မာလာကုန်း(ဒေးဒရဲ)၊ ဒီဇင်ဘာ ၂၀၁၄
အသက် ၇၆ နှစ်အရွယ် ဒေါ်နှင်းရီသည် ဒူးခေါင်းပေါ် မေး တင်ထိုင်နေရင်းက မောဟိုက်နေသည်။ လည်ချောင်းနှင့် ပါးစပ်မှ ဟောဟဲအသံများ အဆက်မပြတ် ပေါ်ထွက်နေသည်။ သစ်ပင်၊ ဝါးပင်များ ပတ်ပတ်လည်ဝန်းရံထားသော ဓနိမိုး၊ ဝါးထရံကာ အိမ်လေးထဲတွင် ဒေါ်နှင်းရီသည် တစ်ယောက်တည်း နေထိုင် လျက်ရှိသည်။
ဒေါ်နှင်းရီ၏အိမ်လေးသည် နံရံများ ပျက်စီးနေပြီဖြစ်ပြီး နေရောင်များကလည်း ဓနိမိုးထားသော ခေါင်မိုးပေါက်များ ကြားမှ အိမ်ထဲသို့ လက်နှိပ်ဓာတ်မီး ထိုးထားသကဲ့သို့ ဖြာကျနေ သည်။ ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်အတွင်းရှိ မာလာ ကုန်းကျေးရွာတွင် နေထိုင်နေသောဒေါ်နှင်းရီသည် အဆုတ် ရောဂါကို ခံစားနေရသည်မှာ နှစ်နှင့် ချီနေပြီဖြစ်သည်။
တစ်ခါတစ်ခါ လမ်းလျှောက်နေရင်းမောဟိုက်ကာ လမ်း ဘေးထိုးလဲကျသွားတတ်သည်။ သူ၏ရောဂါကို သူတို့ကျေးရွာ တွင် ကုသ၍မရနိုင်။ မြို့ပေါ်တက်ကုမှ သက်သာမည်။ သို့သော် သူ့အဖို့ မြို့တက်ပြီး ဆေးကုသရန်မှာ အိပ်မက်မျှသာဖြစ်သည်။
ဒေါ်နှင်းရီတွင် သားသမီးခြောက်ယောက်ရှိသော်လည်း ၎င်းင်းတို့အားလုံး အိမ်ထောင်ကျသွားကြပြီဖြစ်ရာ ဒေါ်နှင်းရီတစ်ဦး တည်းသာ အိမ်မှာကျန်ရစ်ခဲ့တော့သည်။ စားရေးသောက်ရေး အတွက် သူ့အိမ်နီးတွင် နေထိုင်သည့် သမီးဖြစ်သူနှင့် ရွာသားများ က ပေးကမ်းကြသည်။
ဒေါ်နှင်းရီသည် သူ၏ရောဂါကို ဆရာဝန်နှင့်ပြချင်သည်။ သို့သော် ယခုလိုအခြေအနေတွင် သူ့ကျန်းမာရေးတွက် ဆေးရုံ၊ ဆေးခန်းသွားပြီး ဆေးကုသရန် မမျှော်လင့်တော့ဟု မောဟိုက် နေသည့်ကြားမှ စကားကို တစ်လုံးချင်း ပြောသည်။ စကားပြော သည်နှင့်အမျှ မောဟိုက်သံက ပို၍ကျယ်လာသည်။
“ဆရာဝန်နဲ့တော့ ပြချင်တာပေါ့။ ကျုပ်က တစ်ယောက် တည်းလေ။ ဘယ်လိုလုပ်ပြနိုင်မလဲ။ နေမကောင်းဖြစ်ရင် ရွာမှာ ဆေးကုနေတဲ့သူတွေနဲ့ပဲ(ဆေး)ထိုးလိုက်တယ်”ဟု မောဟိုက် နေသည့်ကြားမှပြောသည်။ တဟွတ်ဟွတ်ဆိုးနေသော ချောင်း က သူ့စကားကို ဖြတ်တောက်ပစ်သည်။
ဒေါ်နှင်းရီကို ဆေးထိုးပေးသူသည် အနောက်တိုင်းဆေး ပညာကို စနစ်တကျမလေ့လာဘဲ ဆေးထိုးအပ်ကိုင်ကာ ကုသနေ သူ၊ အရပ်အခေါ် အပ်ပုန်း(သို့) ရမ်းကုတစ်ယောက်ဖြစ်သည်။
ဒေါ်နှင်းရီတို့ရွာမှ ဒေးဒရဲမြို့သို့ ဆေးသွားကုမည်ဆိုလျှင် အသွားအပြန် ဆိုင်ကယ်ကယ်ရီခ ကျပ်လေးထောင်၊ ဆေးခန်းပြ ခငွေ ကျပ်သုံးထောင့်ငါးရာရှိသဖြင့် အနည်းဆုံး ခုနစ်ထောင်နှင့် ရှစ်ထောင်ဝန်းကျင်ကုန်ကျမည်ဖြစ်သည်။ ဘာမှ မလုပ်နိုင်၊ မကိုင်နိုင် အသက်ရွယ်ရနေပြီဖြစ်သော ဒေါ်နှင်းရီအတွက်တော့ ထိုငွေကိုရှာရန်မှာ မဖြစ်နိုင်။
အရပ်သားအစိုးရ တက်လာပြီးနောက်ပိုင်း ကျန်းမာရေးအသုံးစရိတ်မြှင့်တင်သုံးစွဲလာခဲ့သဖြင့် ယခင်နှင့်ယှဉ်ပါက ကျန်းမာရေးစောင့်ရှောက်မှုစနစ် ကောင်းမွန်လာသည်ဟု ဆိုကြ သော်လည်း ဒေါ်နှင်းရီကဲ့သို့ ကျေးလက်နေပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းတွင် အခက်အခဲများနှင့် စိန် ခေါ်မှုများက ရှိနေဆဲပင်ဖြစ်သည်။
မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနတွင် လူတိုင်း သက် တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေးနှင့် လူတိုင်းရောဂါဘယ ကင်းရှင်းစေရေးဟူသည့် ရည်မှန်းချက်နှစ်ရပ်ကို ချမှတ်ဆောင် ရွက်လျက်ရှိရာ အဆိုပါရည်မှန်းချက်များကို အကောင်အထည် ဖော်ရန် ကျေးလက်ဒေသအောက်ခြေအထိ ကျန်းမာရေးအသိ ပညာပေးခြင်း၊ ရောဂါကာကွယ်တားဆီးခြင်း၊ ရောဂါဖြစ်ပွား လျှင် ထိရောက်စွာကုသပေးခြင်းဟူသည့် နည်းနာသုံးရပ်ကို ချ မှတ်ထားသည်။
သို့သော် တစ်နိုင်ငံလုံးလူဦးရေ၏ ၇၀ ရာခိုင်နှုန်း (၃၆သန်း)နီးပါး နေထိုင်နေကြပြီး ကျေးရွာပေါင်း ၆၅,၀၀၀ ကျော်ရှိ သော ကျေးလက်ဒေသတွင် ကျန်းမာရေးလုပ်သား လုံလောက်မှုမရှိ ခြင်း၊ ရှေးရိုးစွဲအယူအဆများဖြင့် ကုသခြင်း၊ ကျန်းမာရေးအသိ ပညာ နည်းပါးခြင်းတို့သည် ခေတ်ပြောင်းလာသော်လည်း မပြောင်းလဲဘဲ တရွတ်တိုက်လိုက်ပါနေဆဲပင်ဖြစ်ပါသည်။
အလှမ်းဝေးဆဲ
ထို့ပြင် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ဆေးပေး ခန်းများ၊ ဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်ကုသရန်မှာလည်း အချို့သောဒေသများအဖို့ လမ်းပန်းဆက်သွယ်ရေးက အဆင် မပြေလှပါ။ အထူးသဖြင့် ဝေးလံခေါင်သီသောဒေသများတွင် ဆေးရုံ၊ ဆေးခန်းသို့ရောက်ရှိရန် နေ့တစ်ဝက်မှသည် တစ်နေကုန် နီးပါးအထိ သွားလာကြရသည်။
ကျန်းမာရေးဦးစီးဌာနမှရရှိသည့် ကိန်းဂဏန်းများအဆို အရ ကျေးလက်ဒေသအတွက် ကျေးလက်ကျန်းမာရေးဌာန ၁,၆၉၆ ခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ၈,၆၂၀ ခုရှိသည်ဟု ဆိုပါသည်။
ကျေးလက်ကျန်းမာရေးဌာနတစ်ခုသည် ကျေးရွာ ၃၇ ရွာနှင့် လူဦးရေ နှစ်သောင်း၊ ကျေးလက်ကျန်းမာရေးဌာနခွဲတစ်ခု သည် ကျေးရွာ ၇ ရွာနှင့် လူဦးရေ ၄,၀၇၇ ကို လွှမ်းခြုံမှုပေးနိုင်သည် ဟု ကျန်းမာရေးဦးစီးဌာနက မော်ကွန်းသို့ ပြောသည်။
လက်ရှိ ကျန်းမာရေးဌာနနှင့် ဌာနခွဲများတွင် ကျန်းမာရေး ဝန်ထမ်းများကို ခွင့်ပြုအင်အား၏ ရာနှုန်းပြည့်နီးပါး ခန့်ထားနိုင် ပြီး ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုလည်း ခက်ခဲ သော ဒေသအနည်းငယ်မှအပ ရာနှုန်းပြည့် လွှမ်းခြုံဆောင်ရွက် နိုင်ပြီဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနက ဆိုသည်။
ကျန်းမာရေးဝန်ကြီးဌာနက ကျေးလက်ကျန်းမာရေးဌာနနှင့်ဌာနခွဲများ တိုးခဲျ့လာခဲ့သည်ဟုဆိုသော်လည်း တစ်နိုင်ငံလုံး အတိုင်းအတိုင်းအတာနှင့် မလွှမ်းခြုံနိုင်သေးဟု မြန်မာနိုင်ငံကျန်း မာရေးမှူးအသင်းမှ စီမံချက်မန်နေဂျာ ဦးအောင်ရှိန်က ပြောသည်။
အထူးသဖြင့် စစ်ပွဲများဖြစ်ပွားရာနေရာများ၊ ပဋိပက္ခမပြေ လည်သေးသည့်နေရာများနှင့် ပထဝီအနေအထားအရ ဝေးလံသီ ခေါင်ပြီး လမ်းပန်းဆက်သွယ်ရေးဆိုးရွားသော ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှုကို အပြည့်အ၀ မပေးနိုင်သေး ကြောင်း ၎င်းင်းက ဆိုပါသည်။
“ကျန်းမာရေးဝန်ထမ်းတွေ၊ ဌာနတွေ ရှိနေဦး။ စစ်ပွဲတွေ၊ ပဋိပက္ခတွေဖြစ်နေမယ်ဆိုရင် အဲဒီနေရာတွေကို ဘယ်လိုမှ ကျန်း မာရေးစောင်ရှောက်မှုမပေးနိုင်ဘူး”ဟု ဦးအောင်ရှိန်က ဆို သည်။
မြန်မာနိုင်ငံတွင် လူမျိုးရေးပဋိပက္ခများဖြစ်ပွားခဲ့ရာဒေသတစ်ခုဖြစ်သည့် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ကို ကြည့် မည်ဆိုလျှင် အဆိုပါဒေသရှိ နှစ်ဖက်လူ့အဖွဲ့အစည်းကြား ကျေးလက်ကျန်းမာရေးစောင့်ရှောက်မှုပေးရန်မှာ အခက်အခဲများစွာ ရှိနေသည်ဟု မောင်တောမြို့နယ်မှ ကျန်းမာရေးမှူးတစ်ဦးဖြစ်သူ ဦးမောင်အေးသာက ပြောသည်။
မောင်တောမြို့နယ်တွင် အချို့ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများနေထိုင်ရာ ကျေးရွာများသည် တောင်ပေါ်ဒေသများတွင် ရှိပြီး အချို့သောဘင်္ဂါလီကျေးရွာများသည် မြို့နှင့်ဝေးသည့် မြစ် ကမ်းနားဘေးတွင်နေထိုင်ကြသည်။ ထိုဒေသများသို့သွားရန် လမ်းပန်းဆက်သွယ်ရေးအရသော်လည်းကောင်း၊ လုံခြုံရေးအရ သော်လည်းကောင်း အခက်အခဲများစွာရှိသည်ဟု သူက ဆိုပါသည်။
“ဒီမှာက လူအဖွဲ့အစည်း နှစ်ရပ်ဖြစ်နေတဲ့အတွက် ဝန် ထမ်းတွေ လွတ်လွတ်လပ်လပ် သွားလာလို့ရအောင် လုပ်ပေးရင် တော့ ပိုပြီးကျန်းမာရေးကောင်းလာမယ်လို့ထင်တယ်”ဟု မောင် တောမြို့နယ်ကျန်းမာရေးမှူးက ပြောပြသည်။
ကျေးလက်ဆိုလျှင် မသွားချင်
နောက်ထပ်ပြဿ နာတစ်ခုမှာ မြို့ပြများလောက် ဖွံ့ဖြိုးမှု မရှိသော ကျေးလက်ဒေသများတွင် တာဝန်ထမ်းဆောင်လိုသည့် ဆရာဝန်နှင့် ကျန်းမာရေးလုပ်သား ရှားပါးသည့်ကိစ္စဖြစ်သည်။
မည်သည့်ကဏ္ဍပဲကြည့်ကြည့် ကျေးလက်ဒေသများသည် မြို့ပြနှင့်မည်သို့မျှမယှဉ်သာအောင် နောက်ကျကျန်ရစ်နေခြင်း သည် ဆရာဝန်နှင့် ကျန်းမာရေးလုပ်သားများ ကျေးလက်ဒေသ သို့ သွားရောက်တာဝန်မထမ်းဆောင်လိုသည့် အကြောင်းပြချက် များစွာထဲက တစ်ခုအပါအဝင်ဖြစ်သည်ဟု ပညာရှင်များက ဆိုပါသည်။
မြန်မာနိုင်ငံတွင် ဆရာဝန်ဖြစ်လာကြသူအများစုသည် မြို့ ပြမိသားစုများမှ ပေါက်ဖွားလာကြသူများဖြစ်ကြရာ အစစအရာ ရာ ဖွံ့ဖြိုးမှုအားနည်းသော ကျေးလက်ဒေသများသည် ၎င်းင်းတို့ကို မဆွဲဆောင်နိုင်ကြပါ။ သို့ဖြစ်ရာ လစာပိုပေးမည်ဆိုလျှင်ပင် ကျေး လက်သို့ သွားရောက်တာဝန်ထမ်းဆောင်လိုခြင်းမရှိကြဘဲ မြို့ပြ တွင်သာ တာဝန်ထမ်းဆောင်လိုကြသည်ဟု ပညာရှင်များက ထောက်ပြကြသည်။
ကျေးလက်ဒေသမဆိုထားနှင့်၊ ဖွံ့ဖြိုးမှုအားနည်းသည့် ပြည်နယ်များရှိ မြို့နယ်ဆေးရုံနှင့် တိုက်နယ်ဆေးရုံများသို့ သွား ရောက်တာဝန်ထမ်းဆောင်ရန်ပင် ဆရာဝန်များအတွက် စိတ် ဓာတ်ကျစရာဖြစ်ရသည်ဟု မြန်မာနိုင်ငံတွင် အဆင်းရဲဆုံးပြည် နယ်ဖြစ်သော ချင်းပြည်နယ်တွင် တာဝန်ထမ်းဆောင်နေသည့် အမည်မဖော်လိုသူ လက်ထောက်ဆရာဝန်တစ်ဦးက ပြောပြသည်။
“ကျွန်တော်တို့ရေရှည် ဒီမှာတာဝန်မထမ်းဆောင်နိုင်ဘူး။ ကျွန်တော်တို့ ကလေးတွေရဲ့ ပညာရေးကလည်းရှိသေးတယ်။ ဒီဘက်မှာက ကလေးတွေရဲ့ပညာရေးကအစ အားရစရာ ဘာမှ မရှိဘူး။ ပြီးတော့ လက်ဖက်ရည်ဆိုင်ဆိုလည်း ဘာမှ ဒီဘက်မှာ ကောင်းကောင်းကန်းကန်းရှိတာမဟုတ်ဘူး။ မီးကလည်း မမှန် ဘူး”ဟု ၎င်းင်းတို့ ကြုံနေရသောအခြေအနေနှင့်ပတ်သက်ပြီး မြို့ နယ်ဆေးရုံတစ်ခုတွင် တာဝန်ထမ်းဆောင်နေသည့် အထက်ပါ လက်ထောက်ဆရာဝန်က ပြောပြသည်။
ကျေးလက်ဒေသများတွင် ဆေးဝါးပစ္စည်း မလုံလောက် မှုနှင့် ပစ္စည်းပစ္စယမစုံလင်သည့်အချက်သည်လည်း စိတ်ပျက် စရာဖြစ်ရသည်ဟု အထက်ပါဆရာဝန်က ထောက်ပြပါသည်။
ကျေးလက်ဒေသအပါအဝင် တစ်နိုင်ငံလုံးကို ခြုံကြည့်မည် ဆိုလျှင်လည်း မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ကျန်းမာရေးလုပ် သား အကြီးအကျယ်ပြတ်လပ်မှုနှင့်ကြုံနေရသည့် နိုင်ငံပေါင်း ၅၇ နိုင်ငံထဲတွင် ပါဝင်နေပြန်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(World Health Organization) ၏ အဆိုအရ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်သာမက ဖွံ့ဖြိုးပြီး နိုင်ငံများရှိ ကျေးလက်ဒေသများပါ အရည်အချင်းပြည့်ဝသော ကျန်းမာရေးလုပ်သား ရှားပါးပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသည် ဟုဆိုပါသည်။
ကမ္ဘာ့လူဦးရေ၏ တစ်ဝက်ကျော်သည် ကျေးလက်ဒေသ များတွင် နေထိုင်နေကြသော်လည်း သူနာပြုဆရာမအားလုံး၏ ၃၈ ရာခိုင်နှုန်းသာ ကျေးလက်ဒေသများတွင် တာဝန်ထမ်းဆောင် နေကြသည်ဟု WHO က ဆိုပါသည်။ ထို့ပြင် ကျေးလက်တွင် တာဝန်ထမ်းဆောင်နေသော ဆရာဝန်အရေအတွက်မှာ စုစု ပေါင်းဆရာဝန်အရေအတွက် အားလုံး၏ ၂၅ ရာခိုင်နှုန်းပင် မပြည့်ဟု ဆိုပါသည်။
ဆရာဝန်နှင့် သူနာပြုအများအပြား ကျေးလက်ဒေသများ သို့ သွားရောက်ပြီး တာဝန်မထမ်းဆောင်လိုသည့်အတွက် နောက်ဆက်တွဲရလဒ်တွေထဲမှ တစ်ခုကတော့ ထိုဒေသများတွင် တာဝန်ထမ်းဆောင်နေသည့် အရေအတွက် နည်းပါးသော ကျန်း မာရေးဝန်ထမ်းများ မနိုင်ဝန်ထမ်းကြရခြင်းပင်ဖြစ်သည်။
ကျန်းမာရေးမှူးများ၏အဆိုအရ ကျေးလက်ဒေသများ တွင် သားဖွားဆရာမတစ်ယောက်သည် အနည်းဆုံး ကျေးရွာငါး ရွာမှ ကျေးရွာပေါင်းနှစ်ဆယ်ဝန်းကျင်အထိ တာဝန်ယူဆောင် ရွက်နေရသည်ဟု ကျန်းမာရေးမှူးများက ပြောပြသည်။
“လူဦးရေနဲ့တွက်လိုက်ရင် ဆရာမတစ်ယောက်ရဲ့ လုပ် နိုင်တဲ့ ဝန်အားထက် တော်တော်လေးများပါတယ်။ အဲဒါကြောင့် အကုန်လုံးကို မလွှမ်းခြုံနိုင်သေးတဲ့အနေအထားရှိပါတယ်”ဟု မောင်တောမြို့နယ်မှ ကျန်းမာရေးမှူးတစ်ဦးဖြစ်သူ ဦးမောင်အေး သာက ပြောသည်။
ကျေးလက်တွင် တာဝန်ထမ်းဆောင်နေရသော ကျန်းမာ ရေးဝန်ထမ်းများ၏ နောက်ထပ်အခက်အခဲတစ်ခုမှာ လမ်းပန်း ဆက်သွယ်ရေးအခက်အခဲနှင့် လမ်းစရိတ်လုံလောက်မှုမရှိခြင်းတို့ဖြစ်သည်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံခင်းတိုက်နယ်ကျေးလက်ကျန်းမာရေးဌာနသည် တောင်ပေါ်ဒေသဖြစ်သည့်အတွက် အရေးကြီးလူနာများ အလွယ်တကူရောက်မလာနိုင်ကြသလို ကျေးရွာများသို့ ကျန်းမာရေးဝန်ထမ်းများ သွားလာရန်မှာလည်း လမ်းစရိတ်မလုံလောက်ဟု လုံခင်းတိုက်နယ်ကျန်းမာရေးမှူး ဒေါ်ခင်မေရီက ပြောပြသည်။
“ကျွန်မတို့ ကုန်ကျတာနဲ့ (အစိုးရဆီကရတဲ့ စရိတ်က)အမြဲတမ်း မညီမျှဘူးပေါ့နော်။ တချို့ကျေးရွာတွေကိုသွားတဲ့အခါ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို အကူအညီတောင်းလိုက်တယ်။ ကျွန်မတို့က လူစိုက်တယ်။ သူတို့က ွှမညျေစသမအအေငသည ကို တာ ဝန်ယူလိုက်တယ်”ဟု ဒေါ်ခင်မေရီက မော်ကွန်းကို ပြောသည်။
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ ကျေးလက်ကျန်းမာရေးဌာနခွဲတစ်ခုတွင် တာဝန်ကျနေသော အမည်မဖော်လိုသည့် ဘက်စုံသားဖွားဆရာမတစ်ဦးကတော့ သူတာဝန်ယူထားသည့် ကျေးရွာများသို့ သွားသည့်အခါတွင် သူတို့လစာထဲမှ အသုံးပြုရ သည်ဟုဆိုသည်။ တခြားသောခံစားခွင့်လည်း သူတို့မှာ မရရှိဟု ဆိုသည်။ သူသည် ကျေးရွာပေါင်း ၁၁ ရွာအား ကျန်းမာရေး စောင့်ရှောက်မှုပေးနေသူဖြစ်သည်။
သူတာဝန်ယူထားသည်မှာ ကျေးလက်ကျန်းမာရေးဌာနခွဲ တစ်ခုဖြစ်သော်လည်း သူနှင့် ကြီးကြပ်ကျန်းမာရေးလုပ်သား တစ်ဦးသာရှိသည်။ ကျန်းမာရေးကြီးကြပ်ရေးလုပ်သား သင်တန်း သွားနေလျှင် သူတစ်ယောက်တည်း လုပ်ဆောင်ရသည်။ ဆေး စာရင်း လချုပ်၊ နှစ်ချုပ်လုပ်ရသည့်အခါတွင် ဆေးကုသမှုပိုင်း၌ အားနည်းသွားသည်များ ဖြစ်တတ်သည်ဟု သူက ဆိုပါသည်။
“ဒီလောက်ကျေးရွာတွေကို သူနာပြုတစ်ယောက်က တာ ဝန်ယူရတယ်ဆိုတော့ များလွန်းတာပေါ့။ ဒီရွာရောက်နေရင် ကျန်တဲ့ရွာတွေ လစ်ဟင်းပြီလေ။ ဒါပေမဲ့ ဘယ်တတ်နိုင်မလဲ၊ ကျတဲ့တာဝန်တော့ ထမ်းဆောင်ရမှာပဲလေ”ဟု သူက ဆိုသည်။
ဝန်ထမ်းလစာနည်းပါးသည့်ကိစ္စကြောင့်လည်း ဝေးလံ ခေါင်ဖျားသောဒေသများတွင် ကျန်းမာရေးဝန်ထမ်းများ တာဝန် ထမ်းဆောင်ရန် စိတ်မဝင်စားခြင်းဖြစ်သည်ဟု ကျန်းမာရေးဝန် ထမ်းများက ဆိုပါသည်။ တာဝန်ကျနေသူများအနေနှင့်လည်း မိမိရပ်ရွာသို့ ပြန်သွားသည့်အခါတွင် တော်ရုံနှင့် ပြန်ရောက် မလာသူများ ရှိတတ်သည်ဟုဆိုပါသည်။
ကျန်းမာရေးဝန်ထမ်းများ သွားလာရန်ခက်ခဲခြင်း၊ ခရီး စရိတ်လုံလောက်မှုမရှိခြင်း၊ ဆေးဝါးပစ္စည်းများ သယ်ယူသည့် အခါတွင် ကျန်းမာရေးဝန်ထမ်းများကိုယ်ပိုင်ဝင်ငွေမှသုံးစွဲနေရသည့်အတွက် မသမာမှုများဖြစ်ပေါ်နိုင်သည်ဟု မကွေးတိုင်းဒေသ ကြီးမှ ကျန်းမာရေးမှူး ဦးတင်လှိုင်မင်းက သုံးသပ်သည်။
“အရင်တုန်းက တောနယ်ကို သယ်တဲ့ ပစ္စည်းတွေကို အစိုးရစရိတ်နဲ့ပဲလေ။ အခုနောက်ပိုင်း အဲဒီသယ်စရိတ်တွေကို ကျန်းမာရေးဝန်ထမ်းတွေက ကျခံရတာပေါ့။ အဲဒါတော့ မကောင်းဘူး။ (အဲဒီမှာတင်) အဲဒီဝန်ထမ်းက FOC (အခမဲ့) မပေးတော့ဘဲ ပိုက်ဆံရအောင် တစ်နည်းနည်းနဲ့ ရှာလာတာ ပေါ့”ဟု သူက ပြောပြသည်။
အပ်ပုန်းထံ ဘဝကို ပုံအပ်ကြခြင်း
အထက်ပါအခြေအနေများကြောင့် နောက်ဆုံးတွင် အပ် ပုန်းများထံမှ ဆေးကုသမှု ခံယူနေကြသည်များလည်း နိုင်ငံ နေရာအနှံ့နီးပါး ရှိနေဆဲဖြစ်ကြောင်း ကျန်းမာရေးဝန်ထမ်းများ နှင့် ကျွမ်းကျင်ပညာရှင်များက ထောက်ပြကြသည်။
အစိုးရမှချပေးထားသော ကျန်းမာရေးဝန်ထမ်းရှိသည့် နေရာများတွင်ပင် အပ်ပုန်းများကို အားကိုးနေကြသည်များ လည်း ရှိပါသည်။
အကြောင်းပေါင်းများစွာရှိသည့်အနက် အပ်ပုန်းနှင့် ခင် မင်ရင်းနှီးနေခြင်း၊ ဆေးခန်းသွားစရာမလိုဘဲ ဖုန်းတစ်ချက်ဆက် လိုက်ရုံနှင့် အိမ်တိုင်ရာရောက် ဆေးထိုးပေးခြင်း၊ လတ်တလော လက်ထဲငွေမရှိလျှင် အကြေးဆေးထိုးနိုင်သည့်အတွက် အပ်ပုန်း နှင့် ဆေးထိုးနေကြခြင်းဖြစ်သည်ဟု ရန်ကုန် တစ်ဖက်ကမ်း ဒလ မြို့နယ်ဆေးရုံမှ ဆေးရုံအုပ်ဒေါက်တာဦးဆန်းသူရအောင်သိန်း က မော်ကွန်းသို့ ပြောသည်။
“ကျွန်တော်တို့ကတော့ လူထုကို အပ်ပုန်းနဲ့ဆေးမထိုးဖို့၊ ဆေးရုံ၊ ဆေးခန်းလာပြဖို့ပြောပါတယ်။ ဒါပေမဲ့ ဒီအပ်ပုန်းနဲ့ ထိုးမှ ကောင်းတယ်ဆိုတဲ့ အယူအဆတွေရှိနေတယ်”ဟု သူက ဆက် လက်ပြောသည်။
ဒေါ်နှင်းရီနေသည့် မာလာကုန်းရွာမှ ခုနစ်မိနစ်ဝန်းကျင် ဆိုင်ကယ်စီးသွားရသည့် တညင်ကုန်းကျေးရွာမှ အသက် ၆၂ နှစ် အရွယ် ဦးသောင်းကတော့ သူတို့ရွာတွင် သူတို့ကဲ့သို့ လက်လုပ် လက်စားများအနေနှင့် အနည်းငယ်မျှနေမကောင်းဖြစ်လျှင် အပ်ပုန်းနှင့်သာ ဆေးထိုးသည်။ ရောဂါဆိုးလာမှ ဆေးရုံ၊ ဆေး ခန်း ပြေးကြသည်ဟု သူက ဆိုသည်။
ဦးသောင်းနှင့်တွေ့ဆုံစဉ်တုန်းက သူသည် လေဖြန်းနေ သလို ခံစားနေရသည်ဟုဆိုသည်။ အနည်းငယ်မျှသာဖြစ်သေး သည့်အတွက် ဆေးခန်းမပြသေး။ ဒီထက် ရောဂါလက္ခဏာများ လာလျှင် အပ်ပုန်းကို လှမ်းခေါ်လိုက်မည်ဟုဆိုသည်။
သူတို့ဆေးထိုးနေသည့် အပ်ပုန်းဆိုသူမှာ သူတို့ရွာသား မဟုတ်။ အနီးအနားရွာတစ်ရွာမှ ဖြစ်သည်။ ထိုသူမှာ ယခင်တုန်း က အရက်အလွန်အကျွံသောက်ကာ ပေတေဆိုးသွမ်းနေသူဖြစ် သည်။ နောက်ဆုံးတော့ အရက်ကြောင့် ဆေးရုံတက်လိုက်ရသည်။ ဆေးရုံတွင် ကာလအတော်ကြာ ဆေးကုသခံခဲ့ရပြီးနောက် ထို သူသည် ဆေးအကြောင်း နည်းနည်းပါးပါးနားလည်လာသည်ဟု ဦးသောင်းအပါအဝင် ဒေသခံအချို့က ယုံကြည်ထားကြသည်။
ဆေးရုံက ဆင်းပြီးနောက်ပိုင်း အပ်ပုန်းလောင်းလျာသည် ဘုန်းကြီးဝတ်လိုက်သည်။ သူ့ဆရာဘုန်းကြီးသည်လည်း ဆေး အကြောင်းနားလည်သူဖြစ်သည်ဟုဆိုသည်။ ဘုန်းကြီးနောက် လိုက်သွားပြီး နှစ်အနည်းငယ်အကြာတွင် ရွာကို ပြန်ရောက်လာ သည်။ ထို့နောက် အရက်မသောက်တော့ဘဲ ဆေးထိုးစားသည့် အလုပ်နှင့် အသက်မွေးဝမ်းကျောင်းလုပ်ကိုင်လာသည်ဟု သူတို့ ဆရာအပ်ပုန်းအကြောင်းကို ဦးသောင်းနှင့် ရွာသားနှစ်ဦးက ပြောပြကြသည်။
“ဆရာမတွေဆီမှာ ဆေးထိုးရင် တစ်ခါနဲ့ မကောင်းဘူး။ သုံး၊ လေးခါထိုးရတယ်။ ဒီဆရာက တစ်ခါထိုးတာနဲ့ကောင်းတယ်။ အချိန်မကုန်တော့ဘူးလေ”ဟု ဦးသောင်းက သူတို့ဆရာ၏ အစွမ်းကို ချီးကျူးသည်။
“သူ့(အပ်ပုန်း)ဆီဖုန်းတစ်ချက်ဆက်လိုက်။ သူ့ဟာသူ လာ ထိုးပေးတယ်။ ပိုက်ဆံမရှိဘူး၊ နောက်မှယူဆိုလည်း ရတယ်”ဟူ ၍လည်း ဦးသောင်းက ဆက်ပြောသည်။
သူတို့ရွာမှ အဘွားကြီးတစ်ယောက်ဆိုလျှင် တင်ပါးမှာ အနာဖြစ်နေသဖြင့် အိပ်ရာပေါ်တွင်လဲှနေရသည်ကို ထိုအပ်ပုန်း က ကုပေးသောကြောင့် ပျောက်သွားသည်ဟုဆိုသည်။
“အဘွားမှာက သူပေးတဲ့ အသက်ပဲရှိတော့တယ်”ဟု ထို အဘွားက ဝင်ပြောပြီး ထောက်ခံချက်ပေးသည်။
အနောက်တိုင်းဆေးဝါးများထဲတွင် ရောဂါပျောက်ကင်း အောင်ကုသခြင်းမဟုတ်ဘဲ ဘယ်ရောဂါမျိုးကိုမဆို လတ် တလော သက်သာအောင် ကုသလို့ရသည့် ဆေးများစွာရှိသည်ဟု Marie Stopes Internaltional မှ မြန်မာနိုင်ငံဆိုင်ရာ ညွှန် ကြားရေးမှူး ဒေါက်တာစစ်နိုင်က ဆိုသည်။
အချို့သောဆေးများက ဘေးထွက်ဆိုးကျိုး များစွာဖြစ်ပေါ် သည့် ဆေးများလည်း ရှိသည့်အတွက် ထိုသို့သော ဆေးများကို အပ်ပုန်းများက သိရှိပြီး သုံးနေလျှင် အ္တနရာယ်များသည်ဟု သူက ဆိုသည်။
အပ်ပုန်းတွေလုပ်လေ့လုပ်ထရှိသည့် ပုံစံမျိုးကိုလည်း ဒေါက်တာစစ်နိုင်က အောက်ပါအတိုင်းပြောပြသည်။
“သူ(လူနာ)အခုခံစားနေရတာ ဘာရှိသလဲ။ ဘာမှစစ်နေ စရာမလိုဘူး။ (ခံစားနေရတဲ့ဝေဒနာ)လျော့သွားအောင် လုပ် လိုက်လို့ရတယ်။ ပြီးရင် သေမလား၊ တီဘီဖြစ်မလား၊ အားနည်း ပြီး ကျန်ခဲ့မလား။ လုံး၀ သူဂရုမစိုက်ဘူး။ ကောက်ထိုးချလိုက် လို့ရတယ်”
အပ်ပုန်းဆီမှာ ဆေးကုသမှုခံယူသည့်အတွက် နောက် ဆက်တွဲ မည်သည့်ရောဂါ၊ မည်သည့်ဆိုးကျိုး များဖြစ်လာမည်ကို ကား သူတို့အနေနှင့် နားမလည်ဟု ဦးသောင်းက ပွင့်လင်းစွာ ဆိုသည်။
“အဓိက မြန်မြန်ပျောက်ဖို့ပဲသိတယ်။ နောက်ဆက်တွဲ ဘာ ဖြစ်မယ်ဆိုတာတော့ ဦးတို့အနေနဲ့ နားမလည်ဘူး။ သိလည်းမသိ ဘူး”ဟု သူက ဆိုသည်။
အပ်ပုန်း ဘာကြောင့်များ
မကွေးတိုင်းဒေသကြီးမှ ကျန်းမာရေးမှူး ဦးတင်လှိုင်မင်း ကတော့ အပ်ပုန်းများ များပြားလာရခြင်းမှာ နဂိုရှိပြီး အပ်ပုန်း များမှ တစ်ဆင့်ပြန်သင်ခြင်း၊ ကျန်းမာရေးဝန်ထမ်းများကိုယ်တိုင် ဆယ်တန်းအောင်၊ ဘွဲ့ရများအား အပ်ပုန်းများဖြစ်အောင် အခ ကြေးငွေယူကာ သင်ပြပေးနေခြင်း၊ မြို့ပေါ်တွင်ရှိသော ဆေး ပညာ လတိုသင်တန်းကျောင်းများမှ သင်ယူပြီး ရွာပြန်ကာ လုပ် စားနေမှုများ ကြောင့် ဖြစ်သည်ဟုဆိုပါသည်။
အပ်ပုန်းထိုးသူများတွင်လည်း စီးပွားရေးအရ အပ်ပုန်းထိုး သူနှင့် လိုအပ်ချက်အရ အပ်ပုန်းထိုးပေးရသူ နှစ်မျိုးရှိသည်။ ထို သူများထဲတွင် စီးပွားရေးအရ အပ်ပုန်းထိုးလုပ်စားသူအား တား ဆီးရန်မှာ အခက်အခဲများရှိသလို ၎င်းင်းတို့ကို သားဖွားသင်တန်း များကဲ့သို့ ခြောက်လသင်တန်းပေးဖို့ဆိုသည်မှာလည်း လုံး၀ မဖြစ်နိုင်ဟု ဦးတင်လှိုင်မင်းက ပြောသည်။
“လက်ရှိဝင်ဆံ့နေတဲ့နေရာက အများကြီးပဲလေ။ ရောဂါ ပေါင်းစုံကုလိမ့်မယ်။ ပိုက်ဆံရမယ်ဆိုရင် အကုန်လုပ်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့လုပ်ကြတာဆိုတော့ သူတို့ကို သင်တန်းပေးပြီးလုပ်ခွင့် ပေးဖို့ဆိုတာက မကောင်းနိုင်ဘူးဗျ”ဟု သူက ဆက်လက်ပြောသည်။
မြန်မာနိုင်ငံတွင် ဆေးဝါး၊ ဆေးထိုးအပ်များကို အလွယ် တကူဝယ်၍ရနေသည်ကလည်း အပ်ပုန်းများအား ထိန်းချုပ်ရေး တွင် စိန်ခေါ်မှုတစ်ခုဖြစ်နေသည်။ အပ်ပုန်းများအား ထိန်းချုပ်ရန် အလွယ်ကူဆုံးမှာ ဆေးဝါးရောင်းသည့်ဆိုင်များမှ ထိန်းချုပ်လျှင် အလွယ်ကူဆုံးဖြစ်နိုင်သည်ဟု ဦးတင်လှိုင်မင်းက ယူဆသည်။
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်းရှိ ကျေးလက် ကျန်း မာရေးဌာနခွဲမှ ဘက်စုံသားဖွားဆရာမ တစ်ဦးကတော့ သူတို့ ဒေသတွင်လည်း အပ်ပုန်းပြဿနာကြီးမား နေသည်ဟုဆိုသည်။
ကျေးရွာများသို့ ကွင်းဆင်းသည့်အခါတွင်လည်း အပ်ပုန်း များ အများအပြား ရှိနေခြင်းကြောင်း ဒေသခံများ၏ ယုံကြည်မှု ကို ရရန်ခက်ခဲသည်ဟုလည်း သူက ဆိုသည်။
“ရွာတစ်ရွာမှာ အပ်ပုန်းက သုံးယောက်လောက်ရှိတယ်။ တချို့ဆို ရွာမှာ အပ်ပုန်းနဲ့ ထိုးတယ်။ မကောင်းလို့ နောက်ဆုံး အချိန်ကျမှ ကျွန်မတို့ဆီ ရောက်လာကြတယ်။ အဲဒီအချိန်ကျမှ ရောက်လာလို့ တစ်ခုခုဖြစ်သွားရင် ကျွန်မတို့ မတတ်လို့၊ မကု တတ်လို့ဆိုပြီး အပြောခံရတာတွေရှိတယ်”ဟု သူက ဆိုသည်။
ရခိုင်ပြည်နယ်နှင့် ကပ်လျက်ရှိနေသော ချင်းပြည်နယ်တွင် လည်း ကျေးလက်ဒေသမှ ဒေသခံအများအပြားသည် အပ်ပုန်း များအပေါ် အကြောင်းမျိုးစုံဖြင့် မှီခိုနေကြရသည်။ အကြောင်း ပေါင်းမြောက်မြားစွာထဲတွင် ကျေးလက်ကျန်းမာရေးဆေးခန်း နှင့် အလှမ်းကွာဝေးမှု၊ ကျန်းမာရေးလုပ်သားများနှင့် တွေ့ဆုံပြီး ဆေးကုသရန် အခွင့်အလမ်းနည်းပါးမှုတို့ကြောင့် မိမိတို့ကျေးရွာ (သို့) ရွာအနီးပတ်ဝန်းကျင်တွင် လက်လှမ်းမီသော အပ်ပုန်းများ ထံတွင် ဆေးကုသမှုခံယူနေကြရသည်။
“မြို့တက်ပြီး ဆေးသွားကုဖို့ကလည်း ဝေးတယ်။ ပြီးတော့ ပိုက်ဆံလည်း အကုန်အကျများဦးမယ်ဆိုတော့ ကိုယ့်ရွာတစ်ဝိုက် မှာ ရှိတဲ့သူကိုပဲခေါ်ပြီး ကုနေကြတာပဲ”ဟု ချင်းပြည်နယ်တောင် ပိုင်း၊ ကန်ပက်လက်မြို့မှ တစ်နာရီကျော် ဆိုင်ကယ်နှင့်သွားရသော လှလောင်းပန်းရွာမှ ရွာလူကြီးဦးနိုင်လောက ပြီးခဲ့သည့်နှစ် နှောင်းပိုင်းတွင် မော်ကွန်းမဂ္ဂဇင်းနှင့်တွေ့ဆုံစဉ် ပြောပြသည်။
ဘယ်သူ့မှာ တာဝန်ရှိ
ကျေးလက်နေပြည်သူများ အသက်မဆုံးရှုံးသင့်သည့် နေရာတွင် မဆုံးရှုံးရအောင် အန္တရာယ်ရှိသော လူများ(သို့) အပ် ပုန်းများထံတွင် ဆေးမကုရန် ပြည်သူလူထုအား ကျန်းမာရေး အသိပညာများ ပို့ပေးခြင်း၊ သိရှိသည့် အသိပညာများအား လိုက် နာဆောင်ရွက်ကျင့်သုံးလာရန် လုပ်ဆောင်သင့်သည်ဟု ဒေါက် တာစစ်နိုင်က အကြံပြုသည်။
“လိုအပ်တဲ့အချိန်မှာ ဆေးရုံသွားရမယ်ဆိုတဲ့အသိရှိဖို့လိုတယ်။ အဲဒီမှာပဲနေ အပ်ပုန်းနဲ့ပဲ ပြ၊ အပ်ပုန်းလက်ထဲမှာပဲ သေ သွားတယ်ဆိုတဲ့ဟာမျိုးတွေက ရှိနေတုန်းပါပဲ”ဟု ဒေါက်တာ စစ်နိုင်က ပြောသည်။
ဖွံ့ဖြိုးဆဲနိုင်ငံအဆင့်မှ မတက်နိုင်သေးသော မြန်မာနိုင်ငံ၏ ပြည်သူလူထုတစ်ရပ်လုံးတွင် ကျန်မာရေးနှင့်ပတ်သက်ပြီး ပြဿ နာကြီးနှစ်ခု အဓိကဖြစ်နေသေးသည်ဟု ဒေါက်တာစစ် နိုင်က ပြောသည်။
“ပိုက်ဆံရော၊ အသိပညာရော နှစ်ခုလုံးဆင်းရဲတယ်။ ဆင်းရဲတော့ အဲဒီအပ်ပုန်းနဲ့ ထိုးတဲ့ ပြဿ နာတွေ တက်တာပဲ”ဟု သူက ဆက်လက်ပြောပါသည်။
ကျန်းမာရေးဝန်ထမ်းများ၏အဆိုအရ ကျေးရွာများသို့ ကျန်းမာရေးအသိပညာပေးဟောပြောပွဲ သွားလုပ်သည့်အခါ တွေ့ရလေ့ရှိသော ပြဿ နာမှာ တက်ရောက်သူနည်းပါးသည့် ကိစ္စ ဖြစ်သည်ဟု ဆိုသည်။ ကာကွယ်ဆေးများတိုက်ကျွေးရန် သွားသည့်အခါတွင်လည်း ရောက်လာသူ နည်းပါးသည်ဟုဆိုသည်။
မြို့ပေါ်မှ ဆရာဝန်ကြီးများ၊ ကျန်းမာရေးမှူးများ လာ ရောက်မှသာ ကျေးရွာတစ်ရွာတွင် လူ ၂၀၊ ၃၀ ဝန်းကျင်ခန့်သာ ရောက်လာတတ်ကြသည်ဟု မင်းပြားမြို့နယ်မှ ဘက်စုံသားဖွား ဆရာမတစ်ဦးက ဆိုသည်။
ထို တက်ရောက်လာကြသူများထဲတွင်လည်း ကျန်းမာရေး အသိပညာကို အမှန်တကယ်စိတ်ဝင်စား၍ တက်ရောက်ကြသူ များ မဟုတ်ကြဟုဆိုသည်။ ကျေးရွာများသို့ မြို့ပေါ်က ဆရာဝန် များ ရောက်လာမည်ဆိုလျှင် ကျေးရွာတွင် လှည့်ပတ်ကာ ဆော် သြလေ့ရှိသည်။ မလာမနေရဆိုသဖြင့်သာ ရောက်လာကြသည်။ စိတ်ဝင်စား၍ ရောက်လာသူက သုံးလေးယောက်မျှသာ ရှိသည် ဟုဆိုပါသည်။
“ကျွန်မတို့နယ်ဘက်မှာ ကျန်းမာရေးဗဟုသုတက Zero လို့တောင် ပြောရမလိုဖြစ်နေပြီ။ အဲဒါလည်း သူတို့မှာ ကျန်းမာ ရေးထက် နေ့စဉ်ထမင်းနပ်မှန်ဖို့က အရေးကြီးတယ်လေ”ဟု သူက ဆိုသည်။
နီးစပ်ရာဆေးမြီးတို၊ အပ်ပုန်းတို့နှင့် ကုသ၍ မရတော့သည့် အခါမှ ဆေးရုံ၊ ဆေးခန်းသို့သွားသောအခါ အချိန်လွန်သွားသည့် အတွက် မသေဆုံးသင့်ဘဲ သေဆုံးကြရသူများလည်း ရှိပါသည်။ သို့သော် ဆေးမြီးတိုနှင့် ကုသသူများကို အပြစ်တင်၍မရဟု ကျန်း မာရေးမှူး ဦးတင်လှိုင်မင်းက ပြောသည်။
လူတိုင်း ကျန်းမာရေးအသိပညာ မြင့်မားရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်သူများက လုပ် ဆောင်ရမည်ဖြစ်သော်လည်း ထိုသို့လုပ်ဆောင်ရာတွင် အား နည်းနေသည့်အတွက်ကြောင့် လူထုကြားထဲတွင် ကျန်းမာရေး အသိပညာ လျော့ပါးနေရခြင်းဖြစ်သည်ဟု ဦးတင်လှိုင်မင်းက ကောက်ချက်ချသည်။
“ဒါ ကျွန်တော်တို့ရဲ့ အားနည်းချက်တွေပေါ့။ ဒါကြောင့် ဆေးမြီးတိုနဲ့ကုကြတာပေါ့”ဟု ၎င်းက ဆိုသည်။ ။
၂၀၁၄-ဒီဇင်ဘာလ-၂၀၁၅-ဇန်နဝါရီလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၁၉) မှ သတင်းဆောင်းပါး ဖြစ်ပါသည်။
ခင်မောင်မြင့် ရေးသည်။

