ဟေမာန်ပြည့် ရေးသည်။
ရန်ကုန်၊ မတ် ၂၀
ရန်ကုန်မြို့ရှိ တည်းခိုခန်းများတွင် နိုင်ငံခြားသားများတရားဝင်တည်းခိုနိုင်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ဥပဒေကို လာမည့်ဧပြီလအတွင်းပြင်ဆင်နိုင်ရန် လုပ်ဆောင်နေကြောင်း ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုး က ပြောသည်။
မတ် ၂၀ ရက်တွင် ပြန်လည်စတင်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထအကြိမ်မြောက်အစည်းအဝေး ပထမနေ့ တွင် စမ်းချောင်းမြို့နယ်မဲဆန္ဒနယ် အမှတ်- ၂ မှ လွှတ်တော်ကိုယ်စားလှယ်ဦးသော်တာအောင်၏ ‘ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ ထုတ်ပေးသည့် တည်းခိုခန်း၊ ဘော်ဒါဆောင်လိုင်စင်ဖြင့် ဖွင့်လှစ်ထားသည့် တည်းခိုခန်း၊ ဘော်ဒါဆောင်များတွင် နိုင်ငံခြားသားများတည်းခိုနေထိုင်ခြင်းသည် ဥပဒေနှင့်ညီညွတ်ခြင်းမရှိသည့်အတွက် စည်ပင်သာ ယာရေးကော်မတီအနေဖြင့် မည်သို့ဆောင်ရွက်မည်ကိုသိရှိလိုကြောင်း” မေးခွန်းအပေါ် ၎င်းက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
မြို့တော်ဝန်ဦးမောင်မောင်စိုးက “နိုင်ငံခြားသားတွေ ဒီမှာတည်းလို့ မရဘူးဆိုရင် ရန်ကုန်တိုင်းအတွက် ဝင်ငွေဟာနစ်နာ သွားနိုင်တဲ့အတွက်ကြောင့် သင့်တင့်တဲ့ဈေးနှုန်းဘယ်လို သတ်မှတ်မလဲ။ ဧရိယာက စံသတ်မှတ်ပြီးတော့ Bed and Breakfast ဆိုရင်လည်း ဘယ်လိုအနေနဲ့ထားမလဲ၊ တခြားအနေနဲ့အခန်းအကျယ်အဝန်း၊ သတ်မှတ်တဲ့ဈေးနှုန်းက အစပြန်ပြင်ဖို့နဲ့ ကြိုးစားနေပါတယ်” ဟု ပြောသည်။
၂၀၁၃ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေအရ လုပ်ငန်းလုပ်ကိုင်ခွင့်ပြုထားသည့် တည်းခိုခန်း၊ ဘော်ဒါဆောင်များ တွင် ပြည်တွင်းခရီးသွားများကိုသာ တည်းခိုခွင့်ပြုထားပြီး နိုင်ငံခြားသားများကို တည်ခိုခွင့် မပြုထားပေ။
ယခင်က တည်းခိုခန်း၊ ဘော်ဒါဆောင်များသည် စည်ပင်မှလုပ်ငန်းလိုင်စင်ယူကာ နိုင်ငံခြားသားများကို တည်းခိုခွင့်ပြု နေခြင်းသည် တရားမဝင်လုပ်ကိုင်နေခြင်းဖြစ်ပြီး တိုင်းပြည်အတွက် အခွန်ဘဏ္ဍာမရရှိသကဲ့သို့ အဂတိလိုက်စားမှု များလည်းဖြစ်ပေါ်နိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးသော်တာအောင်က ထောက်ပြဆွေးနွေးခဲ့သည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် လက်ရှိအချိန်အထိ ရန်ကုန်တိုင်းတွင် တည်းခိုခန်း ၄၃၁ ခုနှင့် ဘော်ဒါ ဆောင် ၃၁၉ ခု ခွင့်ပြုထားသည်။ ။

