ရန်ကုန် – ၂၀၂၅ စက်တင်ဘာ ၂၆ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်က ကံထူးမရွာကို စစ်ကော်မရှင်တပ်က ဒီနေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံရှစ်ဦးထက်မနည်း (ခန့်မှန်း) သေဆုံးသွားတယ်လို့ တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) က ထုတ်ပြန်ပါတယ်။
တန့်ဆည်-ကလေးဝ ကားလမ်းဘေးမှာရှိတဲ့ ကံထူးမရွာမှာဖွင့်လှစ်ထားတဲ့ ဓါတ်ဆီဆိုင်နဲ့ အနီးပတ်ဝန်းကျင်ကို ဦးတည်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လတ်တလောတိုက်ပွဲဖြစ်ပွားတာမရှိဘူးလို့ ဒေသခံတော်လှန်ရေးတပ်တွေက အသိပေးပါတယ်။
ဗုံးကျပြီးနောက်မှာ ကံထူးမရွာက ဓါတ်ဆီဆိုင်လည်း မီးလောင်ကျွမ်းခဲ့ပြီး သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေလည်း အများအပြားပျက်စီးနေတာကြောင့် ဒေသကာကွယ်ရေးအဖွဲ့တွေက သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူ အတိအကျရဲ့ စာရင်းကို ကောက်ယူနေဆဲပဲလို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့တချို့က ပြောပါတယ်။
ဗုံးကြဲခံရတဲ့ ကံထူးမရွာဟာ ဒေသတွင်းတိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်တွေ အများအပြားရောက်ရှိနေတဲ့ ဒေသတစ်ခုဖြစ်ပြီး တော်လှန်တပ်တွေရဲ့ စိုးမိုးနယ်မြေမှာရှိနေတာပါ။
စစ်ကော်မရှင်ရဲ့ လော်ဘီ တယ်လီဂရမ်ချယ်နယ်တချို့မှာတော့ ကံထူးမရွာက PDF တပ်စခန်းကို YAK-130 အမျိုးအစား ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြနေကြပါတယ်။
တိုက်နယ်ရဲစခန်းလည်းရှိတဲ့ ကံထူးမကျေးရွာကို ပြီးခဲ့တဲ့နှစ် မတ်လပိုင်းက ဒေသတွင်း PDF တပ်တွေက တိုက်ခိုက်သိမ်းယူထားတာပါ။
ဒီနှစ်ကုန်မှာ ကျင်းပဖို့ရှိနေတဲ့ ရွေးကောက်ပွဲအတွက် နယ်မြေစိုးမိုးမှုတွေ ပြန်လည်ရရှိလိုနေတဲ့ စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့လပိုင်းကစပြီး တော်လှန်ရေးတပ်တွေရဲ့ နယ်မြေတွေအပြင် အရပ်သားပစ်မှတ်တွေကိုပါ လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့်လုပ်ဆောင်လာပါတယ်။
ပြီးခဲ့တဲ့တစ်လထဲမှာပဲ စစ်ကော်မရှင်ဟာ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၂၀ ကျော် ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ပုံစာ – ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ကံထူးမရွာ ဓါတ်ဆီဆိုင်
ဓါတ်ပုံ – တန့်ဆည် ပကဖ

