ ကျွန်တော်တို့ကိုပါ ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်သလဲဆိုတာကိုတော့ ကျွန်တော်တို့တစ်တွေ ထည့်သွင်း စဉ်းစားလေ့မရှိကြပါဘူး။
လက်ရှိမြန်မာနိုင်ငံမှာ ဟင်းသီးဟင်းရွက်နဲ့ သီးနှံတွေမှာ ပိုးသတ်ဆေးဓာတ်ကြွင်းတွေ ပါတာကို လူတော်တော်များ သတိ ထားမိလာကြပေမယ့် နိစ္စဓူ၀ ကျွန်တော်တို့ ဘုရားပန်း၊ အလှပန်း အဖြစ် အသုံးပြုနေကြရတဲ့ ပန်းပွင့်တွေမှာ ပိုးသတ်ဆေး ဓာတ်ကြွင်းတွေရှိနေတာကိုတော့ လူတော်တော်များများက မသိကြ၊ သတိမထားမိကြပါဘူး။
ပြောရရင် အစားအစာကတစ်ဆင့် ကျွန်တော်တု့ိအားလုံးရဲ့ ကျန်းမာရေးကို တိုက်ရိုက်ခြိမ်းခြောက်နေတဲ့ ကိစ္စကိုတောင် သက်ဆိုင်ရာအာဏာပိုင်တွေ၊ ကျန်းမာရေးဝန်ကြီးဌာနဘက်မှ တာဝန်ရှိသူတွေက မဖြေရှင်းနိုင်သေးတဲ့ ကျွန်တော်တို့နိုင်ငံမှာ ပန်းခင်းတွေမှာ ပိုးသတ်ဆေးဖောချင်းသောချင်းသုံးနေတဲ့ကိစ္စ၊ ယင်းကနေ ပန်းစိုက်ခင်းတွေမှာ အလုပ်လုပ်သူတွေ၊ ပြီးတော့ အဲဒီပန်းကို ဝယ်ယူအသုံးပြုနေသူတွေရဲ့ကျန်းမာရေးကို ရေးကြီး ခွင်ကျယ် ထည့်သွင်းစဉ်းစားတာ လူသိရှင်ကြား ပြောဆိုဆွေးနွေး တာမျိုးက မရှိသေးပါဘူး။
အထွေထွေရောဂါကုဆေးရုံသစ်ကြီး(ရန်ကုန်) အဆိပ်သင့် ကုသမှုဌာနမှ ဒေါက်တာစောအောင်မိုးအေးအဆိုအရ မြန်မာ နိုင်ငံမှာ ပိုးသတ်ဆေးအ္တရာယ်နဲ့ပတ်သက်ပြီး ဘယ်လိုရောဂါ တွေဖြစ်ပွားနိုင်တယ်ဆိုတာကို “သုတေသန လုပ်ထားတာမရှိဘူး။ (အ္တရာယ်)ရှိတာတော့သိနေတယ်။ အတိအကျပြောလို့ မရဘူး”လို့ ဆိုပါတယ်။
ပန်းပျိုးလက်ပေါ်က ပိုးသတ်ဆေး
ပန်းစိုက်ပျိုးသူ တောင်သူတွေဟာ ပိုးသတ်ဆေးအ္တရာယ် ကို ပေါ့ပေါ့တန်တန်သဘောထားပြီး ဂရုမစိုက်ကြတဲ့အတွက် ကြောင့် ပိုးသတ်ဆေးကို အသုံးပြုတာကြာလာတာနဲ့အမျှ အာရုံ ကြောနဲ့ပတ်သက်ပြီး မျက်စိေ၀ဝါးခြင်း၊ လေဖြတ်နိုင်ခြင်းတို့ ဖြစ် လာနိုင်တယ်လို့ ဒေါက်တာစောအောင်မိုးအေးက ရှင်းပြပါတယ်။
ပိုးသတ်ဆေးခန္ဓာကိုယ်ထဲသို့ ပါးစပ်မှဖြစ်စေ၊ နှာခေါင်းမှ ဖြစ်စေ၊ အရေပြားမှဖြစ်စေ ဝင်သွားပါက ဖြစ်ပွားနိုင်တဲ့ ရောဂါ တွေအနေနဲ့ သွေးကင်ဆာနဲ့ အခြားကင်ဆာတွေ၊ အိမ်ထောင်ရှင် အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်လို့မရတာတွေ၊ ကိုယ်ဝန်ပျက် ကျတာတွေ၊ မျိုးရိုးဗီဇပျက်စီးသွားတာတွေ ဖြစ်နိုင်သလို အသည်းနဲ့ ကျောက်ကပ်ပျက်စီးတာတွေလည်းဖြစ်နိုင်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။
ရှေ့ပြေးရောဂါလက္ခဏာတွေဖြစ်တဲ့ ခေါင်းကိုက်တာ၊ မူး မော်တာ၊ အသက်ရှူကျပ်တာ၊ မျက်စိနဲ့ ကြွက်သားတွေ ကျိန်း စက်နာကျင်တာ၊ ခြေတွေ၊ လက်တွေ ထုံကျဉ်တာ၊ အိပ်မရဖြစ်တာ တွေ ခံစားနေရရင်တောင် ပန်းစိုက်သူတွေနဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုးသူတောင်သူတွေဟာ ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ ပြသပြီး ကုသမှုယူရကောင်းမှန်း မသိကြပါဘူး။
ကလေးငယ်တွေဆိုရင် ပိုးသတ်ဆေးရဲ့ဆိုးကျိုးကို သိသိ သာသာမြန်မြန်ဆန်ဆန် ခံစားရတတ်ကြတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။
လွန်ခဲ့တဲ့ သုံးနှစ်လောက်ကပေါ့။ ပန်းစိမ်ထားတဲ့ရေကို သောက်မိတဲ့ ကလေးသုံးယောက် အဆိပ်မိတဲ့လက္ခဏာနဲ့ ဆေး ခန်းကို ရောက်လာတယ်လို့ မှော်ဘီဈေးကနေ မိနစ် ၂၀ လောက် သွားရတဲ့ မြောင်းတကာကျေးရွာနားမှာ ဆေးခန်းဖွင့်ထားတဲ့ ဒေါက်တာသီဟဇော်က ပြောပြပါတယ်။
“သုံးယောက်စလုံးဖြစ်တဲ့ ရောဂါလက္ခဏာတွေက ဆင်တူ တယ်။ အန်တယ်။ ဝမ်းလျှောတယ်။ တစ်ပြိုင်တည်းလိုလိုမှာ ဖြစ် ကြတယ်။ သေချာတယ်။ တစ်ခုခု အစားမှား၊ အဆိပ်သင့်တဲ့ လက္ခဏာပဲ။
“အဲဒီတော့ ဆေးခန်းကနေ တိုက်ကြီးဆေးရုံကို လွှဲလိုက် တယ်။ သေတယ်တော့မကြားဘူး”လို့ ဒေါက်တာသီဟဇော်က ပြန်ပြောပြပါတယ်။
လူအများစုက ဈေးကဝယ်လာတဲ့ပန်းကို ဘုရားမတင်ခင် ရေရှည်ခံအောင်၊ အေးနေအောင်ဆိုပြီး ရေစိမ်တဲ့အလေ့အထ ရှိတတ်ကြပါတယ်။
အများသောအားဖြင့် ချိုးရေ၊ သုံးရေအသုံးပြုတဲ့ အုတ် ကန်၊ စဉ့်အိုးနဲ့ ရေဇလုံတွေမှာ စိမ်တတ်ကြပါတယ်။ သို့ပေမဲ့ ပန်းစိမ်ထားတဲ့ရေကို အသုံးပြုတဲ့အတွက် နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကိုတော့ ကျွန်တော်တို့တစ်တွေ သတိမထားမိ တတ်ကြပါဘူး။
ဆရာဝန်တစ်ယောက်ကဆိုရင် သူတို့တောင် နှင်းဆီပန်းခိုင်တွေ စိမ်ထားတဲ့ရေကို ချိုးမိတယ်၊ ပလုတ်ကျင်းမိတယ်လို့ဆိုတယ်။ စာဖတ်သူအိမ်မှာရော ပန်းတွေကို အဲဒီလိုပဲ ရေစိမ်တတ်သလား၊ အဲဒီရေကို ချိုးမိသလား၊ ပလုတ်ကျင်းမိ၊ မျက်နှာသစ်မိသလား။
ရုက္ခဗေဒပညာရှင်တစ်ဦးဖြစ်ပြီး စိုက်ပျိုးရေးနှင့်ပတ်သက်တဲ့ စာအုပ် ၄၀ ရေးသားပြုစုထားသူ လက်ရှိသင်တန်းတွေ ပေး နေတဲ့ ဦးဖရက်သိန်းဖေက ပိုးသတ်ဆေးရဲ့ သက်ရောက်လာနိုင်မှု တွေနဲ့ပတ်သက်ပြီး အခုလိုပြောပြပါတယ်။
ပိုးသတ်ဆေးဖျန်းထားတဲ့ပန်းတွေ၊ ဒါမှမဟုတ် အစား အသောက်တွေကို သုံးတယ်ဆိုရင် “ချက်ချင်းတော့ မသေဘူး။ စုဘူးထဲမှာ ပိုက်ဆံထည့်သလို ငါးပြား၊ ဆယ်ပြား များလာတာ။ အဲဒါကပျောက်မသွားဘူး။ အ္တရာယ်ရှိတယ်”လို့ သူက ဆိုတယ်။
ပိုးသတ်ဆေးသုံးခြင်းကြောင့် နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ အခြေအနေတွေကိုလည်း ဦးဖရက်သိန်းဖေက ရှင်းပြပါ သေးတယ်။
သုံးလိုက်တဲ့ ပိုးသတ်ဆေးတွေကြောင့် အကျိုးပြုပိုးတွေ သေမယ်။ “နောက်တစ်ခုက ဒီအဆိပ်တွေက မြေကြီးထဲမှာ ရောက်သွားမယ်၊ ရေထဲမှာ ရောက်သွားမယ်။ လူတွေက ပြန် သောက်မယ်၊ တိရိစ္ဆာန်တွေက ပြန်သောက်မယ်။ နောက်တစ်ခုက ဇီဝမျိုးကွဲတွေ ထိခိုက်မယ်၊ မြုံလာမယ်၊ ကင်ဆာတွေဖြစ်လာမယ် အများကြီးပဲ”လို့ သူက ဆက်ပြောပြပါတယ်။
ဘာကြောင့် ပိုးသတ်ဆေးသုံး
ပန်းစိုက်တဲ့တောင်သူတွေမှာလည်း အခြားစိုက်ပျိုးသီးနှံ တွေထက် ပိုးသတ်ဆေးအများအပြားသုံးစွဲရတဲ့ အကြောင်း ပြချက် ရှိနေပါတယ်။
ဘာကြောင့်လည်းဆိုတော့ “ရောင်းပန်းလှအောင် ပိုး သတ်ဆေးသုံးရတာပေါ့။ ပိုးကိုက်တယ်ဆိုရင် အဲဒီပန်းက ရောင်း တန်းမဝင်တော့ဘူး”လို့ နှင်းဆီစိုက်ပျိုးလာတာ ၁၄ နှစ်ရှိပြီဖြစ် တဲ့ ကိုစိုးဝင်းထွန်းကဆိုပါတယ်။
ဝယ်သူတွေအနေနဲ့ကလည်း နှင်းဆီပန်းတွေမှာ အရွက် ရော၊ အဖူးရော၊ အရိုးရော၊ စင်းလုံးချောပန်းမျိုးကို ကြိုက်တဲ့ အတွက် စိုက်ပျိုးတဲ့တောင်သူတွေမှာလည်း ဈေးကွက်တောင်းဆို မှုနဲ့ မိမိတို့စားဝတ်နေရေးအတွက် ပိုးသတ်ဆေးကို လှိုင်လှိုင် အသုံးပြုကြပါတယ်။
လက်ရှိ နှင်းဆီပန်းပင် ၇,၀၀၀ ကျော် စိုက်ပျိုးထားတဲ့ ကိုစိုးဝင်းထွန်းက “မဖြစ်မနေသုံးရတာပဲ။ ကိုယ်က အဲဒီဆေးမှ မသုံးရင်လည်း ရောင်းမစားရတော့ဘူး”လို့ဆိုပါတယ်။
သာမန်အားဖြင့် ပိုးသတ်ဆေးကို သုံးရက်ခြား၊ နှစ်ရက် ခြားဖျန်းပေမယ့် မိုးရာသီ ပိုးကောင်တွေကျချိန်ဆို နေ့တိုင်းလိုလို ဆေးဖျန်းရတယ်လို့ သူကပြောပါတယ်။ ဒီလို ဆေးမဖျန်းဘူးဆို ရင်လည်း နှင်းဆီပန်းတွေမှာ ပိုးကိုက်ပြီး ရောင်းစားလို့မရတဲ့ အနေအထားဖြစ်သွားနိုင်တယ်လို့ သူက အာပေါင်အာရင်းသန် သန်နဲ့ ရှင်းပြပါတယ်။
နှင်းဆီစိုက်ပျိုးရတဲ့ အရင်းအနှီးကလည်း မသေးလှပါဘူး။ ၁၅ ရက်သား အပင်ပေါက်ကနေ ခူးလို့ရတဲ့အရွယ် သုံးလသား အထိ ပြုစု၊ ယုယရတဲ့စရိတ်မှာ အပင်တစ်ထောင်ကို ဆယ်သိန်း (တစ်ပင်တစ်ထောင်ကျပ်) နီးပါးကုန်ကျပါတယ်။ စိုက်ပျိုးတဲ့၊ ထည့်ရတဲ့ စရိတ်တွေက အပင်သက်တမ်းတစ်နှစ်လောက်မှာ အရင်းကြေတယ်လို့ ပန်းစိုက်သူတောင်သူတွေက ရှင်းပြပါတယ်။
ခူးလို့ရတဲ့သုံးလသက်တမ်းကနေ နှင်းဆီပင်က အပြုအစု ကောင်းရင်ကောင်းသလို နှစ်နှစ်မှ ခြောက်နှစ်အထိ ခံနိုင်တယ်။ နှင်းဆီပွင့်တွေ ထပ်ထွက်လာနိုင်ဖို့ အစာကျွေး၊ ပိုးကောင်တွေ အ္တရာယ်မှကင်းအောင် ပိုးသတ်ဆေးဖျန်းကာ ဒီအပင်မှ ထပ်ပြီး ထွက်လာတဲ့ နှင်းဆီပွင့်တွေကို ခူးဆွတ်ရောင်းစားကြရပါတယ်။
“ဒီလုပ်ငန်းက တကယ်ကိုအားစိုက်နိုင်မှရတာ။ ကိုယ်အား မစိုက်လိုက်လို့ရှိရင် သူကလည်း သိသိသာသာလက္ခဏာကို ပြ တာ။ တစ်နေ့လုံး မျက်နှာစသစ်ကတည်းက မိုးချုပ်အထိပဲ”လို့ အသက်၂၈ နှစ်အရွယ် ကိုစိုးဝင်းထွန်းက နှင်းဆီစိုက်တောင်သူ တွေရဲ့ ဘဝကို ရှင်းပြပါတယ်။
နှင်းဆီပန်းနည်းတူ ပန်းတော်တော်များများဟာလည်း စိုက်ပျိုးတဲ့အခါမှာ အခြားစိုက်ပျိုးသီးနှံတွေထက် စိုက်ပျိုးစရိတ် ပိုမိုကုန်ကျသလို ပိုးသတ်ဆေးအသုံးပြုမှုတွေကလည်း ပိုများပြားလှပါတယ်။
ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဘုရားပန်းအတွက် အများဆုံးအသုံးပြုကြတဲ့ ဂန္ဓမာပန်းအမျိုးအစားတွေမှာလည်း နှင်းဆီပန်းတွေလို ပိုးသတ်ဆေးကို အတော်များများ အသုံးပြုရပါတယ်။
ဂန္ဓမာပန်းကတော့ နှင်းဆီနဲ့မတူပါဘူး။ ခူးနိုင်တဲ့အခြေအနေရောက်ဖို့ လေးလဝန်းကျင်ကြာတတ်ပါတယ်။ စိုက်ပျိုးစရိတ်မှာ အပင်တစ်သောင်းကို ရောင်းလို့ရတဲ့အချိန်အထိ ခြောက်သိန်းဝန်းကျင် (တစ်ပင်လျှင် ၆၀ ကျပ်) ကုန်ကျတယ်လို့ ခရမ်းမြို့နယ် ညောင်ပင်ကွင်းကျေးရွာမှာ လက်ရှိအပင်ရေ ခြောက်သောင်း စိုက်ပျိုးနေတဲ့ ကိုကျော်ဇေယျက ရှင်းပြပါတယ်။
ရန်ကုန်သီရိမင်္ဂလာဈေးကို တင်ပို့နေတဲ့ ပန်းအများစုကို စိုက်ပျိုးနေတဲ့ ခရမ်းမြို့နယ်မှာတော့ ပန်းအမျိုးအစားဆယ်မျိုး လောက်ကို စိုက်ပျိုးနေပါတယ်။ ဂန္ဓမာပန်း စိုက်ပျိုးတာကတော့ မျိုးပင်ပေါက်တွေကို ပြင်ဦးလွင်၊ ဟဲဟိုး၊ တောင်ကြီးစတဲ့ နေရာ တွေကနေ အများဆုံးမှာယူစိုက်ပျိုးကြတယ်လို့ ကိုကျော်ဇေယျ က ရှင်းပြပါတယ်။
စိုက်ပျိုးတဲ့နည်းစနစ်မှာလည်း သမားရိုးကျ သြဂဲနစ်မြေ သြဇာ အသုံးပြုမှုထက် “ဖြတ်လမ်းနည်း၊ ဓာတုဗေဒနည်း လိုက် နေကြတာပိုများတယ်။ သဘာဝမြေသြဇာတွေ မပါတော့ဘဲနဲ့ ဓာတုဗေဒမြေသြဇာ၊ ဓာတုပိုးသတ်ဆေးတွေချည်းပဲ တအားသုံး နေတယ်”လို့ သူက လက်ရှိသူ့ဒေသမှာ စိုက်ပျိုးနေတဲ့ အခြေ အနေကို ရှင်းပြပါတယ်။
ထိုသို့အသုံးပြုရခြင်းမှာလည်း သဘာဝနောက်ချေး၊ ကြက် ချေးနဲ့ ဖွဲပြာလိုမျိုး အော်ဂဲနစ်မြေသြဇာများ ရှားပါးလာလို့လို့ ကိုကျော်ဇေယျက ရှင်းပြပါတယ်။
ဓာတုပိုးသတ်ဆေးတွေ၊ ဓာတ်မြေသြဇာတွေသုံးတာဟာ ရေတိုမှာ သမားရိုးကျထက် အပင်ထွက်နှုန်းနဲ့ အပွင့်လှမှုတို့က များစွာသာလွန်နေပေမယ့် ရေရှည်အတွက် ရောဂါပိုးမွှားများ ထိန်းချုပ်ရခက်လာခြင်းများဖြစ်လာနိုင်တယ်လို့ ကိုကျော်ဇေယျ က ပြောပြပါတယ်။
ဂန္ဓမာစိုက်ခင်းတွေမှာ ပိုးသတ်ဆေးဘယ်နှမျိုးသုံးလဲလို့ မေးတော့ ကိုကျော်ဇေယျက “ဘယ်နှမျိုးလောက်သုံးလဲဆို တော့ ခင်ဗျား ရေလို့တောင်မရဘူးလို့ပြောရမလိုဖြစ်နေပြီ”လို့ ရယ်လျက်ပြောပါတယ်။
နှင်းဆီစိုက်ခင်းတွေအများကြီးရှိတဲ့ မှော်ဘီမြို့နယ် အတွင်းရှိ ကုလားကြီးကုန်းကျေးရွာနဲ့ မြောင်းတကာမှာရှိတဲ့ နှင်း ဆီမြိုင်က စိုက်ခင်းတွေကို သွားရောက်မေးမြန်းတဲ့အခါမှာတော့ ပန်းစိုက်ပျိုးသူတွေမှာ ပိုးသတ်ဆေးတွေကို ကိုင်တွယ်အသုံးပြုတဲ့ အခါ အ္တရာယ်ကင်းစေဖို့ လက်အိတ်၊ ခြေအိတ်၊ နှာခေါင်းစည်း အစ ရှိတဲ့ အကာအကွယ်ပစ္စည်းတွေကို အသုံးပြုသူမရှိသလောက် နည်းပါးတာကို တွေ့ရပါတယ်။
မြောင်းတကာဈေးအနီးမှာဆေးခန်းဖွင့်တာ လေးနှစ်ရှိပြီ ဖြစ်တဲ့ ဒေါက်တာသီဟဇော်ဟာ သူကုသနေရတဲ့ လူနာတွေထဲမှာ ပိုးသတ်ဆေးသုံးတာ စနစ်မကျလို့ ဒုက္ခရောက်ကြရတဲ့သူတွေ လည်း ပါတယ်လို့ဆိုပါတယ်။
တောင်သူတွေ ပိုးသတ်ဆေးနဲ့ပတ်သက်ပြီးတော့ အသိ ပညာအားနည်းတာကြောင့် “တစ်ခါတလေကျရင် ဆေးဖြန်းတဲ့ နော်ဇယ်ခေါင်းတွေ ပိတ်တယ်ဆိုရင်တောင် ပါးစပ်နဲ့ စုပ်ပြီးတော့ ဆေးတာမျိုးတွေ၊ စုပ်တာမျိုးတွေက အစရှိတယ်”လို့ သူ့အတွေ့ အကြုံကို ပြောပြပါတယ်။
“သူတို့က အမြဲတစေလည်းလုပ်တယ်။ ကျန်းမာရေး ဗဟု သုတတွေလည်း နည်းကြတော့ ဆေးဘူးတွေမှာလည်း ရေးထား တာပဲ။ မျက်မှန်တပ်ပါ။ မျက်နှာစည်းတွေ စည်းပါဆိုတာမျိုး ရှိတယ်။ ဒါပေမဲ့ တကယ့်တကယ်ကျရင် အဲဒါမျိုးသုံးတဲ့ လူဆိုတာ အယောက်တစ်ရာမှာ တစ်ယောက်တောင်မရှိကြဘူး”လို့ စိုက် ခင်းတွေမှာ ကြုံတွေ့နေရတဲ့အဖြစ်အပျက်ကို ဒေါက်တာသီဟ ဇော်က ရှင်းပြပါတယ်။
မြောင်းတကာကျေးရွာ နှင်းဆီမြိုင်ရပ်ကွက်မှာ နှင်းဆီ တစ်ဧက စိုက်ပျိုးထားတဲ့ အသက်၅၆နှစ်အရွယ် ဦးရဲသန်းက တော့ ပိုးသတ်ဆေးကအ္တရာယ်ရှိတယ်ဆိုတာ သိပေမယ့်လည်း “စိုက်ခါစကတော့ ပိုးသတ်ဆေးတွေကို ကြောက်တာပေါ့။ နောက်ပိုင်းတော့လည်း ရိုးသွားတော့ ထူးပြီးတော့ မမှုတော့ ပါဘူး”လို့ သူက လေသံခပ်အေးအေးနဲ့ ရှင်းပြပါတယ်။
ဦးရဲသန်း နှင်းဆီစိုက်ပျိုးလာတာ ဆယ်နှစ်ရှိပြီ။ ပိုးသတ် ဆေးအ္တရာယ်ကို လုံးဝမသိသူတစ်ဦးတော့ မဟုတ်ပါဘူး။ သူက စာဖတ်ဝါသနာပါသူတစ်ဦးပါ။ ပိုးသတ်ဆေးအ္တရာယ်နဲ့ စိုက် ပျိုးရေးနည်းပညာတွေကို လေ့လာနေသူတစ်ဦးလည်း ဖြစ်ပါ တယ်။ ဒါပေမဲ့လည်း သူက တကယ်တမ်းလက်တွေ့ဆေးဖြန်းတဲ့အခါမှာ လမ်းòန်ချက်တွေကို လိုက်နာဖို့ ဆန္ဒမရှိပါဘူး။
“အခုတော့မသိသေးဘူး။ နောင်အခါ ကြာလာတော့ ဖြစ် ချင်လည်းဖြစ်မှာပေါ့လေ”ဟု သူက ခပ်အေးအေးပဲ ကွပ်ပျစ်ပေါ် တင်ပလွှဲထိုင်နေရင်းက ပြောပြတယ်။
အခုတော့ ကျန်းမာနေတယ်လို့ဆိုတဲ့ ဦးရဲသန်းကို လတ် တလော ကျန်းမာရေးပြဿနာ ဘာတွေခံစားနေရလဲလို့မေးတဲ့ အခါ ကျောအောင့် ၊ နောက်ကျောတက်၊ လေထိုးသလိုဖြစ်နေပြီး အစားစားချင်စိတ် မရှိဘူးလို့သူက သူသောက်နေတဲ့ ဆေးကတ် လေးတွေကို ကြွပ်ကြွပ်အိတ်ထဲက ထုတ်ပြရင်းဆိုပါတယ်။ အခါ အားလျော်စွာ ခေါင်းမူးတာ၊ မျက်လုံးနာတာ၊ ကိုယ်လက်နာတာ တွေလည်း ဖြစ်တယ်လို့ဆိုပါတယ်။
ကျွန်တော်တွေ့ခဲ့တဲ့ ပန်းစိုက်ပျိုးသူအများစုဟာ ဦးရဲသန်းလို ပိုးသတ်ဆေးကို ပေါ့ပေါ့တန်တန်အသုံးပြုနေကြပါတယ်။ မကြာခဏဆိုသလို တောင်သူတွေကို ပိုးသတ်ဆေးအန္တရာယ် တွေနဲ့ပတ်သက်ပြီး ဆေးရောင်းသူတွေက ဆေးလာကြော်ငြာကြရင်း ပညာပေးခဲ့တာတွေရှိတယ်လို့တော့ တောင်သူတွေက ဆို ကြပါတယ်။
ဒါ့အပြင် တချို့ပိုးသတ်ဆေးဘူးတွေမှာလည်း ပိုးသတ် ဆေးကိုင်တွယ်ပါက ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကို ဆေးညွှန်းတွေ ပါရှိနေပေမယ့် တောင်သူအများစုကတော့ အကာအကွယ်ဝတ်စုံတွေ အပြည့်ဝတ်ဆင်ပါက သူများထက် တစ်မူထူး တယ်လို့ အပြောအဆို၊ အပြောင်အလှောင်ခံရမှာကို စိုးရွံ့ကြခြင်း၊ အလုပ်လုပ်ရတာ မလွတ်လပ်ခြင်းတို့ကြောင့် လိုက်နာမှုမရှိကြပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး ခရမ်းမြို့နယ် ကျန်းမာရေးဦးစီးဌာန မှူး ဒေါက်တာစောသူရိန်က “ပြောတော့ ပြောနေကြတယ်။ ပညာပေးမှုတွေကတော့ ရှိနေပါတယ်။ ဒါပေမဲ့ လိုက်နာမှု အား နည်းကြတယ်။ အမူအကျင့်တွေပြောင်းလဲရမယ်။ တို့လူမျိုးကိုက ဖြစ်ခါမှ ဖြစ်ရော ပေါ့ပေါ့ဆဆလုပ်ကြတယ်” လို့ သူက အားမလို အားမရပြောပါတယ်။
ခရမ်းဆေးရုံမှာဆိုရင် ပိုးသတ်ဆေးနဲ့ပတ်သက်ပြီး တစ်လ ကို အနည်းဆုံး လေး၊ ငါးယောက်ခန့် လာရောက်ကုသကြတယ် လို့ဆိုပါတယ်။
ခရမ်းမြို့နယ်၊ ကျုံမရေကျေးရွာက ဂန္ဓမာပန်းစိုက်ပျိုးနေတဲ့ ကိုချစ်ကိုဆိုရင် “ပိုးသတ်ဆေးကိုင်တွယ်တဲ့အခါမှာ လက်အိတ် တွေ၊ ဘာတွေတော့လုပ်မနေပါဘူး။ ဒီတိုင်းလက်နဲ့ကိုင်လိုက် တာပဲ”လို့ သူက ကွမ်းတဗျစ်ဗျစ်ထွေးနေရင်းက ရှင်းပြတယ်။
နောက်ပြီးတော့ သူသုံးတဲ့ဆေးနံ့တွေက သုံးတာကြာလာ တာနဲ့အမျှ နှာခေါင်းနဲ့ ယဉ်ပါးနေပြီလို့လည်း သူက ပြောပါတယ်။
သူ့စိုက်ခင်းရှေ့တည့်တည့်မှာရှိတဲ့ ဂန္ဓမာပန်းခြံ ပိုင်ရှင်တစ် ယောက်ဆိုရင်လည်း သူ့လိုပင် ဘာမှကို အကာအကွယ်ပစ္စည်းမှ မသုံးပါဘူး။ ထိုစိုက်ခင်းပိုင်ရှင် အသက် ၄၅ နှစ်အရွယ် ကိုတင်စိုး ကတော့ သူ့ဘဝမှာ မှတ်မှတ်ရရ နှာခေါင်းစည်းကို တစ်ခါပဲစည်း ဖူးတယ်လို့ု ပြောပါတယ်။
“မနှစ်တုန်းက တစ်ခါတပ်ဖူးတယ်။ တစ်ရက်တပ်ပြီးတော့ ပတ်ကြည့်လိုက်တယ်။ နှာခေါင်းမွန်းလာတယ်။ အဲဒါနဲ့ဖြုတ်ပစ် လိုက်တာ”လို့ဆိုပြီး ဒီလိုအကာအကွယ်ပစ္စည်းတွေသုံးပြီး မလုပ် တတ်ဘူးလို့ သူက ပွင့်ပွင့်လင်းလင်းပြောပြပါတယ်။
ဘယ်လိုဖြေရှင်းကြမလဲ
လက်ရှိအချိန်မှာတော့ ပန်းစိုက်ပျိုးမှုတွေမှာ ပိုးသတ်ဆေး အလွန်အကျွံသုံးစွဲမှုနဲ့ ထိုပန်းတွေကို အသုံးပြုသူတွေ၊ ပန်းစိုက် ပျိုးသူတွေရဲ့ပြဿသနာကို ဖြေရှင်းဖို့ နည်းလမ်းလိုအပ်လာပြီဖြစ်ပါတယ်။
စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ၊ ပိုးသတ် ဆေးမှတ်ပုံတင်ဌာနစုမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းလွင်က စိုက် ပျိုးသူ တောင်သူတွေအနေနဲ့ ဆေးဘူးမှာပါတဲ့ အညွှန်းတွေ အတိုင်း လိုက်နာဆောင်ရွက်မယ်ဆိုရင်တော့ ပြဿ နာပြေလည် နိုင်မှာဖြစ်ပြီး စိုက်ပျိုးရေးဝန်ကြီးဌာနအနေနဲ့ သီးနှံအလိုက်ဘက် စုံကာကွယ်မှုနည်းလမ်းတွေကို ရှာဖွေဖော်ထုတ်နေလျက်ရှိ တယ်လို့ ဆိုပါတယ်။
ဘက်စုံကာကွယ်ရေးနည်းလမ်းဆိုတာက ပိုးသတ်ဆေးကို လိုအပ်မှ အသုံးပြုတဲ့ နည်းလမ်းဖြစ်ပြီး လိုတာထက်ပိုသုံးစွဲပါက ဘေးထွက်ဆိုးကျိုးများအနေနဲ့ ပိုက်ဆံပိုကုန်ခြင်း၊ ပတ်ဝန်းကျင် ကို ညစ်ညမ်းစေခြင်း၊ တောင်သူတွေကို အကျိုးပြုနေတဲ့ အကျိုး ပြုပိုးတွေသေဆုံးခြင်းနဲ့ ဂေဟစနစ်ကို ပျက်စီးစေခြင်း၊ ဂေဟ စနစ်ပျက်သွားတဲ့အတွက် ပိုးရောဂါတွေဟာ မလိုအပ်ဘဲ အလွန် အမင်းကျရောက်မှုတွေ ဖြစ်ပေါ်စေနိုင်တယ်လို့ဆိုပါတယ်။
“ကိုယ်စိုက်မယ့်သီးနှံကို ပန်းဖြစ်စေ၊ ရာသီသီးနှံဖြစ်စေ၊ စပါးဖြစ်စေ စသည်အားဖြင့် ကိုယ်သီးနှံပေါ်မှာတော့ ဓာတုဆေး မှန်သမျှကို မည်သည့်ဆေးမဆို လိုအပ်မှသာသုံးဖို့လိုပါတယ်”လို့ ဒေါ်စန်းစန်းလွင်က ပိုးသတ်ဆေးအသုံးပြုမှုနဲ့ ပတ်သက်ပြီး အကြံ ပေးပါတယ်။
ဓာတုဗေဒ အင်ဂျင်နီယာတစ်ဦးဖြစ်ကာ ပိုးသတ်ဆေးနှင့် ပတ်သက်ပြီး ဆောင်းပါးတွေ ရေးသားနေသူ ဘော်ဘီမိုးကလည်း ပိုးသတ်ဆေးအန္တရာယ်နှင့်ပတ်သက်ပြီး ပိုမိုသိရှိနားလည်လာ စေဖို့ တောင်သူတွေ၊ စားသုံးသူတွေအနေနှင့် ပညာရည် အဆင့် အတန်းတွေ မြှင့်တင်သင့်တယ်လို့ ထောက်ပြပါတယ်။
တစ်ဆက်တည်းမှာပဲ ပိုးသတ်ဆေးနှင့်ပတ်သက်ပြီး ဥပဒေ တွေကို လေးစားလိုက်နာဖို့လိုကြောင်းနဲ့ လက်ရှိမှာတော့ လိုက် နာဖို့ နေနေသာသာ ထိုဥပဒေတွေကို ဖတ်မယ့်သူပင်မရှိဘူးလို့ သူက ထောက်ပြပါတယ်။
ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ စားသုံးသူကာကွယ်ရေး အသင်းအဖွဲ့တွေက ခိုင်မာစွာရှိနေပြီး မြန်မာနိုင်ငံတွင်တော့ စား သုံးသူတွေအတွက် အကာအကွယ်ပေးမှု အားနည်းနေပါတယ်။ ထို့ကြောင့် အဓိကကျတဲ့စားသုံးသူတွေကသာ မိမိနေ့စဉ်သုံးစွဲ နေတဲ့ အသုံးအဆောင်စားသောက်ကုန်များကို ရွေးချယ်စား သောက်၍ မိမိကိုယ်ကိုယ်ကာကွယ်ပြီး အစိုးရနှင့် ထုတ်လုပ်သူ တွေကို ဖိအားပေးဆောင်ရွက်ရမယ်လို့ ၎င်းက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ပိုးသတ်ဆေးအသုံးပြုမှုနဲ့ပတ်သက်ပြီး အခုအချိန်ထိ လမ်းမှန်ပေါ် မရောက်သေးဘဲ အစွန်းထွက်နေကြ တယ်လို့ ဦးဖရက်သိန်းဖေက ဆိုပါတယ်။
ဘာကြောင့်လဲဆိုတော့ ဓာတုအသုံးပြုသူများအနေနဲ့က လည်း ပိုးသတ်ဆေးများကို လွန်ကဲစွာ အသုံးပြုနေကြပြီးသြဂဲနစ်သမားများကလည်း ဓာတုဆေးဝါးကို လုံးဝဆန့်ကျင်နေကြတယ်လို့ သူက ဆိုပါတယ်။
သူကတော့ နှစ်ခုစလုံးကို အချိန်အခါအလိုက် မျှတနား လည်စွာ သုံးရမယ်လို့ဆိုပါတယ်။
သူ့အမြင်အရတော့ ကမ္ဘာမှာ လက်ရှိအသုံးပြုနေတဲ့ Ve-getal Extract (သစ်စိမ်းစစ်ရေ) နည်းပညာကို အသုံးပြုသင့် တယ်လို့ဆိုပါတယ်။ သစ်စိမ်းစစ်ရေဆိုတာက အရည်ရွှမ်းတဲ့ ပိစပ်၊ ပင်စိမ်း၊ ပဒိုင်း စတဲ့အရွက်တွေကို အရည်အဖြစ်အမှုန့်အဖြစ်
ပြုလုပ်ပြီး အပင်တွေမှာ ဆေးအဖြစ် ပြန်သုံးတဲ့စနစ်ဖြစ်ပါတယ်။
“အစာလည်းဖြစ်၊ ကာကွယ်ပြီးသားလည်းဖြစ်တယ်။ ဂန္ဓမာပဲဖြစ်ဖြစ်၊ ဘယ်ပန်းပဲဖြစ်ဖြစ် အပင်ငယ်ထဲက အဲဒီကောင် ကို သုံးရမယ်။ ကြီးလာရင် ပိုးသတ်ဆေးသိပ်မလိုတော့ဘူး”လို့ ဦးဖရက်သိန်းဖေက အကြံပြုပါတယ်။
ခရမ်းမြို့နယ် ညောင်ပင်ကွင်းကျေးရွာမှာ ဂန္ဓမာပန်းစိုက် ပျိုးသူ စီးပွားရေးနဲ့ဘွဲ့ရရှိထားသူ ကိုကျော်ဇေယျကတော့ သူ့စိုက် ခင်းမှာတော့ ဓာတုဒေနည်းနဲ့ သဘာဝအော်ဂဲနစ်နည်းပညာကို မျှပြီး သုံးစွဲစိုက်ပျိုးနေတယ်လို့ ဆိုပါတယ်။
သူ့ဒေသအခြေအနေအရ လက်ရှိမှာတော့ သူတစ်ယောက် တည်း အသိပညာရှိရုံနဲ့မလုံလောက်ဘဲ အခြားစိုက်ပျိုးနေတဲ့ တောင်သူတွေမှာလည်း နားလည်သိရှိကြဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။
နေ့စဉ်ပိုးသတ်ဆေးတွေကို ထိတွေ့ကိုင်တွယ် စိုက်ပျိုးနေ ရတဲ့ သူကိုယ်တိုင်နဲ့ ပန်းစိုက်တောင်သူတွေရဲ့ဘဝကိုလည်း စိုးရိမ် နေပါတယ်။
သူတို့ရဲ့ဘဝက “ချောက်ပေါ်မှာကြိုးတန်းပြီး ကြိုးပေါ်မှာ လျှောက်နေရသလိုပဲ အချိန်မရွေးပြုတ်ကျသွားနိုင်တယ်။ ရှင်းရှင်းပြောရရင်တော့ အသက်ဘေးနဲ့ လုလုပ်နေရတာပဲ”လို့ သူက ဆိုတယ်။
ကဲ…အခုလောက်ဆိုရင် ကျွန်တော်တို့နှစ်သက်ကြတဲ့ လှပ တဲ့ ပန်းလေးတွေရဲ့ နောက်ကွယ်က အခြေအနေတွေကို တစေ့ တစောင်းတော့ သိရလောက်ပါပြီ။
အဲဒီတော့ ချစ်သူများနေ့မှာပေးမယ့် နှင်းဆီပန်းတွေဟာ အဆိပ်တွေနဲ့ မွေးဖွားဖူးအာခဲ့ရတယ်ဆိုတော့ အဲဒီပန်းကို ရှူ ရှိုက်မိတဲ့ ကျွန်တော်တို့ ချစ်သူတွေကိုရော ပိုးသတ်ဆေးဓာတ် ကြွင်းတွေက မတိုက်ခိုက်နိုင်ပေဘူးလား။
အဲဒီတော့ ပန်းလှလှလေးတွေ မွေးထုတ်ပေးနေတဲ့ ပန်း စိုက်သူတွေရဲ့ ကျန်းမာရေး၊ ပြီးတော့ ပန်းကို အသုံးပြုနေတဲ့ ကျွန် တော်တို့တစ်တွေရဲ့ ကျန်းမာရေးအတွက် သက်ဆိုင်ရာက ဘာ တွေ ပြုလုပ်ပေးသင့်တယ်လို့ စာဖတ်သူထင်ပါသလဲ။ ကျွန်တော် ရေးနေတဲ့ ဒီပန်းဇာတ်လမ်းက မပြီးသေးပါဘူးနော်။ ဆက်ပြီးရေး ဦးမှာပါ။ ။
၂၀၁၅-ဖေဖေါ်ဝါရီလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ် (၂၀) မှ သတင်းဆောင်းပါး ဖြစ်ပါသည်။
သက်ဦးမွန် ရေးသည်။

